Tuesday, November 27, 2018
ပဋိစ္စသမုပ္ပါဒ် ရှင်းတမ်း( ပထမပိုင်း /ဒုတိယပိုင်း)
"စက်ဝိုင်းမှာ ဘာတွေရေးထားမှန်း..မသိဘူးဆိုသူတို့ အတွက်..ပဋိစ္စသမုပ္ပါဒ် ရှင်းတမ်း( ပထမပိုင်း /ဒုတိယပိုင်း)
••••••••••••••••••••••••••••••••••
             "ပဋိစ္စသမုပ္ပါဒ်" ဒေသနာတော်ဟာ ခက်ခဲနက်နဲ လှတဲ့အတွက်..
              "ပဋိစ္စသမုပ္ပါဒ် ရှင်းတမ်း" လို့ အမည်ပေးထားတဲ့ ဒီစာစု ကို ပြုစု ရေးသားဖို့ အတော်အချိန်ယူခဲ့ရတဲ့အပြင်၊ အတတ်နိုင်ဆုံး နားလည်ရ လွယ်အောင်နဲ့ စာကြောင်းရေ နည်းအောင် ကြိုးစားထားပေမယ့် စာကြောင်းရေ က များရသည်က တစ်ကြောင်း၊ ဖေ့စဘုတ် စာမျက်နှာတွင် စာကြောင်း အရေအတွက် ကို ကန့် သတ်ချက်ရှိတဲ့အတွက်ကြောင့် ( နှစ်ပိုင်း) ခွဲပြီး ရေးသား ဖေါ်ပြလိုက်ခြင်းကြောင့် ဓမ္မမိတ်ဆွေတို့ အနေ ဖြင့် ဖတ်ရှုမှု လွယ်ကူစေရန် အတွက် အရင်ဆုံး လက်ကိုင်ဖုန်းမှာသော်လည်းကောင်း၊ မိမိတို့ ကွန်ပြူတာ မှာ သော်လည်းကောင်း သိမ်းဆည်းပြီး၊ အချိန်ပေးနိုင်မှသာ အေးအေးဆေးဆေးဖတ်ရှုကြဖို့ တိုက်တွန်းအပ်ပါသည်။
             ဝိပဿနာတရားကျင့်ကြံအားထုတ်ကြသူ ဓမ္မမိတ်ဆွေများအနေနဲ့  မိမိတို့ ကျင့်ကြံအားထုတ်လို့ တော်တော်လေးအရှိန်ရလာပြီ၊ဉာဏ်စဉ်လေးတွေ မြင့်လာပြီဆိုရင်တော့..
               ဓမ္မစာပေတွေကို လေ့လာခြင်း၊ တရားတော်တွေ နာကြားခြင်းစတဲ့ လုပ်ဆောင်မှုလေးတွေ ပြုလုပ်ဖို့ လိုအပ်ပါတယ်။ အဲဒီလို တရားတော်တွေကို နာယူတာတွေ၊ တရားစာပေတွေ လေ့လာဖတ်ရှုတာတွေဟာ  မိမိတို့ ရဲ့ကျင့်ကြံအားထုတ်မှုကို ယခင်က နဲ့ မတူဘဲ ပိုမိုလွယ်ကူစေပြီး ၊ အားထုတ်ရင်း မိမိတို့ တွေ့ ကြုံရတဲ့အပေါ်ပိုပြီးရှင်းလင်းစွာ နားလည် သဘောပေါက်လာနိုင်ကြမှာ ဖြစ်ပါတယ် လို့ ဦးစွာပြောကြားလိုပါတယ်။
             ဘယ်လိုဘဲဖြစ်စေ..
             စာရေးသူ မိမိကိုယ်တိုင်ကလည်း အရင်က ဘာတွေရေးထားမှန်းမသိတဲ့ ဒီ"ပဋိစ္စသမုပ္ပါဒ်"စက်ဝိုင်းကို ကြည့်ပြီး တရားအားထုတ်ချင်စိတ် မရှိခဲ့သူ၊ ပရိယတ်အားနည်းသူတစ်ယောက် ဖြစ်ခဲ့သူတစ်ဦး အနေနဲ့  မိမိသိလာသလို ဓမ္မမိတ်ဆွေတို့ သိရှိကြစေရန် နဲ့ တရားအားထုတ်တဲ့အခါ ပိုမိုလွယ်ကူထိရောက်စေရန် သိသင့်တယ်လို ယူဆပြီး ကြားနာခဲ့ရ၊ဖတ်ရှုခဲ့ရတဲ့ "ပဋိစ္စသမုပ္ပါဒ်"ဒေသနာတော် အကြောင်း ကို ဓမ္မမိတ်ဆွေတို့ နားလည်လွယ်အောင် အတတ်နိုင်ဆုံး အတိုချုံးပြီးရေးသားပေးလိုက်ပါတယ်။
