Thursday, November 29, 2018

အထင်မှားမှုတွေပျောက်ကင်းရန် လမ်းစဉ်အမှန်

🌜အထင်မှားမှုတွေပျောက်ကင်းရန် လမ်းစဉ်အမှန်🌛

🌄ခန္ဓာငါးပါး မကောင်းဘူးလို့ ထင်လို့ ခန္ဓာငါးပါးက လွတ်ချင်လို့ ရုန်းကန်ကြတယ်၊ ဆိုပါစို့ - မြတ်စွာဘုရားပွင့်မှ ခန္ဓာငါးပါးမှ လွတ်ကြောင်း လမ်းစဉ်အမှန်ကို တွေ့တာ၊ သက္ကာယဆိုတဲ့ ခန္ဓာငါးပါးမှ လွတ်ကြောင်း လမ်းစဉ်အမှန်ကို တွေ့တာ၊ သက္ကာယဆိုတဲ့ ခန္ဓာငါးပါးက လွတ်ချင်ရင် ဘာလုပ်ရမလဲဆိုတာကို မြတ်စွာဘုရားက လမ်းမှန်ညွှန်ပြတယ်။

🌄 တခြားအယူဝါဒရှိတဲ့ ပုဂ္ဂိုလ်တွေကလည်း ခန္ဓာငါးပါးရဲ့ အပြစ်ကို မြင်သည့်အတွက်ကြောင့် လွတ်မြောက်အောင် ကြိုးစားကြတယ်၊ လွတ်မြောက်အောင် ကြိုးစားရင် ကြိုးစားရင်း သူတို့ဟာ လွတ်မြောက်မှုကို မရနိုင်ဘဲ ခန္ဓာငါးပါးပဲ ပြန်တွေ့နေကြတယ်ပေါ့။

🌄ဘုန်းကြီးတို့တစ်တွေဟာ ခန္ဓာငါးပါးကို မုန်းတီးရွံရှာလို့ ခန္ဓာငါးပါးက လွတ်မြောက်အောင် ဘယ်လိုပဲ ကြိုးစားကြိုးစား  ကြိုးစားလိုက်တိုင်း ခန္ဓာငါးပါးနဲ့ချည်း ပြန်တိုးနေတယ်လို့ ဆိုလိုတာ။

🌄 သက္ကာပေါ်မှာ ဘယ်လောက်ပဲ အပြစ်မြင်မြင် ဟောဒီ တဏှာဆိုတဲ့ အထင်မှားမှု၊ ဒိဋ္ဌိဆိုတဲ့ အထင်မှားမှု၊ မာနဆိုတဲ့ အထင်မှားမှု - ဒီ တရားသုံးပါးကို မဖယ်ရှားနိုင်သေးသမျှ ကာလပတ်လုံး မှန်ကန်တဲ့အမြင် မရသေးသမျှ ကာလပတ်လုံး ဘုန်းကြီးတို့တစ်တွေဟာ.. ခန္ဓာငါးပါးကနေ လွတ်သွားအောင် မလုပ်နိုင်ကြဘူးတဲ့။

🌄 ဒါဖြင့် လွတ်သွားတဲ့နည်းရော ရှိလားလို့ဆိုတာ့ မြတ်စွာဘုရားက ဟောထားတယ် -
လွတ်သွားတဲ့နည်းက မဂ္ဂင်ရှစ်ပါး အကျင့်တရားပဲတဲ့၊ မဂ္ဂင်ရှစ်ပါး အကျင့်တရားကို ကျင့်တဲ့အခါ အရင်က သက္ကာယကို

"ဧတံ မမ - ဒါ ငါ့ဟာ" လို့ ဒီလိုမြင်ကြတယ်၊
"ဧသောဟ မသ္မိ - ဒါ ငါပဲ" လို့ မြင်တယ်၊
"ဧသော မေ အတ္တာ - ဒါ ငါရဲ့အတ္တပဲ" လို့ ဒီလို တဏှာ မာန ဒိဋ္ဌိ အမြင်တွေနဲ့ မြင်တယ်၊ အဲဒီ အမြင်ကနေ ပြောင်းပြန် ပြန်ပြီးတော့ မြင်အောင် ကြိုးစားရမယ်တဲ့။

🌄 ယထာဘူတဉာဏ်နဲ့ ကြည့်လိုက်တဲ့အခါ ဟောဒီ သက္ကာယဟာ
"နေတံ မမ - ငါ့ဟာ မဟုတ်ဘူး"၊
"နေသောဟ မသ္မိ - ငါလို့ ပြောစရာလည်း တစ်ခုမှ မရှိဘူး"၊
"န မေသာ အတ္တာ - ငါရဲ့ ခိုင်မာသော အတ္တလည်း မဟုတ်ဘူး" လို့ ဒီလို ယထာဘူတဉာဏ်နဲ့ ရှုမြင်နိုင်ရမယ်။

🌄 သမ္မာဝါစာ သမ္မာကမ္မန္တ သမ္မာအာဇီဝ ဆိုတဲ့ သီလကို အခြေံပြီးတော့ ဘုန်းကြီးတို့တစ်တွေဟာ မှန်ကန်တဲ့ အမြင်ရှိအောင် မှန်ကန်တဲ့ အတွေးတွေ တွေးရမယ်၊

မှန်ကန်တဲ့အမြင် ဆိုတာက - သမ္မာဒိဋ္ဌိ၊
မှန်ကန်တဲ့အတွေး ဆိုတာက - သမ္မာသင်္ကပ္ပ၊

🌄အဲဒီ မှန်ကန်တဲ့ အတွေးတွေ တွေးပြီးတော့ မှန်ကန်တဲ့ ကြိုးပမ်းအားထုတ်မှုဆိုတဲ့ သမ္မာဝါယာမ လုပ်တဲ့အခါမှာ မှန်ကန်တဲ့ သတိထားမှု - သမ္မာသတိ ဟာ အရေးကြီးတယ်။

