Thursday, November 29, 2018

ဖားအောက် တောရဆရာတော်ဘုရား အဖြေ

ရဟန်းတပါးရဲ့အမေး။ ။ ၀ိပဿနာ ယာနိကလမ်းစဉ်သည် အဘယ်ကဲ့သို့သော ပုဂ္ဂိုလ်များ ကျင့်သုံးရမည်ဟု မြတ်စွာဘုရား ဟောကြားခဲ့တော်မူပါသလဲ ဘုရား။

ဖားအောက် တောရဆရာတော်ဘုရား အဖြေ

အဲဒါကတော့ ပုဂ္ဂိုလ်အမျိုးမျိုးရှိပါတယ် ဘယ်ပုဂ္ဂိုလ်သာ ဒီလိုရှုရမယ်ဆိုတဲ့ သတ်မှတ်ချက်ကတော့ စာမှာ အတိအကျတော့ မရှိပါဘူး။ ဥပမာ သုတိမသုတ္တန်မှာလာတဲ့ ရဟန်းတော်ငါးရာ မထေရ်မြတ်ကြီးတွေ သူတို့က သူတို့ရဲ့သာသနာဘောင် ၀င်လာတဲ့အခါ သူတို့ရဲ့ စဉ်းစားခန်းက ဘာလဲဆိုတော့ အသက်အရွယ်လည်း ကြီးပြီ မသေခင်လေးမှာ အရဟတ္တဖိုလ်ကိုတော့ ပြီးသွားချင်တယ်။ ဒီတော့ သမထတွေ အားထုတ်နေခဲ့မယ်ဆိုလို့ရှိရင်တော့ တော်တော်လေး အချိန်ကုန်သွားပါလိမ့်မယ် တို့က အသက်အရွယ်ကြီးလာမှ သာသနာကို ၀င်လာတာ ဖြစ်တယ်။ ဒါကြောင့် သာသနာဘောင်မှာ ၀ိပဿနာဘာဝနာ ကမ္မဋ္ဌာန်းကိုသာ တို့ကြိုးစားမယ်လို့ ဒီလိုတိုင်ပင်ပြီးတော့ သူတို့က သုဒ္ဓ၀ိပဿနာယာနိက လမ်းစဉ်ကို သူတို့ရွေးချယ်ကြပါတယ်။ သူတို့ရွေးချယ်တဲ့အတိုင်းလည်း သူတို့ပါရမီအားလျှော်စွာ အရဟတ္တဖိုလ် တည်သွားပါတယ်။ ဒါက သူတို့ရဲ့ ဆန္ဒပဲ။

တချို့ပုဂ္ဂိုလ်တွေကျတော့ တပည့်တော် ခဏခဏ ပြောဖူးပါတယ်။ ပထမဈာန်သမာဓိကို အခြေခံပြီးတေ့ ၀ိပဿနာဘာဝနာ ကမ္မဋ္ဌာန်းကို စည်းဖြန်းတဲ့အတွက် အရဟတ္တဖိုလ် တည်သွားတဲ့ မဟာတိဿကိုယ်တော်ကြီးလိုလည်း ရှိတယ်။ အရှင်သုမုနိတို့လို တတိယဈာန်ကို မေတ္တာဈာန်တွေကို အခြေခံပြီး ၀ိပဿနာဘာဝနာ ကမ္မဋ္ဌာန်းကို စည်းဖြန်းတဲ့အတွက် အရဟတ္တဖိုလ် တည်သွားတဲ့ ပုဂ္ဂိုလ်တွေလည်း ရှိတယ်။ အရှင် ရဋ္ဌသာရတို့လို စတုတ္ထဈာန်သမာဓိကို အခြေခံပြီး ၀ိပဿနာဘာဝနာ ကမ္မဋ္ဌာန်းကို စည်းဖြန်းပြီး အရဟတ္တဖိုလ် တည်သွားတဲ့သူတွေလည်း ရှိတယ်။ အရှင်အနန္ဒာတို့လို သမာပတ် ရှစ်ပါးကို အခြေခံပြီး ၀ိပဿနာ ဘာဝနာ ကမ္မဋ္ဌာန်းစည်းဖြန်းလို့ အရဟတ္တဖိုလ် တည်သွားတဲ့ ပုဂ္ဂိုလ်တွေလည်းရှိတယ်။ တချို့ပုဂ္ဂိုလ်တွေကျတော့ အရှင်နုရုန္ဓာတို့လို ပုဂ္ဂိုလ်တွေကျတော့ အဘိဉာဉ်ကို အထူးသဖြင့် ဒိဗ္ဗစက္ခုအဘိဉာဉ်ကို အခြေခံပြီး ၀ိပဿနာကမ္မဋ္ဌာန်း စည်းဖြန်းလို့ အရဟတ္တဖိုလ်တည်သွားသူတွေလည်း ရှိတယ်။ ဘယ်ပုဂ္ဂိုလ်ကတော့ ဘယ်လိုရှုရမယ်လို့ စသည်ဖြင့် အတိအကျ သတ်မှတ်ချက် မရှိဘူး။ မိမိတို့ ဆန္ဒရှိသလို ရွက်ဆောင်နိုင်ပါတယ်။