            အခုရေးသားတဲ့ "ပဋိစ္စသမုပ္ပါဒ်ရှင်းတမ်း" လို့ အမည်ပေးထားသော ဒီစာစု ဟာ ဖတ်ရှုနေယင်း  နဲ့  "ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်း"ပုံကို ကြည့်လိုက်၊ စာဖတ်လိုက် လုပ်ရင်ဖြင့် ပိုပြီး ရှုပ်ထွေးကုန်မှာစိုးတဲ့အတွက်ကြောင့် " ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်း" ပုံကို မကြည့်ဘဲ နားလည်လွယ်အောင် လို့ အဓိကကျတဲ့ လိုရင်းအကျဉ်းချုပ် ကို ရှင်းလင်းအောင်ပြန်လည်ရေးသားပြီးဓမ္မဒါနပြုလိုက်ပါတယ်။ နားလည်မှု ခက်ခဲပါက ပြန်လည်ရေးသားသူ မိမိ၏ ရှင်းလင်းတင်ပြပုံ ညံ့ဖျင်းမှုကြောင့်သာဖြစ်ကြောင်း ဝန်ခံပါသည်။
( ခန္ဓာ-၅ပါးတစ်ဦး )
•••••••••••••••••••
               ပထမဆုံးဖေါ်ပြရရင် "ပဋိစ္စသမုပ္ပါဒ် " စကားလုံး ဟာ ဘာလဲ ဆိုတာ ကတော့ ပါဠိစကားလုံး သုံးခုကို ပေါင်းစပ်ထားခြင်းဖြစ်ပါတယ်။
               ပဋိစ္စ = အကြောင်းကြောင့်၊ ကို မှီလျက်၊
                 သံ = ကောင်းစွာ၊
                 ဥပ္ပါဒ = အကြောင်းအားလျော်စွာ အကျိုး ဖြစ်ပေါ်လာရသည်လို့ အဓိပ္ပါယ်ရပါတယ်။ အကြောင်းတရားကို အမှီပြုပြီး အကျိုးတရား ဖြစ်ပေါ်လာရသည်လို့ အဓိပ္ပါယ်ရပါတယ်။
               တဖန် "ပဋိစ္စသမုပ္ပါဒ်"တရားတော် ဟာ သာမန် ပုထုဇဉ် လူသားတို့ အတွက်
(၁) သက္ကာယဒိဋ္ဌိ
(၂) သဿတဒိဋ္ဌိ
(၃) ဥစ္ဆေဒဒိဋ္ဌိ
(၄) အဟေတုကဒိဋ္ဌိ စတဲ့
           ဒိဋ္ဌိအမြင်မှား တွေ ကို ဖယ်ရှားသုတ်သင်ရာမှာ အလွန် အရေးပါတဲ့ တရားတော် ဖြစ်ပါတယ်။ဒါ့ကြောင့် ဝိပဿနာ အားထုတ်နေကြတဲ့ ဓမ္မမိတ်ဆွေတို့ အတွက် မလွဲမသွေ သိသင့်တဲ့တရားပင် ဖြစ်ပါတယ်။
              ဒီတော့ ပြောလိုတာက "ပဋိစ္စသမုပ္ပါဒ်" ဆိုတာ "အကြောင်းနဲ့  အကျိုးဆက် အကြောင်းတရား"ပင် ဖြစ်ပါတယ်။
             အများအားဖြင့် သိကြတာကတော့
"ပဋိစ္စသမုပ္ပါဒ်" ဟာ "အကြောင်း နဲ့ အကျိုး"၊ "အကျိုး"တစ်ခုခု ဖြစ်လာတယ်ဆိုရင်၊ "အကြောင်း"တစ်ခုခုရှိခဲ့လို့ ဖြစ်လာရတာပါ။ အမှန်ပါဘဲ။ ဒါဟာ "ပဋိစ္စသမုပ္ပါဒ်" ပါဘဲ။
              သို့သော် အဲဒီ အကြောင်းအကျိုး မှာ
             ◆အကြောင်းကြောင့်..အကျိုးဖြစ်ရသလို၊
              ◆အကြောင်းကြောင့်..အကျိုးကို လုပ်ရတာလည်း ရှိပါတယ်။
                ဓမ္မမိတ်ဆွေတို့ မျက်စိလည်သွားပုံရပါတယ်။
               "အကြောင်း နဲ့ အကျိုး" နှစ်ခုရှိတဲ့အနက် ၊ "အကြောင်း"က အရင်လာသလား၊ "အကျိုး" ကအရင်လာသလား ပြန်လည်စမ်းစစ်ကြရပါလိမ့်မယ်။ အကျိုးတစ်ခု ဖြစ်လာတယ် ဆိုတာ အကြောင်းရှိလို့ ဖြစ်တယ်ဆိုတာ ငြင်းဖွယ်မရှိပါဘူး။ ဒါက ဓမ္မမိတ်ဆွေ တို့ သိထားတဲ့ အချက်ပါ။ ဒီတော့ .."အကြောင်း" က အရင်လာပြီး "အကျိုး"က နောက်ကလာပါတယ်။
            ဥပမာအားဖြင့်ကြည့်ကြရအောင်..
            "ဗိုက်ဆာလို့ ထမင်းစားတယ်"..
