တရားနာခြင်းနှင့် ရှေးပါရမီဘုန်းကံ
========================
မြတ်ဗုဒ္ဓရဲ့တရားတော်တွေကို ရှေးဘုန်း ရှေးကံရှိတဲ့ ပုဂ္ဂိုလ်တွေသာ နာနိုင်တယ်။
ရှေးဘုန်း ရှေးကံမရှိတဲ့ ပုဂ္ဂိုလ်တွေဟာ တရားကို မနာနိုင်ဘူး။
ဒါကြောင့်မို့ အခုလို တရားကို နာနေရတာဟာ ရှေးကုသိုလ် ကံတရားရှိလို့ပဲ။
အတိတ်ကုသိုလ်ကံတရားရှိလို့ ဒီတရားတွေကို နာရတာ ကျင့်နိုင်တာ။
အတိတ်ကုသိုလ်ကံ မပါရင် ဒီတရားတွေ မနာနိုင်ဘူး။
ကျင့်ချင်တဲ့စိတ်လည်း မပေါ်ဘူး။ မကျင့်နိုင်ဘူး။
ကုသိုလ်မျိုးစေ့ရှိမှ ဒီကုသိုလ်တွေ လုပ်ခွင့်ရှိတာပါ။
ဘုရားရှင်ရဲ့ အဆုံးအမတော်တွေဟာ အပြင်လောကကို ကြည့်ဟောတာမဟုတ်ဘူး၊
ခန္ဓာကို ကြည့်ဟောတာဖြစ်တယ်။
ခန္ဓာဖြစ်စဉ်ကို ဟောတဲ့တရားဖြစ်တဲ့အတွက် သာသနာတွင်းမှာပဲ တွေ့နိုင်တယ်။
ဒါကြောင့် သာသနာတွင်းမှာ လူ့ဘဝကြီးက ရခဲ့တာပေါ့။
လူ့ဘဝရဖို့ဆိုတာ လွယ်သလား၊ ခက်သလားဆိုရင်
ခက်တယ်ဆိုတာ သိရမယ်၊
ဒီလိုဆို ပုခုံးနှစ်ဖက်ကြား ခေါင်းပါတိုင်း လူလို့ ပြောရပါ့မလား၊
လူ့အသိတရားတွေ ရှိထားမှ လူလို့ခေါ်တယ်။
ဘုရားရှင်ကတော့ ကုသိုလ်တရားနဲ့ အကုသိုလ်တရားကို ခွဲခြားသိတတ်တဲ့ ပုဂ္ဂိုလ်ကိုမှ လူလို့ခေါ်တယ်တဲ့။
အေး အကုသိုလ် မှန်သမျှတွေကို ကျူးလွန်မိလို့ရှိရင်…
ဒီပစ္စုပ္ပန်ဘဝရော တစ်သံသရာလုံးရော ဆင်းရဲမှာပဲ။
ဆင်းရဲမယ် ဆိုကတည်းက ကောင်းတဲ့ အာရုံမဟုတ်တော့ဘူး၊ မကောင်းတဲ့ အာရုံပဲ။
မကောင်းတဲ့အာရုံ ဆိုမှတော့ မစင်ကြယ်တော့ဘူး၊
မည်းညစ်ပြီး။
အဲဒီ မည်းညစ်တဲ့စိတ် တနည်းအားဖြင့် မည်းညစ်တဲ့ နာမ်တရားတွေနဲ့ နေသွားတဲ့ ပုဂ္ဂိုလ်များရဲ့ သွားရာလမ်းခရီးသည် ကောင်းတဲ့လမ်းလား ?
မကောင်းတဲ့လမ်းလား?
မကောင်းတဲ့ လမ်းပဲဖြစ်မှာနော်။
လူဖြစ်လာပေမယ့် လူ့အသိ မရရှိခဲ့ခြင်းကြောင့် ဒီပုဂ္ဂိုလ်ရဲ့ လူ့ဘဝရပြီးတော့ နေခဲ့ရခြင်းသည် ရှုံးမှာလား? မြတ်မှာလား?
ရှုံးဖို့ပဲ ရှိတော့တယ်နော်။
ဒါ့ကြောင့် မြတ်စွာဘုရားရှင်က သတ္တ၀ါတွေရဲ့ ဘဝများကို ရုပ်လုံးဖော်ပြတဲ့ အနေနဲ့ ကံနှစ်ခုကို ဟောတယ်နော်။
ကုသိုလ်ကံရယ် အကုသိုလ်ကံရယ် ဆိုပြီး။
ဒီကုသိုလ်ကံ အကုသိုလ်ကံ နှစ်ခုတို့ရဲ့ စွမ်းအားကြောင့် လူတွေဟာ သုဂတိဘဝနဲ့ ဒုဂ္ဂတိဘဝဆိုပြီး လည်နေရတယ် ။
အကုသိုလ်ကံ ကျူးလွန်တဲ့ ပုဂ္ဂိုလ်တွေက ဒုဂ္ဂတိဘဝတွေနဲ့ လည်နေရသလို
အသိရှိရှိနေထိုင်ပြီး ဝိပဿ နာစွမ်းအားတွေ ကြိုးစားပြီး နေထိုင်ရင်တော့ သုဂတိဘဝကနေ မဂ်ဖိုလ်ကို ရအောင် ယူနိုင်ကြမှာဖြစ်တယ်။
မြောက်ဦးဆရာတော်ဘုရားကြီး
No comments:
Post a Comment