Thursday, November 29, 2018

မိုးကုတ်ဆရာတော်ဘုရားကြီး"၏ ၀ိပဿနာရှုနည်း

"မိုးကုတ်ဆရာတော်ဘုရားကြီး"၏ ၀ိပဿနာရှုနည်း။
_________________________

            တရားအားမထုတ်ခင် ကြိုတင်ပြုလုပ်ရမည့် အမှုကိစ္စ(၅)မျိုးရှိသည်-

၁။ တရားအားထုတ်စဉ်အတွင်း မိမိကိုယ်ကို ဘုရားအားလှူပါ၏ ဟု လှူထားရမည်။
၂။ ဆရာမိဘတို့ကို ကံသုံးပါးဖြင့် ပြစ်မှားမိခဲ့ပါက ထိုအပြစ်တို့ ပျောက်စေခြင်းငှာ ၀န်ချတောင်းပန်ကန်တော့ပါ၏ ဟု ဆို၍ ကန်တော့ရမည်။
၃။ ကိုယ်စောင့်နတ်၊ အိမ်စောင့်နတ်၊ မြို့စောင့်နတ်၊သာသနာစောင့်နတ်နှင့်တ ကွ၊ သတ္တ၀ါအပေါင်းတို့ကျန်းမာချမ်းသာကြပါစေဟု မေတ္တာပို့ရမည်။
၎။ရှေးဘ၀ယခုဘ၀ပြုသမျှ ကုသိုလ်ဒါနတို့သည် ငါအလိုရှိသော မဂ်ဖိုလ်နိဗ္ဗာန်သို့ရောက် စေခြင်းငှာ လျင်မြန်စွာကျေးဇူးပြုပါစေသတည်းဟု ဆိုရမည်။
၅။ ငါသည်ဘ၀များစွာက သေခဲ့လှပြီ။ယခုဘ၀မသေခင်မှာ တရားအားထုတ်မှပဲ ဟု သေခြင်းတရားကို ပွါးများရမည်။

               သမာဓိရရုံလောက်သာ သမထ ကိုအားထုတ်ပြီး သမာဓိရလျှင် ၀ိပဿနာပြောင်း၍ အားထုတ်ရမည်။

ဝိပဿနာပြောင်းခြင်းဟူသည် သမထ(သမာဓိ)လမ်းမှ ဇဝိပဿနာ(ပညာ)လမ်းသို့ စိတ်လွှတ်ပြီး ရုပ်နာမ်တို့၏ ဖြစ်ပျက်မှုလက္ခဏာကို ဆင်ခြင်နေခြင်းဖြစ်သည်။

တရားအားထုတ်ရန် တင်ပလ္လင်ခွေထိုင်ရမည်။ ခါးကိုရှေ့မငိုက်၊ နောက်မငိုက်၊ ဘေးမစောင်းစေဘဲ ဖြောင့်ဖြောင့်မတ်မတ် ထားရမည်။ ကိုယ်ကိုတောင့်မထားဘဲ ခပ်လျော့လျော့ထိုင်ရမည်။ ခြေထောက်ချင်းဖိညှပ်မထားဘဲ ကြာကြာထိုင်နိုင်သောနည်းဖြင့်ထိုင်ရမည်။ ယောဂီသည် နှစ်သက်ရာ ဣရိယာပုထ်(အိပ် ထိုင် ရပ် သွား)ဖြင့် ထိုင်နိုင်သည်။ သို့သော် ထိုင်ခြင်း ဣရိယာပုထ်က သမာဓိကို ရလွယ်စေသည်။

ယင်းနောက် ၀င်သက်ထွက်သက်ကို မှန်မှန် ရှူရှိုက်ရမည်။ ပြင်းပြင်းထန်ထန်မြန်မြန် ရှူရှိုက်လျှင် မိမိကိုယ်ကို ညှဉ်းဆဲရာ ကျလိမ့်မည်။ သို့ဖြစ်၍ မှန်မှန် နှင့် လေ ကို ၀ အောင်ရှူရမည်။ နှာသီးဖျား၊ အထက်နှုတ်ခမ်း၊ ရင်ညွှန့် ကြိုက်ရာ နေရာမှာ စိတ်ကိုထားရမည်။ သတိမလစ်စေဘဲ ၀င်လေထွက်လေ ထိတာကို သိသိနေစေရမည်။ အခြား ဘယ်အာရုံကိုမျှ စိတ်မရောက်စေရပါ။ ၀င်လေ ထွက်လေ ရှူသည့်အခါ နှာခေါင်းဖြင့် ရှူရမည်။ ပါးစပ်က ရှူရမည်မဟုတ်ပါ။ နှာခေါင်းက ရှူသည့်အခါ ဘယ်ဘက်က ရှူတယ်၊ ညာဘက်က ရှူတယ်ဆိုတာတွေကို လိုက်နေရန်မလို။ သမာဓိရဖို့သာလိုသည်။