သို့သော် သုဒ္ဓ၀ိပဿနာ ယာနိကလမ်းကို ရှုလိုက်တယ် ရှုလိုက်တဲ့အခါ ရုပ်တွေ နာမ်တွေ ရှုလို့ရပြီး ပဋိစ္စသမုပ္ပါဒ် ရှုတဲ့အခါကျမှ ထစ်နေတဲ့ ယောဂီတွေ သွားတွေ့ရပြန်တယ်။ အဲဒီလို ထစ်ပြီဆိုရင် သူ့ကို သမထတခုခု သင်ပေးရတာလည်း တော်တော်ကြီးကို ခက်ပြန်တယ်။ ဘာဖြစ်လို့ခက်လဲ ပဋိစ္စသမုပ္ပါဒ် ရှုကွက် ရှုတဲ့ပုဂ္ဂိုလ်ဟာ အဇ္ဈတ္တ(အတွင်း) ဗဟိဒ္ဓ (အပြင်) နှစ်ဋ္ဌာနလုံးမှာ ရုပ်ပရမတ် နာမ်ပရမတ်တွေကို ဟုတ်တိုင်းမှန်စွာ ရှုပွားပြီးမှ ပဋိစ္စသမုပ္ပါဒ် ရှုကွက်ကို ပို့ရတာဖြစ်တော့ ရုပ်ပရမတ် နာမ်ပရမတ်တွေကို ပရမတ်ဆိုက်အောင် ရှုတတ်တဲ့ ပုဂ္ဂိုလ်က အဇ္ဈတ္တ ဗဟိဒ္ဓတွေကို လှမ်းရှုလိုက်ရင် အကုန်လုံး ကလာပ်အမှုန်တွေ ဖြစ်နေတယ်။ အဲဒီတော့ သူ့ကို ကသိုဏ်းတခုခု သင်ပေးလိုက်ရင် စိုက်လိုက်တာနဲ့ ကသိုဏ်းဝန်းက ရုပ်ကလာပ် အမှုန်အကုန်လုံး ဖြစ်ကုန်တယ်။ အဲဒီတော့ ဒီပုဂ္ဂိုလ်က သုဒ္ဓ၀ိပဿနာ ယာနိကလမ်းက သွားရင် အရဟတ္တဖိုလ် ရလိမ့်မယ်လို့ ဘုန်းကြီးတို့က ဉာဏ်စွမ်းဉာဏ်စကလည်း မရှိပြန်ဘူး။ ဒီလို ဉာဏ်စွမ်းဉာဏ်စ ဆိုတာကလည်း ဘုရားရှင် သန္တာန်မှာသာ ရှိတာပါ။