ဗိုက်ဆာတာတာ "အကြောင်း"၊ ထမင်းစားတာက "အကျိုး"။
ဗိုက်ဆာတဲ့ "အကြောင်း"ရှိနေလို့ ထမင်းစားတဲ့ "အကျိုး" ဖြစ်စေပါတယ်။
ဒါက ဓမ္မမိတ်ဆွေတို့ သိထားတဲ့ "ပဋိစ္စသမုပ္ပါဒ် " အကြောင်းအကျိုး ပါ။ ဒီတော့..ဗိုက်ဆာလို့ ဆိုတဲ့ "အကြောင်း"က အရင်လာပါတယ်။
နောက်တစ်ခုကြည့်ရအောင်
             "ထမင်းစားဖို့ ထမင်းချက်တယ်"ဘယ်ဟာက အကြောင်း၊ဘယ်ဟာက အကျိုးလဲ၊ ဓမ္မမိတ်ဆွေတို့ သိပါတယ်။
ထမင်းစားဖို့က "အကြောင်း" ၊ ထမင်းချက်တာ က"အကျိုး"ပါ။ အဲဒီမှာ ဘယ်ဟာက အရင်လာသလဲဆိုတော့ ထမင်းချက်တယ်ဆိုတဲ့ "အကျိုး"က အရင်လာပါတယ်။ "အကျိုး"က အရင်လာပြီးမှ "အကြောင်း"က နောက်မှပါ။
            မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးဟောကြားတာက "ပဋိစ္စသမုပ္ပါဒ်" အကြောင်းနဲ့ အကျိုးကို ဒါပြီးမှ ဒါလာမှာ လို့ ဟောပြောပြီး သိစေချင်ခဲ့တာ မဟုတ်ပါဘူး။ အကြောင်းနဲ့ အကျိုးဆက်စပ်ပုံကိုသာ ဟောကြားခဲ့တာပါ။ ဓမ္မမိတ်ဆွေ အဲဒါ ကို သေသေခြာခြာသဘောပေါက်ရပါလိမ့်မယ်။
            နောက်တစ်ခုကတော့..
         ထမင်းချက်နေရင်း နဲ့ ယောင်းမ က ကြမ်းပြင်ပေါ် ပြုတ်ကျတော့ ခွက် ခနဲဆိုပြီး အသံမြည်ပါတယ်။ " ဟော..ပြုတ်ကျတော့ အသံမြည်တယ်"။ ဘယ်ဟာက "အကြောင်း"၊ဘယ်ဟာက "အကျိုး"လဲ။
              ပြုတ်ကျတာက "အကြောင်း"၊ အသံမြည်တာက "အကျိုး" ပေါ့။ "အကြောင်း"က အရင်လား၊"အကျိုး"က အရင်လား။ အဲဒီအခါ မှာ "အကြောင်းနဲ့ အကျိုး" က ပြိုင်တူဖြစ်ပါတယ်။
            ဒါ့ကြောင့်  "အကြောင်းနဲ့ အကျိုး" မှာ ..
"အကြောင်း"က အရင်ဖြစ်သလို၊ "အကျိုး"ကလည်း အရင်ဖြစ်နိုင်ပါတယ်၊ ပြီးတော့ "အကြောင်းနဲ့ အကျိုး"တပြိုင်တည်းလည်း ဖြစ်နိုင်တယ် လို့ မှတ်ယူရပါမယ်။
"အကြောင်းကြောင့် အကျိုး" ဖြစ်သလို၊
"အကြောင်း ကြောင့် အကျိုး"ကိုလုပ်ပါတယ်။ "အကြောင်းနဲ့အကျိုး" ဟာပြိုင်တူလည်းလုပ်ပါတယ်။
          ဒါက " အကြောင်းနဲ့ အကျိုး" နဲ့ ပတ်သက်လို့ ဦးစွာဖေါ်ပြလိုက်ရတာပါ။
           "ပဋိစ္စသမုပ္ပါဒ်" ဆိုတာ ရှုပ်ပါတယ်။
ဘာလို့ ရှုပ်သလဲလို့ ဆိုတော့ အများကြီးရေးထားလို့ ပါ။
အလွန်တစ်ရာမှလည်း ခက်ခဲတယ်၊ နက်နဲ့ တယ်။တော်ရုံဉာဏ်နဲ့ နားလည်ဖို့ အတော်ခက်တယ်။
             လွယ်အောင်ဆိုပြီး ဆရာတော်ကြီးတွေက "ပဋိစ္စသမုပ္ပါဒ်"စက်ဝိုင်း နဲ့ ရှင်းပြဟောပြောပေမယ့်လည်း  ဉာဏ်အားမကောင်းတဲ့ ပုဂ္ဂိုလ်တွေက တော့ နားလည်သယောင်ယောင် ထင်ရပေမဲ့ လည်နေကြတာ တစ်ပုံကြီးပါဘဲ။ လည်အောင်လည်း စက်ဝိုင်းလုပ်ထားမိသလို ဖြစ်နေတာကိုး.. လို့ ပြောရမလို ဖြစ်နေပါတယ်။
              အဲဒီလို ခက်ခဲနက်နဲ တဲ့ "ပဋိစ္စသမုပ္ပါဒ်" ဒေသနာတော် ကို ရှင်းလင်းအောင် ဓမ္မဒါနပြုတဲ့နေရာမှာ ဒီလိုရှင်းလင်းပြလို့  "ပဋိစ္စသမုပ္ပါဒ် ဆိုတဲ့တရား" က လွယ်သွားတာ တော့ မဟုတ်ပါဘူးဆိုတာ ကိုတော့ နားလည်ပေးပါ..။ အခုလို ရှင်းလင်းပြတဲ့ အပေါ်ကိုယ့်ဉာဏ်နဲ့ လိုက်မှီတယ်လို့ သာ ယူဆပေးကြပါ။
             အများသိထားတာက..