ဝင်လေ ကိုရှူသည့်အခါ နှာသီးဖျားအစ၊ ရင်ညွှန့်အလယ်၊ ချက်အဆုံး ၀င်လေ ရောက်တာကိုသိရမည်။ လေကိုထုတ်သည့်အခါလည်း ချက်အစ ရင်ညွန့်အလယ်၊နှာသီးဖျားအဆုံး ထွက်လေကိုသိရမည်။ ထိုသို့ အသိကို လိုက်ပြီး အားထုတ်လျှင် သမာဓိရနိုင်သည်။ (၁၅)မိနစ်မျှနှင့်ပင် သမာဓိကို ထူထောင်နိုင်သည်။

ထိုသို့ ရှု ရှိုက်နေရာတွင် ရှူရှိုက်တာက ရုပ်၊ရှူရှိုက်နေမှုကိုသိတာက နာမ်ဟု သိခြင်းသည် နာမရူပပရိစ္ဆေဒ(ရုပ်နာမ်ကို ခွဲခြားသိမှု) ဥာဏ်ဖြစ်သည်။ ၀ိသုဒ္ဓိလို ပြောရလျှင် ဒိဋ္ဌိဝိသုဒ္ဓိ(အမြင်စင်ကြယ်ခြင်း)ဖြစ်သည်။အာရုံနှင့် သိမှတ်စိတ်ကို တည့်နေအောင် ရှုမှတ်ရမည်။ စဉ်းစား တွေးကြံမှု မပြုရ၊အခြားအာရုံဝင်မလာအောင်ထိန်းရမည်။

ဤသို့ဖြင့် သမာဓိအားကောင်းလာသည့်အခါ ၀ိပဿနာကို ပြောင်းပြီး ရှုမှတ်ရမည်။ ၀ိပဿနာဟူသည် နာမ်ရုပ်လက္ခဏာဖြစ်ပေါ်မှုကို ဆင်ခြင်ခြင်း ဖြစ်သည်။ ဤခန္ဓာသည် ပဋိသန္ဓေက စပြီး သေသည့်တိုင်အောင် မပြတ်မစဲထပ်တလဲလဲ ဖြစ်ပျက်နေသည်။

တရားထိုင်တာ ကြာလာလျှင် ရုပ်ဖေါက်ပြန်ပြီး ဝေဒနာပေါ်လာတတ်သည်။ ညောင်းလာလျှင်ညောင်းတာ၊ညောင်းမှန်းသိတာ နှစ်မျိုးကို ဖြစ်ပြီးပျက်သွားတာပဲဟု သိရမည်။

ထိုသို့သိသည့်အခါ ညောင်းသည့်ရုပ်နှင့် ညောင်းမှန်းသိသည့်စိတ် မရှိတော့ဘဲ ချုပ်ပျောက်သွားကုန်ပြီဟု နောက်ဥာဏ်က သိရမည်။

ညောင်းတာကိုပြုပြင်မပေးသမျှ ပြောင်းရွေ့ ပြုပြင်ချင်စိတ်ပေါ်လာလိမ့်မည်။ ထိုအခါ ဆန့်ချင် ကွေးချင် ပြောင်းချင် ရွေ့ချင်စိတ်ဖြစ်တာကို သိမှတ်ပါ။

ထိုသို့သိချိန် ထိုဆန့်ချင် ကွေးချင်သော ရုပ်နာမ်များ မရှိတော့တာကို ထပ်ပြီးသိမှတ်ပါ။

ဤသို့သိနေတုန်း အသံတစ်ခု ကြားလိုက်လျှင် ကြားပြန်ပြီဟု သိမှတ်ပါ။ တစ်ခုခုပေါ်လာတိုင်း ပေါ်လာတိုင်း သိပြီး ဖြစ်ပြီး ပျက်သွား ပျောက်သွားပါကလားဟု သိရမည်။

ဤသို့ အသိတရားတွေ ကျဲနေရာကနေ စိပ်သည်ထက် စိပ်လာတာကို ဥာဏ်ဖြင့်မှတ်ပါ။

တဖြည်းဖြည်း ရုပ်နာမ်တွေ တစ်ခုပြီးတစ်ခုဖြစ်ပြီး ပျက်သွားတာကို သတိဖြင့် စိုက်ကြည့်က တွေ့လိမ့်မည်။ အနိစ္စ၊ ဒုက္ခ၊ အနတ္တ-ဟု ပါဠိလို ရွတ်မနေဘဲ ဖြစ်ပြီး ပျက်သွားပါကလားဟု တစ်ခုတည်းကိုသာ သတိဖြင့် စိုက်ပြီးကြည့်နေလျှင် ဆင်းရဲသည့်သဘော၊ အစိုးမရသည့်သဘောကို ပိုပြီးထင်မြင်လာလိမ့်မည်။

