Wednesday, November 28, 2018

နိဗ္ဗာန်ရချင်ရင်_ပထမဒုက္ခသိရမယ်

" #နိဗ္ဗာန်ရချင်ရင်_ပထမဒုက္ခသိရမယ် "
     ➖➖➖➖➖➖➖➖➖➖
    ( #မိုးကုတ်ဆရာတော်ဘုရားကြီး)
       ➖➖➖🙏🙏🙏➖➖➖
⏩⏩ ဒုက္ခမသိဘဲနဲ့ သုခနိဗ္ဗာန် ရချင်တယ်ဆိုရင် ဟုတ်ကို မဟုတ်သေးဘူး ၊ ဒုက္ခဆိုတာ
လည်း တခြားမှာ မဟုတ်ဘူး ၊ " ဒုက္ခသစ္စာ ဆိုတာ မိမိခန္ဓာမှာ ဖြစ်ပေါ်နေတဲ့ ပဋိစ္စသမုပ္ပါဒ်ပဲ ၊ ဆိုတာ မှတ်လိုက်ကြ " ရှင်းပြီလား ။

🔵 " ပဋိစ္စသမုပ္ပါဒ် မသိတော့ ဒိဋ္ဌိ အုပ်ချုပ် ခံနေရတယ် ၊ ခင်ဗျား ဒါလေးကို မြင်ဖူးသလား ••• ငါ မမြင်ဖူးဘူးတဲ့ ၊ ဘယ်သူ့ကို သိသလား ဆိုတော့ ••• ငါမသိဘူး" တဲ့ ၊ ဘယ်နေရာ မဆို ဒိဋ္ဌိ အုပ်ချုပ်မှု မလွတ်ဘူး ၊ မြင်တာ ငါမြင်တာ ၊ ကြားတာလည်း ငါ ၊ သိတာလည်း ငါ ၊ ဒီ ငါတွေလာတာ ဒိဋ္ဌိ အုပ်ချုပ်လို့ပဲ ၊သဘောပါကြပြီလား ၊
          ဒါကြောင့် ဒီ ဒိဋ္ဌိ ပြုတ်အောင် ကြိုးစားကြ ၊ ပထမ ဥာတပရိညာ ( သိမှု)  နဲ့ ပိုင်းခြား ၊ ဒုတိယ တိရဏပရိညာ ( ပွားမှု)  နဲ့ ပိုင်းခြား ၊ တတိယ ပဟာနပရိညာ ( ပယ်မှု)  နဲ့ ပိုင်းခြား သိရမယ် ၊ ဒီအစဉ်အတိုင်း ကြိုးစားရမယ့် အလုပ်ချည်းပဲ ၊ ရိပ်မိပြီလား ။

🔵 " နိဗ္ဗာန် ရချင်တယ်ဆိုရင် ပဋိစ္စသမုပ္ပါဒ် ဒုက္ခသစ္စာ သိပြီးမှ နိဗ္ဗာန်လိုချင်တာ အစစ်ပဲဆိုတာ သဘောပါပြီလား ၊ ဘုရားရှင်က ဗောဓိပင် နဲ့ ရွှေပလ္လင် မှာ ပဋိစ္စသမုပ္ပါဒ်ကို အပြန်ပြန် သုံးသပ်တော်မူပြီး ငါနေခဲ့တာဟာ ဒုက္ခနဲ့ နေခဲ့တာ သိပြီး ၊ ဒုက္ခချုပ်လို့ ဘုရားဖြစ်တာပဲလို့ မိန့်တော်မူတယ် " ဘုရားဖြစ်တာ ပဋိစ္စသမုပ္ပါဒ်ဆုံးလို့ ဖြစ်တာ ၊ ဒါကြောင့် မဂ်ရချင်ရင် ပဋိစ္စသမုပ္ပါဒ် ဆုံးအောင် လုပ်ရမယ် ဆိုတာ ပေါ်ပြီလား ။