             "အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရ ပစ္စယာ ဝိညာဏံ၊ ဝိညာဏ ပစ္စယာ နာမရူပံ" ၊ စသည်အားဖြင့် ..နောက်ဆုံးတော့.. "ဇရာ မရဏ" အထိ...သွားတာကိုး.. ။ "ပဋိစ္စသမုပ္ပါဒ်" ကို အဲဒီကနေ စပြီး ရှင်းရင်လည်းရပါတယ်။
             ဒါပေမဲ့ ဓမ္မမိတ်ဆွေ တို့ အတွက် နားလွယ်အောင် ရေးသားရမှာဆိုတော့...
            "ဆရာတော် ဓမ္မဒူတ ဒေါက်တာ အရှင် ဆေကိန္ဒ" ပြန်လည်ဟောကြားထားတဲ့အတိုင်း "ပဋိစ္စသမုပ္ပါဒ်" ကို အလယ် လောက်က စပြီးရှင်းပြပါ့မယ်။
           အလယ်လောက်ဆိုတော့..မူလနှစ်ဖြာ လို့ ပြောကြတဲ့ " အဝိဇ္ဇာ နဲ့ တဏှာ" ပေါ့။
              " အဝိဇ္ဇာ" ဆိုတာ မသိမှု။
ဓမ္မမိတ်ဆွေ တို့ သိထားတာက " အဝိဇ္ဇာ ပစ္စယာ သင်္ခါရ" .. မသိတဲ့ "အဝိဇ္ဇာ" ကြောင့် မမြဲတဲ့ " သင်္ခါရ" ကို ပြုလုပ်တယ်။ဒီလိုသိထားတာကိုး...။
              " အဝိဇ္ဇာ" ဆိုတာ မသိမှု။
               " သိမှု" ကို လည်း အဝိဇ္ဇာ လို့ ခေါ်ပါတယ်။
           ဘာတွေကို မသိ သလဲ ဆိုတော့.. အမှန်တရား တွေ ကို မသိပါဘူး။
             ဘယ်အရာတွေကို သိလည်း ဆိုတော့ မသိသင့်တာတွေ ကို သိပါတယ်။
             အကြောင်းအကျိုးကို သာ သိရင် မိမိယုံထားတာ မှန်တယ်လို့ ထင်ထားတာတွေ အကုန်ပျောက်ပါတယ်။
            " အဝိဇ္ဇာ ပစ္စယာ တဏှာ" .. မသိတဲ့ "အဝိဇ္ဇာ" ကြောင့် တက်မက်နှစ်သက်တဲ့ " တဏှာ" ဖြစ်ရတယ်။ " တဏှာ" ကြောင့်လည်း " အဝိဇ္ဇာ" ဖြစ်ရတာတွေ ရှိတယ် ဆိုတာ သဘောပေါက် နားလည်ရပါမယ်။
             "ပဋိစ္စသမုပ္ပါဒ်"  ဆိုတာက အကြောင်းအကျိုးကို သိစေချင်တာပါ။
"အဝိဇ္ဇာ ပစ္စယာ သင်္ခါရာ" ဆိုတာ " အဝိဇ္ဇာကြောင့် သင်္ခါရ ဖြစ်တယ်" ဆိုတာ သိစေချင်တာ၊
ဒီတော့.."သင်္ခါရ ပစ္စယာ ဝိညာဏံ၊ ဝိညာဏ ပစ္စယာ နာမရူပံ" ၊
"သင်္ခါရ" ကြောင့် "ဝိညာဏ်"  ဖြစ်၊ "ဝိညာဏ်" ကြောင့် "နာမ်ရုပ်".. ဖြစ်..။ ဒီလိုပါဘဲ.... ဘာကြောင့်ဖြစ်..ဘာကြောင့်ဖြစ်..ဘာကြောင့်ဖြစ် ဆိုပြီး စသည်ဖြင့် ဒီလို နဲ့ သွားလိုက်တော့ နောက်ဆုံး "ဇာတိ" ကြောင့် "ဇရာ မရဏ"...ဖြစ်.. ဆိုတာရောက်သွားရော...ဒါတွေပါဘဲ။
        အဲဒီ "ဇာတိ နဲ့  ဇရာ မရဏ"က" မွေးပြီးတာ နဲ့ ပြီးတော့ အိုပြီးသေ တာ "ပါ။
ဒီတော့ "မွေးရင် သေမယ်"။
နောက်ဆုံး အဖြေက ဒါပါဘဲ။
             မသေချင်ရင် မမွေး နဲ့ ပေါ့။
             မွေးလို့ သေတာပါ။ အလကားနေရင်း အိုပြီး သေတာ မဟုတ်ပါဘူး။ ရုတ်တရက် မတော်တဆ ထိခိုက်မိလို့ ၊ သူများသတ်တာမို့ လို့ သေတာ မဟုတ်ပါဘူး။မွေးလို့ သေတာပါ။ မမွေးရင် မသေပါဘူး။
အဲဒါကို မသိကြတာ။ ကင်ဆာကြောင့်သေတယ်၊ ကားတိုက်လို့ သေတယ်.ရေနစ်လို့ သေတယ် ၊ သေတာကို ပုံစံအမျိုးမျိုး နဲ့ ညွှန်းနေကြတယ်၊ အဲဒီလိုထင်နေကြတယ်။အမှန်တရားကိုမသိကြဘူး။ မွေးလို့ သေတာကို မသိကြပါဘူး။
