Wednesday, November 21, 2018

စိတ်ကို လေ့လာကြပါစို့

▬▬▬▬▬▬ஜ۩۞۩ஜ▬▬▬▬▬
     ❝  စိတ်ကို လေ့လာကြပါစို့  ❞
▬▬▬▬▬▬ஜ۩۞۩ஜ▬▬▬▬▬

၁။ မျက်မှောက်ချိန်ခါတွင်
နေရာတကာ၌ မကြေနပ်မှုများ ရှိနေကြသည်။
မကြေနပ်မှုများသည်
မကောင်းသော စိတ်ထားကို ဖြစ်ပေါ်စေသည်။
မကောင်းသောစိတ် ထားမှုသည်
အမုန်းကို ပွားစေလေသည်။

အမုန်းပွားမှုမှ ရန်မူမှု ဖြစ်ထွန်းလာသည်။
ရန်မူမှုကြောင့် စစ်ဖြစ်ကြရသည်။

စစ်ဖြစ်လျှင် ရန်သူများ ဖြစ်လာသည်။
ရန်သူများသည် စစ်တိုက်ခိုက်ကြသည်။
စစ်တိုက်ခိုက်ရသဖြင့် ရန်သူများ ဖြစ်ကြရပြန်သည်။

၂။ ဤနည်းဖြင့် ကမ္ဘာကြီးသည် မကောင်းမှု
သံသရာတွင် လည်ပတ်လျက် ရှိနေလေသည်။

အဘယ်ကြောင့် ဤသို့ ဖြစ်ရသနည်း...
'စိတ်' အပေါ်တွင် ထိန်းသိမ်းကွပ်ကဲမှု ကင်းမဲ့နေ၍
ဖြစ်ပါသည်။

၃။ 'လူ' ဆိုသည်ကား အဘယ်နည်း...
နောက်ဆုံး သတ္တုချကြည့်လျှင် စိတ်အင်အားများ
အကောင်အထည် ပေါ်လာမှုပင် ဖြစ်သည်။

'ရုပ်' ဟူသည်ကား အဘယ်နည်း...
ရုပ်သည် စိတ်အင်အားများမှ ဒြဗ်ထုသဏ္ဌာန် ပေါ်ပေါက်လာခြင်းသာ ဖြစ်သည်။

ကုသိုလ်စိတ်နှင့် အကုသိုလ်စိတ်တို့၏
ထိတွေ့ တုန့်ပြန်ပုံများ၏ အကျိုးရလဒ်
များသာ ဖြစ်ပေသည်။

၎။ ဗုဒ္ဓရှင်တော်ဘုရားက...
''စိတ္တေန နိယတေ လောကော'' ဟု ဟောကြားတော်မူခဲ့သည်။
ကမ္ဘာကြီးကို စိတ်က ပြုလုပ် ဖန်ဆင်းထားသည်။
ထို့ကြောင့် စိတ်သည် အရာရာကို စိုးမိုးထားပေသည်။

၅။ ဤအကြောင်းများကြောင့်...
'စိတ်' ကို လေ့လာကြပါစို့။

စိတ်၏ ထူးခြားသော လက္ခဏာ အင်္ဂါရပ်များကို
လေ့လာကြပြီးနောက်၊
ကမ္ဘာကြီးတစ်ဝှမ်း ရင်ဆိုင်နေရသော ပြဿနာများကို ဖြေရှင်းကြပါစို့။

ဒုက္ခငြိမ်းရာသို့ အရောက်သွားကြစို့။

၁။ အနိစ္စ၊ ဒုက္ခ၊ အနတ္တ သဘောတရားများသည်
ဗုဒ္ဓဓမ္မတွင် အခြေအမြစ် အကျဆုံး
တရားများ ဖြစ်သည်။

အနိစ္စကို အမှန်ကောင်းစွာ သိလျှင်...
ဒုက္ခကို နောက်ဆက်တွဲ အဖြစ်၊
အနတ္တကို ပရမတ္ထ တရားအစစ် အဖြစ် သိမြင်နိုင်သည်။

ဤတရား ၃-ပါးစလုံး အတူတကွ သဘောပေါက်
နားလည်နိုင်ရန် အချိန်ကြာမြင့်စွာ လိုပေမည်။

၂။ အနိစ္စသဘောသည် 'အဓိကပင်ရင်း' ဖြစ်သည်။
ယင်းသဘောကို ရှေးဦး ကိုယ်တွေ့ သိရှိရန်
ကျင့်ကြံအားထုတ်ရမည်။

ဗုဒ္ဓဘာသာဆိုင်ရာ စာအုပ်များ ဖတ်ရှုခါမျှဖြင့်၊
ဗုဒ္ဓဓမ္မအကြောင်း စာတွေ့ သိရုံမျှဖြင့်
''အနိစ္စသဘော အစစ်အမှန်'' ကို သိရန်
မလုံလောက်ပါ။ မသိနိုင်ပါ။
ကိုယ်တွေ့ အသိမျိုး ရနိုင်မည် မဟုတ်ပါ။

