Thursday, November 29, 2018

သေခြင်းတရားကိုဆင်ခြင်ပါဆိုတာ

မြတ်စွာဘုရားက မရဏဿတိဘာဝနာကို နေ့စဉ် ပွားများနေရမယ်-တဲ့။

ငါဟာ အချိန်မရွေး သေနိုင်တယ်၊ အချိန်မရွေး သေနိုင်တယ်-လို့ စိတ်ထဲမှာ နေ့စဉ် ဆင်ခြင်နေရမယ်-ဆိုတဲ့ သဘောပေါ့။ ဒါကိုပဲ တချို့က စာအုပ်တအုပ်၊ ကျောက်စာ တချပ်၊ ပေစာတထုပ်လောက်သာ ဖတ်ပြီး ကောက်ချက်ဆွဲကြတယ်။ ဗုဒ္ဓ၀ါဒဟာ အဆိုးမြင်ဝါဒ-တဲ့။

* သက်ရှိဖြစ်စေ၊ သက်မဲ့ဖြစ်စေ၊ မမြဲတဲ့သဘော၊ မခိုင်မာတဲ့ သဘောရှိပါတယ်။ အဝေးပြေးခရီးကိုနှင်ရမယ့်ကားတစီးဟာ မသွားခင်မှာ-ကားဘီး လေရှိ-မရှိ၊ ဘရိတ်ကောင်း-မကောင်း၊ ဆီရှိ-မရှိ-စသည်ကြိုတင် စစ်ဆေး ပြင်ဆင်မှု လုပ်ရပါတယ်။

* ဒီလို ကြိုတင်ပြီးပြင်ဆင်မထားရင် ကြုံရမယ့် အန္တရာယ်များက မတွေးဝံ့စရာပါ။ ခရီးဖင့်နှေးခြင်းက အစ ခြေလက်အင်္ဂါများ ကျိုးပဲ့ပျက်စီးခြင်း၊ နောက်ဆုံး အသက်ပါဆုံးရှုံးရတဲ့အထိ ဖြစ်နိုင်ပါတယ်။ ဒီလို ချို့ယွင်းတတ်တဲ့ သဘောကိုသိလို့ ကြိုတင် ပြင်ဆင် စစ်ဆေးတာဟာ အဆိုးမြင်တာလား၊ အရှိကို အရှိအတိုင်းမြင်တာလား ။ ချို့ယွင်းတတ်တဲ့ာ မြဲတဲ့သဘောလား။ မမြဲတဲ့ သဘောလား။

* ဒီလိုပါပဲ-ဘုရားဟောလိုက်လို့ ​လောကကြီးက ဆင်းရဲနေတာ၊ဒုက္ခရောက်နေတာ-မမြဲတဲ့ သဘောဖြစ်နေတာ မဟုတ်ပါဘူး။ လောကကြီးရဲ့ ပင်ကိုယ်သဘာဝကိုက မမြဲ၊ ဆင်းရဲတဲ့ သဘောပါ။ ဒါကိုဘုရားက ကျုပ်တို့ သိအောင် ပြောပြတာပါ။ ဒီလို မမြဲတဲ့ သဘောကို မမြဲဘူး၊ ချို့ယွင်းတတ်တယ်၊ ပျက်စီးတတ်တယ်လို့ သတိပေးတဲ့အတွက် ကြိုတင်ပြင်ဆင် ရကောင်းမှန်း ကျုပ်တို့သိတာပါ၊ ကျုပ်တို့တတွေ ကြိုတင် ပြင်ဆင်ချိန်ရတာပေါ့၊ ဒီတော့ အန္တရာယ်ကင်းတာပေါ့။

* သေခြင်းတရားကို နေ့တိုင်း ဆင်ခြင်ရမယ် ဆိုတာဟာလဲ လူဆိုတာ သေမျိုးမို့ ကြိုတင်ပြင်ဆင်နိုင်ဖို့ သတိပေးတာပါ။ အရှိကိုအရှိအတိုင်းသိလို့ မြင်လို့ ပြောနေတာပါ။ ဒါကို ကျုပ်တို့က လူတတ်ကြီးလုပ်ကာ အဆိုးမြင် ၀ါဒဆိုပြီး လက်မခံဘဲ မသိချင်ဟန်ဆောင်နေကြတော့ လောဘတွေ ကြီးကြတယ်၊ ဒေါသ အာဃာတတွေ ထားကြတယ်၊ သူများဆင်းရဲအောင် အမျိုးမျိုး လုပ်ကြတယ်။  ငွေမရှိသူ၊ ကိုယ့်အောက် နိမ့်ကျတဲ့ သူတွေအပေါ် မောက်မောက်မာမာပြောဆို ဆက်ဆံကြတယ်လေ။ ဒီလိုနဲ့ရုတ်တရက် သေကွဲကွဲကြတော့ ခြေမကိုင်မိ မောက်မောက်မာမာ ပြောဆို ဒီလိုလူများအတွက် ရခဲတဲ့ လူ့ဘ၀ကြီးဟာ နှမျောစရာ ကောင်းလိုက်တာ။

* ဘုရားက သတိပေးတာကို လက်ခံ ယုံကြည်ပြီး ငါ သေရအုံးမှာပါလား - ငါ သေရအုံးမှာပါလား- လို့ နေ့စဉ် ဆင်ခြင်နေပါက သေရမယ့်လူမို့ မာနတွေ နဲသွားတယ်။ လောဘတွေ ပါးသွားတယ်။ မရသင့် မရထိုက်တာ မလိုချင်တော့ဘူး၊ သူတပါးအပေါ် နိုင်ထက်စီးနင်း မလုပ်ဖြစ်တော့ဘူး။ လူကို လူလို့ မြင်လာတယ်။ ဘယ်အခြေအနေမျိုးရောက်ရောက် နေ့စဉ် ကုသိုလ်တွေအများကြီး ဖြစ်အောင်နေမယ်လို့ စိတ်တွေ မွေးမြူတတ်လာတယ်။ စကားတွေ ယဉ်ကျေးလာတယ်၊ နှုတ်တွေချိုသာလာတယ်။ ကိုယ်အမူအရာတွေ သိမ်မွေ့လာတယ်။ ဒီ အချက်အလက်တွေရှိနေရင် ကျုပ်တို့တတွေ ရဲရဲကြီး သေ၀ံ့တာပေါ့။ ဒါဟာ-ကြိုတင်ပြင်ဆင်ထားလို့ပါ။

--ကြိုတင်ပြင်ဆင်နိုင်ကြပါစေ။
--ကြိုတင်ပြင်ဆင် ထားကြပါစို့လား။

Credit:Original uploader
#MgShweOo
Ngaoh

No comments:

Post a Comment