            မွေးတဲ့ သတ္တဝါတိုင်း သေတယ်၊ သေတဲ့ သတ္တဝါတိုင်းကတော့ မွေးချင် မွေးမယ်၊ မမွေးချင် မမွေးဘူး၊ ဘုရား ရဟန္တာ တို့ ကျတော့ သေတော့သေတယ်၊မမွေးတော့ဘူး။
            ပြသနာက မွေး လို့ သေတယ် ဆိုတာကို မသိကြတာ။
          " မွေးပြီးမှ သေတယ်" ဆိုတာ ကို တော့ လူတိုင်းသိတယ်..နော်။ အဲဒါကြောင့် ဘုရားရှင်ကိုယ်တော်မြတ်ကြီးဟောတာက "ဒါကြောင့်..ဒါဖြစ်တာ"ကို သိစေချင်တာ။ မွေးပြီးမှ သေတာ ကို သိစေလိုတာ မဟုတ်ဘူး။ သိစေချင်တာက.." မွေးလို့ ..သေတာ" ပါ။
           ဒါဆို ဓမ္မမိတ်ဆွေ တို့ သဘောပေါက်မယ်ထင်ပါတယ်။
                 ဒါကြောင့် မသေချင်ရင် ဘယ်လို လုပ်မလဲ ဆိုတော့..မမွေးအောင် လုပ်ပေါ့၊ မမွေးအောင်ဘယ်လို လုပ်ကြမလဲ။
               ကဲဒီတော့ " အဝိဇ္ဇာ နဲ့ တဏှာ" က စရမယ်ဆိုရင်.
       "အဝိဇ္ဇာ ပစ္စယာ တဏှာ၊ တဏှာ ပစ္စယာ အဝိဇ္ဇာ"
       " အဝိဇ္ဇာကြောင့် တဏှာဖြစ်တယ်"
      " တဏှာကြောင့် အဝိဇ္ဇာဖြစ်တယ်"
အဲဒီ "အဝိဇ္ဇာ၊ တဏှာ" တွေ မြန်မာလို ပြန်ရေးရရင်..
"အဝိဇ္ဇာ"ဆိုတာ ..မသိတာ၊ "တဏှာ"က လိုချင်တယ်။
        ဒီတော့..
       "အဝိဇ္ဇာ ပစ္စယာ တဏှာ၊ တဏှာ ပစ္စယာ အဝိဇ္ဇာ"
"မသိလို့ .. လိုချင်တယ်"။ " လို ချင်တော့ ..မသိဘူး"
            ဘာကို "မသိတာ"လည်းဆိုတော့ ..
    လိုချင်စရာ မကောင်းမှန်း..."မသိတာ"၊
လိုချင်စရာ မကောင်းမှန်း "သိရင်"... မလိုချင်ဘူး။
           "အဝိဇ္ဇာ ပစ္စယာ တဏှာ" ဆိုတဲ့..
"အဝိဇ္ဇာ" ကြောင့် "တဏှာ" ဖြစ်တာ...ပါ။
        ထပ် ပြောရရင်..
         "လိုချင်စရာ မကောင်းမှန်း "မသိတဲ့ အတွက်ကြောင့် လိုချင်တာ" ဖြစ်ပါတယ်၊ ဒါ့ကြောင့် လိုချင်တဲ့ "တဏှာ" ပေါ်ရတယ်။ အဲဒီ "တဏှာ" မပေါ်ချင်ရင် ဘာလုပ်မလည်းဆိုတော့... "အဝိဇ္ဇာ" မဖြစ်နဲ့ ပေါ့။ ကောင်းမှန်း မကောင်းမှန်း "သိလို့ " ကတော့ မလိုချင်တော့ဘူး၊ အဲဒီတော့ .."တဏှာ "မဖြစ်ဘူးပေါ့။
         အဲဒါကြောင့် ရှေးဆရာတွေက လွယ်လွယ်နဲ့ ဘာပြောကြသလဲ ဆိုရင်..." မကောင်းမှန်း မသိလို ယူတာ၊ မကောင်းမှန်းသိရင် ဘယ်ယူပါ့မလဲ" ဆိုတဲ့ ရှေးလူကြီးတွေရဲ့ စကားရပ်ပါဘဲ။
              "တဏှာ ပစ္စယာ အဝိဇ္ဇာ"
              " တဏှာ" ကြောင့် "အဝိဇ္ဇာ"ဖြစ်တာ ပြောပါ့မယ်။
            လိုချင်တဲ့ "တဏှာ" ဖြစ်ပြီဆိုရင် ကောင်းတာမကောင်း မစဉ်းစားတော့ဘူး။
လိုချင်နေတာဘဲ သိတော့တယ်။
          ကျန်းမာရေး မကောင်းလို့  ဆရာဝန်က ဒါမတည့်ဘူးလို့ ပြောထား ပေမယ့်လည်း စားချင်ပြီ ဆိုရင်..တည့်တာ မတည့်တာ မစဉ်းစားတော့ဘူး...စားတာဘဲ။
         တစ်ခုတော့ ရှိတယ်.. လိုချင်ပြီဆိုရင်တော့ ရအောင် လုပ်တတ်ကြတယ်နော်။ ရလဲရကြပါတယ်။ ပြသနာ က ဘာလည်းဆိုတော့ ကောင်းမှန်း မကောင်းမှန်း မသိတာ၊ အတုလား အစစ်လား ဆိုတာမသိဘူး..လိုချင်တာဘဲ သိတော့တယ်။