၃။ အနိစ္စသဘောကို ကိုယ်တွေ့ သိရှိရပါမည်။
''မိမိကိုယ်တွင်း၌ အမြဲမပြတ် ပြောင်းလဲနေသော
ဖြစ်စဉ်'' အဖြစ် အနိစ္စကို နားလည်ရပါမည်။

ဤသို့ သိရှိမှသာ ဗုဒ္ဓကိုယ်တော်က
နားလည်စေချင် သကဲ့သို့
အနိစ္စကို နားလည်ရာ ရောက်ပါသည်။

၎။ ဗုဒ္ဓတရားတော်ကို စာတွေ့ဖြင့်ပင် မသိသေးသော သူများသည် ဘုရားရွှေလက်ထက်တော် အချိန်က
အတိုင်းပင် အနိစ္စတရားကို သဘောပေါက်ရန် ကျင့်ကြံအားထုတ် ယူနိုင်ကြပါသည်။

အနိစ္စတရားကို နားလည်ရန် မဂ္ဂင် ၈-ပါး တရားကို တိတိကျကျ၊ ဝိရိယရှိစွာ လိုက်နာကျင့်သုံး ရပါမည်။

၅။ မဂ္ဂင် ၈-ပါးကို သီလ၊ သမာဓိ၊ ပညာ
သိက္ခာ ၃-ပါး အဖြစ် အဆင့် ၃-ဆင့် ခွဲခြားထားပါသည်။
သီလစောင့်ထိန်းမှုသည် သမာဓိ၏ အခြေခံ ဖြစ်သည်။

သမာဓိဟူသည် စိတ်ကို တစ်နေရာ၌ တည်ငြိမ်အောင် ထိန်းချုပ်ထားမှု ဖြစ်သည်။

သမာဓိအား ကောင်းမှသာလျှင်
ပညာ ဖြစ်ပေါ်လာနိုင်မည်။

ထို့ကြောင့်  ဤပညာ ရရန်အတွက် ရှေးဦးလိုအပ်ချက်များမှာ သီလနှင့် သမာဓိဖြစ်သည်။

ဤ၌ ပညာဆိုသည်မှာ ဝိပဿနာလုပ်ငန်း အားဖြင့် အနိစ္စ၊ ဒုက္ခ၊ အနတ္တ သဘောများကို နားလည်ခြင်းကို ဆိုလိုသည်။

၆။ မြတ်စွာဘုရား တစ်ပါးပါး ပွင့်တော်မူသည် ဖြစ်စေ၊
မပွင့်တော်မူသည် ဖြစ်စေ 
လူ့လောကတွင် သီလဆောက်တည်မှု၊
သမာဓိထူထောင်မှု လုပ်ငန်း
လုပ်ကြသည်သာ ဖြစ်သည်။

အမှန်အားဖြင့် ဘာသာတိုင်း
ဤလုပ်ငန်းနှစ်ရပ်၌ တူညီကြသည်သာ ဖြစ်သည်။

သို့ရာတွင် ယင်းသိက္ခာ ၂-ရပ်သည် ဒုက္ခဆင်းရဲ၏
ချုပ်ငြိမ်း ပြီးဆုံးမှုကို မဖြစ်စေနိုင်ပါ။

၇။ ဒုက္ခငြိမ်းစေရန် နည်းလမ်းရှာဖွေခဲ့စဉ်
သိဒ္ဓတ္ထမင်းသားသည်
ဤအချက် ''သီလ၊ သမာဓိ'' ဖြင့်သာ
ဆင်းရဲကို မချုပ်ငြိမ်းစေနိုင် ဟူသော အချက်ကို
တွေရှိ့ခဲ့ရသည်။

ထို့ကြောင့် ဒုက္ခကို ချုပ်ငြိမ်းစေမည့်
လမ်းစဉ်ကိုသာ ဆက်လက် ရှာဖွေခဲ့သည်။

၆-နှစ် တိုင်တိုင် ပြည့်စုံလုံလောက်စွာ
ကြိုးပမ်း အားထုတ်ပြီးနောက် ဒုက္ခငြိမ်းစေသော
'မဂ္ဂင်လမ်းမကြီး' ကို တွေ့ခဲ့ပေသည်။

သဗ္ဗညုတရွှေဉာဏ်တော်ကို ရခဲ့သည်။

ထိုအခါကျမှသာလျှင်
လူ၊ နတ်တို့အား မဂ္ဂင်လမ်းမကြီးအတိုင်း
လျှောက်၍ ဒုက္ခငြိမ်းရာသို့ အရောက်သွားကြရန်
ဟောကြားတော်မူခဲ့သည်။

   "သရေစည်သူ ဆရာကြီး ဦးဘခင်"
          (Sayagyi U Ba Khin)

No comments:

Post a Comment