ဥပမာ ရှင်သာရိပုတ္တရာက ရုပ်ရည်သန့်ပြန့်နေတဲ့ သူ့ရဲ့တပည့်လေးတဦးရတော့ အသုဘကမ္မဋ္ဌာန်းကို သင်ပေးတယ် တ၀ါတွင်းလုံး အားထုတ်တာ ဘာမှ မဖြစ်ဘူး အလင်းရောင်လေးတောင် ပေါ်မလာဘူး။ ၀ါကျွတ်တော့ ဘုရားရှင်ထံခေါ်သွားတော့ ဘုရားရှင်က ကဲနင့်တပည့် ငါ့ဆီမှာ ထားခဲ့တော့ ညနေကျရင် ရဟန္တာဖြစ်နေတာ သင်တွေ့ရလိမ့်မယ်လို့ ဒီလိုအမိန့်ရှိလိုက်တယ်။ ဘာလုပ်ပေးလဲ ဘုရားရှင်က လှည်းဘီးပမာဏ ရှိတဲ့ ပဒုမ္မာကြာပန်းကြီးတခု အင်မတန်လှတဲ့ အရောင်အဖြစ် ဖန်ဆင်းပြီးတော့ ပေးလိုက်တယ်။ အဲဒီပဒုမ္မာကြာပန်း နီနီရဲရဲကြီးကို ကြည့်ပြီးတော့ အနီရောင်ကသိုဏ်းရှုဖို့ကိုလည်း သင်ပေးလိုက်တယ်။ အဲဒါကြီး မြင်လိုက်ကတည်းက စိတ်က အင်မတန် ကြည်နူးဝမ်းသာပြီးတော့ ရှုလိုက်တာ စတုတ္တဈာန် ချက်ချင်းပေါက်သွားတယ်။ စတုတ္ထဈာန်လည်း ပေါက်ရောဝိပဿနာ ကူးပေတော့ဆိုပြီး ဘုရားရှင်က လင်းရောင်ခြည် ရောင်ခြည်တော် လွှတ်ပြီးတော့ ပြောလိုက်တဲ့အခါမှာ ၀ိပဿနာ ရှုလိုက်တာ ညနေခင်းရောက်တော့ အရဟတ္တဖိုလ် တည်သွားတယ်။ ရှင်သာရိပုတ္တရာတောင် မသိနိုင်ဘူးဆိုရင် ဘုန်းကြီးတို့သိဖို့ လွယ်ပါ့မလား။ မလွယ်တာထက် မဖြစ်နိုင်ဘူးဆိုတာက ပိုကောင်းမယ်ထင်တယ်။
ဟုတ်တယ်မဟုတ်လား ဘယ်လိုမှ မဖြစ်နိုင်ပါဘူး ဒါကြောင့် ရမ်းသင်ရတာပဲ။

အဲဒီတော့ ဘယ်ပုဂ္ဂိုလ်က ဘယ်ကမ္မဋ္ဌာန်းနဲ့ သင့်တော်တယ်ဆိုတာလည်း တပည့်တော်တို့ဘက်က မချိန်ဖြတ်နိုင်ပါဘူး။ ဘာဖြစ်လို့လဲ သူ့ရဲ့ဝါသနာစရိုက် သိဖို့ဆိုတာ အတော်ခက်တယ်။ ရှင်သာရိပုတ္တရာတောင်မှ မသိနိုင်တာကို တပည့်တော်တို့လည်း မသိနိုင်ပါဘူး အဲဒါကြောင့် ဘယ်ပုဂ္ဂိုလ်က ဘယ်ကမ္မဋ္ဌာန်းနဲ့ သင့်တော်တယ်ဆိုတာ မသိနိုင်ပေမဲ့ တပည့်လုပ်တဲ့ပုဂ္ဂိုလ်နဲ့ ဆရာနဲ့ ဆွေးနွေးပြီးတော့မှ အရှင်ဘုရား ဘာကမ္မဋ္ဌာန်း အားထုတ်ချင်လဲလို့ အဲလိုဆွေးနွေးလိုက်တဲ့အခါမှာ တပည့်တော်က အာနာပါန ကြိုက်တယ်ဆိုရင် အာနာပါနကို သင်ပေးလိုက်တာပဲ။ ဓာတ်ကမ္မဋ္ဌာန်းကြိုက်တယ်ဆိုရင်လည်း ဓာတ်ကမ္မဋ္ဌာန်း သင်ပေးလိုက်တာပဲ။ သို့သော် ဓာတ်ကမ္မဋ္ဌာန်းသင်ပေးပြီ ဆိုရင်တော့ ဘုန်းကြီးက အတွေ့အကြုံတွေ များနေတော့ ကသိုဏ်းတခုလောက်တော့ ဆက်ပြီးသင်ပေးတယ်။