         "တဏှာ"ဟာ လိုချင်လွန်း လို့ စဉ်းကို မစဉ်းစားတော့ဘူး.. ကောင်းကောင်း မကောင်းကောင်း ရမှ ဖြစ်မယ် ဆိုတဲ့ "လောဘ" နဲ့ အတူ မသိတာ က ကပ်ပါလာပြီး.." လိုချင်လာတော့.. ဘာမှမသိတော့ဘူး" ဖြစ်လာပါတယ်။
          ဒါနဲ့ ဘဲ သံသရာ က လည်ရတော့တာပါဘဲ။
          ဒါ့ကြောင့် "ပဋိစ္စသမုပ္ပါဒ်"စက်ဝိုင်းမှာ ဆိုရင် ဒီ " အဝိဇ္ဇာ နဲ့  တဏှာ" ကို အလည်တည့်တည့် မှာထားထားတာပါ။ အဲဒီ နှစ်ခုက အဓိကဘဲ...။ သူတို့ နှစ်ခုက အမြဲတည့်နေတာ။ သူငယ်ချင်းတွေလိုဘဲ..။
           "အဝိဇ္ဇာ" က လှည့်လိုက်၊ "တဏှာ" က လိုချင်လိုက်၊ " တဏှာ" က လို ချင်တဲ့အတွက် မသိတာတွေ ရလိုက်နဲ့ ..။သူတို့ ကိုယ်တိုင်လည်း အကြောင်း နဲ့ အကျိုးတွေ ဖြစ်ပြီး အပြန်အလှန် အကျိုးပြုနေတော့တာပါဘဲ။
          နောက်ပြီးတော့...
          "တဏှာ" က ဘာကို နှစ်သက်နေသတုန်း ဆိုရင်.. "ဝေဒနာ" ကို နှစ်သက်ပါတယ်။
        " တဏှာ ရော၊ ဝေဒနာ" နှစ်ခုစလုံးဟာ " သဟေတုဓမ္မ" တွေပါဘဲ။ " သဟေတု ဓမ္မ" ဆိုတာ..အဓိပ္ပါယ်ကတော့.."အကြောင်းရှိလို့ ဖြစ်လာတဲ့ တရား"..ပါ။
              အဲဒီလို အကြောင်းရှိလို ဖြစ်လာတဲ့တရား ကို ဘုရားရှင်ကိုယ်တော်မြတ်ကြီးက မြင်တော့..
            ဘယ်သူဘဲမြင်မြင်ပါ၊ အဲဒီ "သဟေတု ဓမ္မ" ကို မြင်လိုက်တာနဲ့ အမှန်လို့ ကိုယ်ထင်ထားတဲ့ ယုံမှားမှု သံသယ တွေ အကုန်ပျောက်ကုန်ပါတယ်၊ အရင်က ကိုယ်ထင်တာတွေ ဟာ တစ်ခုမှ အမှန်မဟုတ်တော့ပါဘူးဆိုတာ သိလာပါတယ်။အဲဒီလို သဘောပေါက်လာပါလိမ့်မယ်။
                ဒီလောကကြီးမှာ "အကြောင်းမရှိဘဲ ဖြစ်တဲ့တရား"ဆိုတာမရှိပါဘူး။
             ခုန ပြောခဲ့ တဲ့ " တဏှာ" ဆိုတာက သူ့ မှာ လိုချင်တာဘဲ ရှိတယ်၊ ကောင်းတာမကောင်းတာ မစဉ်းစားတော့ဘူး။ ဘာကို လိုချင်သလဲ ဆိုတော့.. "ဝေဒနာ" ကို လိုချင်တယ်။ "ဝေဒနာ" မှာရှိတဲ့ ချိုတယ်၊ချဉ်တယ်၊ငံတယ်၊စပ်တယ်၊အဲဒီလို အရသာမျိုးတွေက အစ ဖြစ်လာတဲ့ ဝေဒနာ ကို လိုချင်နေတယ်။ဒီနေရာမှာတော့ အရသာ ပေါ့လေ။ အရသာ ကို  "ဝေဒနာ" လို့ ထားလိုက်ရအောင်၊
            ဒီတော့ "တဏှာ" က "ဝေဒနာ" ကို လို ချင်နေတယ်။ ဘာလို့ လိုချင်သလည်း ဆိုတော့ ကြိုက်စရာရှိလို့ ၊ လိုချင်တတ် တဲ့ "တဏှာ" က လိုချင်စရာတွေ ရှိလို့ ပါဘဲ။ ဘာ ကို လိုချင်တာလဲ ၊ ဘာတွေကြိုက်တာ တွေ့ လို့ လည်းဆိုတော့...
"တဏှာဟာ"..."ဝေဒနာ" ကို ကြိုက်တယ်။
"တဏှာဟာ".. "ဖဿ" ကို ကြိုက်တယ်၊
"တဏှာဟာ".. "သဠာယတန" ကို ကြိုက်တယ်၊
"တဏှာဟာ".. "နာမ်ရုပ်" ကို ကြိုက်တယ်၊
"တဏှာဟာ".. "ဝိညာဏ်" ကို ကြိုက်တယ်၊
          ပါဠိ လိုတွေ ပြောတော့ နည်းနည်းရှုပ်သွားပုံရပါတယ်။ "သဠာယတန" နဲ့ ပြောမယ် ဆိုရင်တော့...
