ဈေးရောင်းရင်းလဲ
”ဝိပဿနာ” ဆိုတာက နေရာ မရွေး၊ အချိန်မရွေး၊ ဣရိယာပုတ်မရွေး ရှုလို့ရသည်၊ အလုပ်မပျက်၊ အကိုင်မပျက်၊ အထိုင် မပျက် ရှုလို့ ရသည်၊ ဆူဆူပွက်ပွက် အသံတွေကြားမှာ နေလျက်လည်း ရှုလို့ ဖြစ်သည်။ သမထကဲ့သို့ အဝေးသို့ သွား၍ တိတ်ဆိတ်အောင် ဖန်တီးနေဖို့မလို။
ဤသဘောကို မိုးကုတ်ဆရာတော်ကြီးက မကြာခဏ ပြောတတ်သည်၊ တောထဲကို ထွက်ပြီး တရားအားထုတ်မှ ဝိပဿနာဖြစ်သည်_ဟု ထင်မှာစိုး၍ မိန့်နေခြင်း ဖြစ်ပေလိမ့်မည်၊ တစ်နေ့တွင်_
”မောင်အောင်ချီတို့… မင်းတို့ကို ခဏ ခဏ သတိပေးနေရတယ်၊ လှညွန့်ကိုလဲ ပြောနေရတာပဲ၊ တရားနဲ့ အချိန်များများ နေဖြစ်ကြရဲ့လား_ လို့”
”မှန်ပါ ဈေးရောင်းရတာကလဲ တစ်ဘက်ဆိုတော့ အချိန်ပြည့်တော့ မရဘူး ဘုရား…”
”အို… ဈေးရောင်းရင်းလဲ တရားရှုလို့ ရတာပဲကွ၊ ဆိုင်ထိုင်နေရင်းလဲ တရားရှုနေပေါ့၊ အရောင်း အဝယ် ပြောကြတော့လဲ ပြောတဲ့စကားသံတွေ ပျောက်_ ပျောက်ကုန်တာပဲ၊ အဲဒါကို ဖြစ်ပျက် ရှုပေါ့ကွ” တဲ့။
ဤသို့လျှင် ဝိပဿနာကို အချိန်၊ နာရီ၊ နေရာမရွေး၊ ဣရိယာပုတ်မရွေး ရှုနိုင်ကြောင်းကို မိန့်တော်မူလေ့ ရှိပါသည်။
မိုးကုတ်ဆရာတော်ဘုရားကြီး၏ တစ်ဘဝသာသနာ၊ စာ_၃၂၀
အရှင်ဃောသိတ
No comments:
Post a Comment