🌄 ဒါကြောင့်မို့ သတိထားပြီး နေတဲ့အခါမှာ မှန်မှန်ကန်ကန် မြင်ဖို့ရာအတွက် စိတ်ဓာတ်လေး တည်ငြိမ်အောင်လုပ်ဖို့ အရေးကြီးတယ်၊ သမ္မာသမာဓိ လို့ဆိုတယ်၊ ပေါင်းလိုက်တဲ့အခါ မဂ္ဂငါငါးပါးက "သမ္မာဒိဋ္ဌိ, သမ္မာသင်္ကပ္ပ, သမ္မာဝါယာမ, သမ္မာသတိ, သမ္မာသမာဓိ"

🌄 အဲဒီမဂ္ဂင်ငါးပါးကို "ကာရာပကမဂ္ဂင်" သို့မဟုတ် "ကာရကမဂ္ဂင်" လို့ခေါ်တယ်၊ တကယ် အလုပ်လုပ်ပြီး စွမ်းဆောင်နေတာ၊ ယထာဘူတဉာဏ်ဆိုတာ အဲဒါကို  ပြောတာ။

🌄 ဒီမဂ္ဂင်ငါးပါး ပေါင်းစပ်ပြီးတော့ ရှုမြင်သုံးသပ်တဲ့အခါမှာ

"နေတံ မမ - ငါ့ဟာ မဟုတ်ဘူး"၊
"နေသောဟ မသ္မိ - ငါ မဟုတ်ဘူး"၊
"န မေသာ အတ္တာ - ငါရဲ့အတ္တ မဟုတ်ဘူး"  လို့ မှန်မှန်ကန်ကန်မြင်တယ်။

🌄 မြင်တဲ့အခါ ကျတော့ အထင်မှားမှု ဆိုတာတွေ ပျောက်သွားတယ်။ အဲဒီ အထင်မှားမှု ပျောက်သွားရင် ဘာဖြစ်လဲ ဆိုတော့ မြတ်စွာဘုရားက

🔅 ရူပသ္မိမ္ပိ နိဗ္ဗိန္ဒိတိ - ရုပ်ပေါ်မှ ငြီးငွေ့တယ်၊ တွယ်တာမှုတွေ မရှိတော့ဘူး၊

🔅 ဝေဒနာယပိ နိဗ္ဗိန္ဒိတိ - ခံစားမှုတွေပေါ်မှာလည်း မတွယ်တာတော့ဘူး၊

🔅 သညာယပိ နိဗ္ဗိန္ဒိတိ - သညာပေါ်မှာလည်း တွယ်တာမှုတွေ မရှိဘူး၊

🔅 သင်္ခါရေသုပိ နိဗ္ဗိန္ဒိတိ - ကျန်တဲ့ စိတ်နဲ့ပတ်သက်တဲ့ လှုံ့ဆော်မှုတွေ အပေါ်မှာလည်းပဲ တွယ်တာမှုတွေ မရှိတော့ဘူး၊

🔅 ၀ိညာဏသ္မိမ္ပိ နိဗ္ဗိန္ဒတိ - အသိစိတ်ပေါ်မှာလည်း တွယ်တာမှု မရှိတော့ဘူး၊

🌄 အဲဒီလို တွယ်တာမှု မရှိဘူးဆိုတာ ၀ိပဿနာဉာဏ်ဖြစ်တာကို ပြေတာ - အနတ္တလက္ခသုတ်မှာ မြတ်စွာဘုရားက တိုတိုလေး ဟောထားတာ။

🌄သက္ကာယပေါ်မှာ တွယ်တာမှုတွေ ပျောက်သွားတယ်၊ တွယ်တာမှုတွေ ပျောက်သွားတော့ ဘာဖြစ်လဲ

🔅 "နိဗ္ဗိန္ဒံ ၀ိရဇ္ဇတိ" - သက္ကာယပေါ်မှာ ငြီးငွေ့လာတာနဲ့ တစ်ပြိုက်နက် ဒီတွယ်တာမှုတွေ ချုပ်ငြိမ်းသွားရင် ဘာဖြစ်လဲ၊

🔅 "၀ိရာဂါ ၀ိမုစ္စတိ" - စိတ်ဟာ တဏှာ, မာန, ဒိဋ္ဌိ ဆိုတဲ့ မကောင်းတဲ့ အတွေးမှားတွေကနေ လုံးဝ လွတ်မြောက်သွားတယ်တဲ့။

🌄 အဲဒီလို လွတ်မြောက်သွားမှသာလျှင် အထင်မှားမှုတွေ ပျောက်ကင်းပြီး ထာဝရအငြိမ်းဓာတ်ကို တွေ့ရှိနိုင်တယ်။ သောကတွေ ပရိဒေ၀တွေ ဒုက္ခတွေ ဒေါမနဿတွေ အားလုံး ချုပ်ငြိမ်းပြီး အင်မတန် အေးချမ်းတဲ့ ထာဝရငြိမ်းတဲ့ "ဥပသမ" ဆိုတဲ့ အငြိမ်းဓာတ်ကို ရရှိနိုင်မှာဖြစ်တယ်။

ကျေးဇူးတော်ရှင်ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး
🙏🙏🙏

“အထင်မှားအမြင်မှား” တရားတော်မှ ကောက်နှုတ်ချက်ဖြစ်ပါသည်။

No comments:

Post a Comment