ဒီ"သဠာယတန"ကို မြင်ပြီးတော့ စိတ်ထဲက ဘာကို သဘောပေါက်လိုက်ရမလည်း ဆိုတော့ " မျက်စိ၊နား၊နှာခေါင်း၊လျှာ၊ ကိုယ်၊ စိတ် " လို့ သဘောပေါက်လိုက်ရပါမယ်။
          ဒီ "တဏှာ" ဆိုတာက ကြိုက်ပြီဟေ့ ဆိုရင် ဘာမှ ပြောမနေ နဲ့ ကြိုက်နေတော့တာ..
တကယ်တော့..
"တဏှာဟာ"...ကိုယ့် "မျက်စိ" ကို ကိုယ် ကြိုက်တယ်။
"တဏှာဟာ"...ကိုယ့်"နား" ကို ကိုယ် ကြိုက်တယ်။
"တဏှာဟာ"...ကိုယ့်"နှာခေါင်း" ကိုကိုယ်  ကြိုက်တယ်။
"တဏှာဟာ"...ကိုယ့်"လျှာ" ကို ကိုယ် ကြိုက်တယ်။
"တဏှာဟာ"...ကိုယ့် "ကိုယ်ထိတွေ့ မှု" ကို ကိုယ် ကြိုက်တယ်။
"တဏှာဟာ"...ကိုယ့်"စိတ်" ကို ကိုယ် ကြိုက်တယ်။
            ဒါကတော့ စာထဲမှာရေးထားတာပေါ့နော်။
            ဥပမာ..ဓမ္မမိတ်ဆွေတို့ အနေနဲ့ ပြောရင်ရော ဓမ္မမိတ်ဆွေတို့ ..ကိုယ့်မျက်စိ ကိုယ် ကြိုက်လား၊မကြိုက်ဘူးလား။ ကြိုက်တယ်ဆိုတာ ဒီလို ပြောတာ ဓမ္မမိတ်ဆွေ တို့ စဉ်းစားကြည့်၊ ကိုယ့်မှာ မျက်စိမရှိရင် ဖြစ်မလား၊ မဖြစ်ဘူး။ဒါကတော့ ဥပါဒန် ပါလာပြီ။ ထားပါတော့..။
            ဓမ္မမိတ်ဆွေတို့  မျက်စိအကန်းခံမလား၊ အသေခံမလား။
တစ်ခြား ပစ္စည်း ဘာညာကြိုက်တာတွေ ခဏထားလိုက်အုံး...
        "တဏှာ" က ဘာလာလာကြိုက်မှာဘဲ။အဲဒီလောက် ထိ ကိုယ့်မျက်စိကို ကြိုက်နေတာ၊ ကိုယ့် "နား"ကို ကြိုက်နေတာ၊ ကိုယ့် နှာခေါင်းကို ကြိုက်နေတာ...။ကိုယ်ပိုင်တာကျနေတာဘဲ ကို ကြိုက်တာ..။တကယ်တော့ တဏှာဟာ မျက်စိ၊ နား ၊ နှာခေါင်း တို့ ကို သူပိုင်တာလား၊ သူလုပ်လို့ ရတာလား ပြန်ကြည့်ပေါ့၊
           ဥပမာ...
        မျက်လုံးကန်း သွားလို့ ရှိရင်၊ ဒါ "တဏှာ"ကုန်လို့ ကွယ်တာ မဟုတ်ဘူး၊ ကံကုန်လို့ ကွယ်တာဖြစ်တယ်။ ကြားဘူးမှာပေါ့.. မျက်လုံးကွယ်သွားတာကြားရင်.. ဪ ကံမကောင်းလိုက်တာ မျက်လုံးကွယ်သွားပါရောလား..ဆိုပြီး။ ဒါက ကံကြောင့် ဖြစ်တာ။ ဒါပေမယ့် "တဏှာ"သူဟာ မှတ်ပြီး ကြိုက်ကို နေတာ.။ဒီ မျက်လုံးလေး နဲ့ လှတာလေးကို မြင်ချင်တယ်။ လှတာမြင်တော့ ကြိုက်လာပြန်တယ်။တဏှာဖြစ်ရပြန်တယ်။ ဒါက နောက်ထပ် တဏှာနော်..မူယင်း ဟို တဏှာက ရှိနေပြီးသား။ ကိုယ့်မျက်စိ လေးကို ကောင်းတာ မြင်စေချင်တဲ့... လောဘ။ မကြိုက်တဲ့ဟာ မြင်တော့. ဒေါသ ဖြစ်ပြီ။
           မိမိတို့ ကတော့...ကိုယ့်မျက်စိကို အမြဲတမ်း ဒီအတိုင်းသွားနေမယ်လို့ ထင်တတ်ကြတယ်။
မျက်စိဟာ မှုန်တတ်တယ်၊
ကန်းတတ်တယ်၊
ကြိမ်းတတ်တယ်၊
ကွယ်တတ်တယ်... ဆိုတာ သိတော့သိတယ်။ ဒါပေမဲ့ ဘာဖြစ်နေသလဲဆိုတော့..မေ့နေတာ။ ဘယ်သူက မေ့အောင် လုပ်တာလည်း ဆိုတော့ " အဝိဇ္ဇာ" ဆိုတဲ့" မောဟ" က မသိအောင်လုပ်ထားတာပါ။