⏩⏩ ကိုင်း _ ရှုနည်း ပြောကြစို့ ••• ဒကာ ဒကာမတို့ ခန္ဓာမှာ စားချင်တဲ့ စိတ်ကလေး ပေါ်လာတယ် ၊ စားချင်လို့ စားတော့ ••• ကောင်းတယ်ဆိုတာ လာချင်လည်း လာမယ် ၊ မြင်စိတ်လာလည်း မြင်တယ် ••• ကောင်းတယ် ၊ ဆိုးတယ် စတဲ့ ရုပ်နာမ် အစဉ်တွေဟာ အမြဲတန်း တန်းပြီး ဖြစ်နေတာပဲ ရှိတယ် ၊ ဒီလို ရုပ်နာမ် အစဉ်တွေ သိမ်းတာက နိဗ္ဗာန်ခေါ်တာပဲ ၊ ရှင်းပြီလား ။
           အဲဒီတော့ ခန္ဓာမှာ ဘာစိတ်ပေါ်ပေါ် ပေါ်လာတာ ဖြစ်ပျက် ရှုရမယ် ၊ ဥပမာ ••• စားချင်တဲ့စိတ်က ပေါ်လာ ၊ အစာကို လှမ်းယူလိုက်တော့ စားချင်စိတ်ချုပ် ၊ လှမ်းယူစိတ်ပေါ် ၊ စားလိုက်ပြန်တော့ စားသိစိတ်ပေါ် ၊ လှမ်းယူချင်စိတ် ချုပ် ၊ မျိုချတော့ စားသိစိတ် ချုပ် ၊ မျိုစိတ် ပေါ် ၊ အဲဒီနည်းအတိုင်း ဘာပေါ်ပေါ် တစ်ခုခု မိအောင် ရှုပေးရမယ် ၊ ရှုဥာဏ်နဲ့ ကြည့်တော့ စိတ်ကလေးတွေဟာ ဖြစ်ပြီး ပျက်တာချည်း တွေ့မြင်ရမယ် ရှင်းကြရဲ့လား ။
          အဲဒီလို ရှုဥာဏ်ဝင်တော့ စိတ်ကလေးက ဖြစ်ပျက် ၊ ရှုတာက မဂ် ၊ ဒီဖြစ်ပျက် အစဉ်မှာ ဥာဏ်အမြင်နဲ့ ပိုင်းခြားနေရမယ် ၊ ရှေ့က ဖြစ်ပျက် ဒုက္ခသစ္စာ ၊ ဒါကို မဂ်နဲ့ ပိုင်းခြားတော့ ဒုက္ခမဆက်ဘူး ၊ ဒီလို ဒုက္ခတန်း မဆက်အောင် မဂ်က လုပ်ပေးတာပဲ ၊ "  ဒုက္ခမဆက်အောင် မဂ်က လုပ်တော့ ဒီဘက်က နိရောဓပေါ်တယ် ၊ အဲဒါကြောင့် ဒုက္ခနိရောဓော နိဗ္ဗာနံ " လို့ ဟောတော်မူတာလို့ မှတ်ကြ ။

⏩⏩ ဒကာ ဒကာမတို့ ဒုက္ခမှ မသိတဲ့သူဟာ ဒုက္ခလွတ်ရာ နိဗ္ဗာန် မရနိုင်ဘူးဆိုတာ မြဲမြဲမှတ်ကြ ၊
ဥပမာဆိုရင် ••• ထောင်ကျနေတဲ့ သူဟာ သူ့ကိုယ်တိုင်က ထောင်ကျနေတာ ၊ ကျမှန်းမသိရင် ••• လွတ်ချင်တဲ့ စိတ်လာနိုင်ပါ့မလား ၊ မလာနိုင်ပါဘူး ၊ ဒီဥပမာ အတူပါပဲ ၊ မိမိမှာ ဒုက္ခရှိနေတာ ဒုက္ခရောက်နေတာ ရောက်မှန်း မသိသေးရင် ဒုက္ခလွတ်လိုတဲ့စိတ် မလာနိုင်ဘူးဆိုတာ ပေါ်ပြီလား ၊ ဒုက္ခမသိရင် ဒုက္ခလွတ်ရာ နိဗ္ဗာန် မရောက်နိုင်ဘူး ၊ ရှင်းပြီလား ။

⏩⏩ နိဗ္ဗာန်ဆိုတာဟာ ဒုက္ခ ပြတ်သွားတဲ့ သဘော ၊ ဒုက္ခတွေ ပြတ်သွားတဲ့ သဘောဟာ နိဗ္ဗာန်ပဲ ၊ တစ်ချို့က နိဗ္ဗာန်ဆိုတာ ဘာမှမရှိဘူးတဲ့ ၊ လေလိုဘဲတဲ့ ၊ ထင်မိထင်ရာ ပြောတတ်ကြတယ် ၊ ဘာမှ မရှိတာ မဟုတ်ဘူး ၊ ••••
🔵 " ဒုက္ခမရှိတာဟာ နိဗ္ဗာန်ပဲလို့ မြဲမြဲမှတ်ကြ ၊ ဒုက္ခတွေပြတ်ပြီး သုခသက်သက်သာ ရှိတယ် ၊ ဒါကြောင့် နိဗ္ဗာန်ဟာ သုခ သက်သက်သာ ရှိတယ် ဆိုတာ မှတ်ထားကြ ။

⏩⏩ ဒုက္ခကို ဘယ်လိုသိရမလဲ ဆိုရင် ••• ခန္ဓာမှာ အခုပေါ်တာကို အခု ဒုက္ခသစ္စာလို့ သိရမယ် ဆိုတာမှတ်ကြ ၊ ခန္ဓာမှာ ပေါ်ဆဲကို ဒုက္ခပဲလို့ သိရမယ် ၊ ဒီလို သိတော့ အခုပေါ်တာက ဒုက္ခသစ္စာ ၊ သိတာက မဂ္ဂသစ္စာ ၊ ဒါကြောင့် ပေါ်လာသမျှ ရှုပေး ၊ ဒုက္ခနောက်က မဂ်လာပါစေ ၊ ဒုက္ခနဲ့ မဂ်နဲ့သာ တန်းစေရမယ် ၊ ရှင်းကြပြီလား ။ 

No comments:

Post a Comment