ဤသို့မိမိခန္ဓာကိုယ်မှာ ပေါ်တိုင်း ပေါ်တိုင်း ဖြစ်ပျက်တွေကို ရှုကြည့်ဖန်များလာလျှင် မိမိခန္ဓာကိုယ်ကို ရွံ့မုန်းလာစိတ်၊ စွန့်လွှတ်ချင်စိတ် ဖြစ်လာလိမ့်မည်။ ဖြစ်ပျက် ဒုက္ခ နှင့်မကင်းနိုင်ဘဲ အို နာ သေ ဒုက္ခများ နှင့် တွေ့ကြုံရဦးမည်ဟု ကြောက်ရွံ့ပြီး မိမိခန္ဓာကိုယ်ကို ရွံ့မုန်းလာလိမ့်မည်။ ဖြစ်ပျက်ကို ရှုဖန်များလာလျှင် လောဘ ဒေါသ မောဟ များတဖြည်းဖြည်း ခေါင်းပါးပြီး နောက်ဆုံးလွင့်ပျောက် ခန်းခြောက်သွားသည်အထိဖြစ်ပျက်ဆုံးအောင် ပွါးများအားထုတ်ရမည်။

ဖြစ်ပျက် ရှုဖန်များလာလျှင် ရုပ်နာမ်ကိုခွဲခြားသိသည့် နာမရူပ ပရိစ္ဆေဒဥာဏ်၊

ဤရုပ်နာမ်သည် အကြောင်းတရားကြောင့်ဖြစ်ပေါ်လာသော အကျိုးတရား ဖြစ်ပြီး၊အကြောင်းလည်း ဖြစ်ပျက်၊ အကျိုးလည်း ဖြစ်ပျက် ဟုဆင်ခြင်ကာ အကြောင်းကိုသိမ်းဆည်းသိမြင်နိုင်သော ပစ္စယပရိဂ္ဂဟဥာဏ်၊

ရုပ်နာမ်တို့၏ ဖြစ်ပျက်ပုံကို မမြဲ ဆင်းရဲ အစိုးမရ ဟု ဆင်ခြင်သုံးသပ်သော သမ္မသနာဥာဏ်၊

ဖြစ်ဆဲ ရုပ်နာမ်တို့၏ ခဏမစဲ တသဲသဲ ဖြစ်ပျက်နေမှုကို ရှုမြင်သော ဥဒယဗ္ဗယဥာဏ်၊

ထိုသို့ ရှုဖန်များလာသည့်အခါ အပျက်ကိုသာ သိမြင်သော ဘင်္ဂဥာဏ်၊ ရုပ်နာမ်တို့၏ ပျက်မှု ချုပ်မှုကိုသာ မြင်နေသဖြင့် ကြောက်ဖွယ်ဘေးကြီး ဟု ထင်မြင်သော ဘယဥာဏ်၊

ချုပ်ပျက်မှု စသောအပြစ်တွေကိုသာ မြင်သော အာဒီန၀ဥာဏ်၊

ရုပ်နာမ်ခန္ဓာကိုယ်ကိုငြီးငွေ့သော နိဗ္ဗိဒါဥာဏ်၊

ထိုရုပ်နာမ်သင်္ခါရတို့မှ လွတ်မြောက်လိုသော မုစ္စိတုကမျတာဥာဏ်၊

ရုပ်နာမ်တို့၏ မမြဲ ဆင်းရဲ အစိုးမရမှုကို အလွန်ထင်မြင်သော ပဋိသင်္ခါဥာဏ်၊

ရုပ်နာမ် သင်္ခါရ တို့ကို မချစ် မမုန်း လျစ်လျူရှုသော သင်္ခါရုပေက္ခာဥာဏ်၊

ရှေ့ဥာဏ် နောက်ဥာဏ်တို့ကို မမြဲ ဆင်းရဲ အစိုးမရသော သဘောဖြင့် အစ မှ အဆုံး၊ အဆုံးမှ အစ ရှေ့ပြန် နောက်ပြန် ရှုပွါးသည့်အခါ နှစ်ဥာဏ်လုံးသင့်လျော်သော အနုလောမဥာဏ်များ ဖြစ်ပေါ်လာလိမ့်မည်။

ဤသို့ စသည်ဖြင့် ဥာဏ်စဉ်အဆင့်ဆင့် တက်ပြီး မဂ်ဥာဏ်ဖိုလ်ဥာဏ်ရကာ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ကြပေလိမ့်မည်။

ဤသည်ကား "မိုးကုတ်ဆရာတော်ဘုရားကြီး"၏ ၀ိပဿနာရှုနည်း ဖြစ်ပါသည်။

ပြန်​လည်​မျှ​ဝေပါသည်​။
🙏ဓမ္မမိတ်​​ဆွေများ ​ကောင်းကျိုး တရား တိုးပွားကြပါ​စေ🙏

No comments:

Post a Comment