ဘယ်လိုသင်လဲဆိုတော့ ဓာတ်ကမ္မဋ္ဌာန်း ရှုလိုက်လို့ ဥပစာရသမာဓိအဆင့် ရောက်တဲ့အခါ ခန္ဓာကိုယ်က အကြည်ဓာတ် အတုံးအခဲအဖြစ် တွေ့တဲ့အခါမှာ အကြည်ဓာတ်ကို ဓာတ်လေးပါး သိမ်းဆည်းလိုက်ရင် အလင်းရောင်ခြည်တွေ တဖြတ်ဖြတ် ထွက်လာပါတယ်။ အဲဒီအချိန်ခါလေးမှာ ကလာပ်တွေကို မမြင်ခင်လေးမှာ ၃၂ ကောဋ္ဌာသကို မြင်အောင် ရှုခိုင်းလိုက်တော့ ရှုလို့ရပြီ ၃၂ ကောဋ္ဌာသထဲက အဇ္ဈတ္တ(အတွင်း) ဗဟိဒ္ဓ (အပြင်) ရှုလို့ ရပြီးတဲ့ ပုဂ္ဂိုလ်ကို ၃၂ ကောဋ္ဌာသထဲက အရိုးကောဋ္ဌာသ တခုကို အာရုံယူပြီး အဖြူရောင်ကသိုဏ်းလောက်ကို သင်ပေးလိုက်လို့ စတုတ္ထဈာန်လောက် ပေါက်ပြီဆိုရင် အဲဒီ စတုတ္ထဈာန်ကို အခြေခံပြီး ၀ိပဿနာ ကူးပေးရင်တော့ ချောချောမောမော သွားတဲ့ပုဂ္ဂိုလ် များပါတယ်နော်။

ဒါကြောင့် ဓာတ်ကမ္မဋ္ဌာန်းကြိုက်ရင်လည်း ဓာတ်ကမ္မဋ္ဌာန်း အာနာပါန ကြိုက်ရင်လည်း အာနာပါန တချို့ကလည်း တခြားကမ္မဋ္ဌာန်းတွေ ကြိုက်တဲ့သူလည်း ရှိတော့ ရှုပါ ကြိုက်လို့ရှိရင် ကြိုက်တဲ့ကမ္မဋ္ဌာန်းကို သင်ပေးလိုက်တယ်။ တချို့လည်း ဂုဏ်တော်ကမ္မဋ္ဌာန်းတွေ ပွားရတာ စိတ်ကြည်နူးတယ် အလင်းရောင်တွေ အားကောင်းတယ်ဆိုတော့ ကောင်းတယ် ရှုသာရှု ရှုလို့စိတ်က ငြိမ်လာပြီ အလင်းရောင်တွေ အားကောင်းလာပြီဆိုရင် ၃၂ ကောဋ္ဌာသကို ပြောင်းပေးလိုက်တယ်။ ၃၂ ကောဋ္ဌာသ ရှုလို့ရရင်တော့ ကသိုဏ်းဘက်ကို ပြောင်းပေးလိုက်တာပဲ။ နှစ်ခြိုက်သလို ရှုလို့ရပါတယ်။

သို့သော် ဘာကြောင့် ဒီကသိုဏ်းဈာန်တခုကို သင်ပေးနေရသလဲဆိုတော့ စတုတ္ထဈာန် သမာဓိက သုတ္တန်အတော် ခပ်များများမှာ ချီးမွမ်းထားပါတယ်။ စတုတ္ထဈာန် သမာဓိကြောင့် (သို့) စတုတ္ထဈာန် သမာဓိနဲ့ ယှဉ်တွဲနေတဲ့ဉာဏ်ရဲ့စွမ်းအား အရှိန်အာနုဘော်ကြောင့် ဖြစ်ပေါ်လာတဲ့ စိတ္တဇ ရုပ်ကလာပ်တွေ ရှိပါတယ်။ အဲဒီစတ္တဇ ရုပ်ကလာပ်တွေက တကိုယ်လုံး အနှံ့အပြား ဖြစ်နေတယ်။ ဖြစ်နေတဲ့ ဒီရုပ်ကလာပ်တိုင်းကို ဓာတ်ခွဲရင် ပထ၀ီ၊ တေဇော၊ အာပေါ၊ ၀ါယော၊ အဆင်း၊ အနံ့၊ အရသာ၊ သြဇာဆိုပြီး သဘောတရား ရှစ်ခုရှိတော့ အဲဒီထဲမှာပါတဲ့ ၀ဏ္ဏဓာတ်ရူပါရုံက ကြည်လင်တောက်ပတဲ့သဘောရှိတယ်။ တခါ ဒီစိတ္တဇ ကလာပ်တိုင်းမှာ တေဇောဓာတ်ပါတယ် အဲဒီတေဇောဓာတ်တိုင်းကလည်း ဆက်ကဲရုပ်ကလာပ် အသစ်တွေကို ဖြစ်စေတယ်။ ရုပ်ကလာပ် အသစ်အသစ်တိုင်းကိုလည်း ဓာတ်ခွဲရင် သဘောတရားရှစ်ခု အဲဒီရှစ်ခုထဲက ၀ဏ္ဏဓာတ် ရူပါရုံကလည်း ကြည်လင်တောက်ပတဲ့သဘောရှိတယ် အဲဒီစိတ္တဇ ရုပ်ကလာပ်နဲ့ စိတ္တပစ္စယ ဥတုဇရုပ်ကလာပ်တိုင်းမှာ ပါနေတဲ့ ၀ဏ္ဏဓာတ်ရူပါရုံ နှစ်မျိုးတို့ရဲ့ အပေါင်းအစု အတုံးအခဲကို ဉာဏ်ရောင်လို့ ခေါ်ပါတယ်။

ဥတုဇရုပ်ကလာပ်တွေကြောင့် ဖြစ်ပေါ်တဲ့ ဉာဏ်အရောင်အလင်းကတော့ အဇ္ဈတ္တ (အတွင်း) တင်မက ဗဟိဒ္ဓ (အပြင်) အထိ ပြန့်ထွက်သွားတယ်။ စိတ္တဇရုပ်ကလာပ်အတွင်းမှာ ရှိတဲ့ ဉာဏ်အရောင်အလင်းကတော့ ခန္ဓာကိုယ် အဇ္ဈတ္တထဲမှာပဲ ပြန့်နှံ့တည်ရှိပါတယ်။ အဲဒီဉာဏ်အရောင်အလင်းရဲ့ အကူအညီဖြင့် ဓာတ်ကမ္မဋ္ဌာန်းကို စနစ်တကျရှုမယ် နာမ်တရားတွေကို စနစ်တကျရှုမယ်၊ ကြောင်းကျိုးဆက်စပ်မှု ပဋိစ္စသမုပ္ပါဒ်ကို ရှုမယ်ဆိုရင် ပိုမိုပြီးလွယ်ကူတဲ့အတွက် သုတ္တန်တော်တော်ခပ်များများမှာ ဘုရားရှင်က စတုတ္ထဈာန်ရဲ့ ဂုဏ်အင်္ဂါရှစ်ပါးကို ချီးမွမ်းမြှောက်စားတော်မူလေ့ရှိတယ်။(ပါဠိရွတ်) အဲဒီစတုတ္ထဈာန် ဂုဏ်အင်္ဂါရှစ်ပါးနဲ့ ပြည့်စုံအောင် ပွားများထားပြီးတဲ့အခါကျမှ သစ္စာလေးပါးကို ဟုတ်တိုင်းမှန်စွာ သိမြင်လာမယ်ဆိုတဲ့အကြောင်း ဘုရားရှင် ကိုယ်တော်တိုင်က ဟောထားပါတယ်။ ဒါကြောင့် ဒီဒေသနာတွေကို ဦးထိပ်၍ပန်ဆင်ပြီး ဘုန်းကြီးတို့လည်း များသောအားဖြင့်တော့ အနည်းဆုံး ယောဂီပုဂ္ဂိုလ်က အချိန်မရခဲ့ရင် စတုတ္ထဈာန်လောက်အထိတော့ သင်ပေးပါတယ်။

ဘယ်လိုပုဂ္ဂိုလ်က ဘယ်လိုရှုမှ နိဗ္ဗာန်ရမယ် မိမိဉာဏ်နဲ့ ထိုးထွင်းသိလို့ သင်ပေးတာမျိုးတော့ မဟုတ်ပါဘူးနော်။ ဒါကြောင့် ဘယ်ပုဂ္ဂိုလ်က သုဒ္ဓ၀ိပဿနာယာနိကလမ်း လိုက်သင့်တယ်၊ ဘယ်ပုဂ္ဂိုလ်က သမထယာနိကလမ်း လိုက်သင့်တယ်ဆိုတဲ့ တပည့်တော်တို့မှာ ဆုံးဖြတ်နိုင်တဲ့ အသိဉာဏ် မရှိပါဘူး။ ယောဂီပုဂ္ဂိုလ်နှစ်ခြိုက်သလို အားထုတ်နိုင်ပါတယ်။

(ဓမ္မမိတ်ဆွေတဦး ပို့ပေးလာတဲ့ ဖားအောက်ဆရာတော်ဘုရား ဟောတဲ့ Memory Stick ထဲ အမေးအဖြေတခုကို စာပြန်ရိုက်ပြီး ဖေါ်ပြလိုက်ပါတယ်။)
posted by/ Nge Naing

No comments:

Post a Comment