            အကြောင်းရင်းက မျက်လုံးကွယ်တတ်တယ်၊မှုန်တတ်တယ် ဆိုတာကို ဘဲ "သိ"ဖို့ ဘဲ လိုတာ။ဒါပေမယ့် ဘယ်လိုဘဲ ဖြစ်ဖြစ် "အဝိဇ္ဇာ "က တော့လက်မခံပါဘူး။ သူ့ ကိစ္စက မသိအောင်လုပ်ဖို့ က သူ့ တာဝန်လေ။
           ဥပမာ...တစ်နေ့ ကို ထမင်း ၁၀နပ်လောက်စားရမှ ကြိုက်တဲ့လူ နဲ့ ထမင်းတနပ်ဘဲ စားပြီး နေနိုင်တာ ကို ကြိုက်တဲ့ လူ... ဘယ်ဟာက ကောင်းတုန်းဆိုတော့.. ထမင်း တစ်နပ်ဘဲစားပြီးနေနိုင်တာ ကြိုက်တဲ့လူ လို ဖြေကြမှာပါ။
             အဲဒီလို တစ်နပ်ထဲ စားနေရတာကို ကြိုက်တဲ့လူကလည်း၊ ကြာတော့ ထမင်းစားရတာကိုပဲ အပို အလုပ်တခုလို့ ထင်ကြပြီး၊ ကြာတော ကိုယ့်ပီတိလေး နဲ့ သာ နေချင်တဲ့ သဘောလို ဖြစ်လာတာတွေလည်းရှိကြတယ်။ ပီတိ နဲ့ သာ နေတဲ့ ဗြဟ္မာ၊ဘာညာ တွေ ဆိုတာမျိုးတွေ လိုပေါ့။ အဲဒီလို အပိုအလုပ်တွေ သိလာတာ နဲ့ အမျှ "တဏှာ"ကလည်း လျော့လျော့သွားတာ ပါဘဲ။ ဒါပေမဲ့ အပို အလုပ်တွေ ကို" အဝိဇ္ဇာ" ကတော့ ပေးမသိပါဘူး။အဲဒီလို မသိတာများလေလေ "တဏှာ" ကကြိုက်လေလေပေါ့ ။
               ဒီလို ကြိုက်စရာကောင်းအောင် လုပ်ထားတာကို က "အဝိဇ္ဇာ"ပါဘဲ။"ဒုက္ခသစ္စာ" မှန်း မသိအောင် လုပ်ထားတာ " အဝိဇ္ဇာ"၊တကယ်တန်းကျတော့ ဒုက္ခရောက်နေတာကို ဒုက္ခရောက်နေမှန်းမသိအောင်လုပ်ထားတာက "အဝိဇ္ဇာ"။ အဓိက တရားခံဟာ သူပါဘဲ။
           ဒီတော့ သူ့ ကို လက်ခံလို့ မဖြစ်ဘူး။ မိတ်ဖွဲ့ လို့ မဖြစ်ဘူး။ သူ့ ကို ကိုယ်က ပယ်ထားပြစ်လိုက်ရမှာပါ။လစ်လျူရှု ရမှာတော့ မဟုတ်ဘူးနော်..။ "အဝိဇ္ဇာ" မလာအောင် လုပ်ဖို့ ကတော့ တော်တော် ခဲယဉ်းပါလိမ့်မယ်။ဘုရား၊ ရဟန္တာ တွေ သာ " အဝိဇ္ဇာ" မလာအောင် လုပ်လို့ ရတာပါ၊
" အဝိဇ္ဇာ" ရှိနေတယ် ဆိုတာကို တော့ သိထားရပါမယ်၊ သူ့ မလာနိုင်အောင်လုပ်ဖို့ ပါဘဲ။
             "တဏှာ" ဆိုတာက "လောဘ"၊ အဝိဇ္ဇာ" ဆိုတာက " မောဟ" ၊
             ဒီ " အဝိဇ္ဇာ" ဆိုတဲ့ မသိတာ ပျောက်အောင် ဘာနဲ့ နေမလဲ ဆိုတော့ " သိတာနဲ့ " နေမှာပေါ့။ ဒီနေရာမှာ "သိတာ" က ဘာလည်း ဆိုတော့ " ဉာဏ်" ဘဲ။ "ဉာဏ် " နဲ့ နေမယ်ပေါ့။ ဒီ မသိတဲ့ " အဝိဇ္ဇာ" ကို ဘယ်လို လုပ်မလဲ ဆိုတော့.."ဉာဏ်"နဲ့ စောင့်ကြည့်ပြီး ထိမ်းထားပေးလိုက်ရပါမယ်။ အဲဒီလို "ဉာဏ်"နဲ့ စောင့်ကြည့်နေလို့ ကတော့ "အဝိဇ္ဇာ"မလာပါဘူး။အဲဒီတော့.. "တဏှာ" လည်းမဖြစ်ဘူးပေါ့။
           ဓမ္မမိတ်ဆွေ တို့  ဝိပဿနာ အားထုတ်တယ် ဆိုတာ "ဉာဏ်"အလုပ်ပါ။
         ဒါပေမဲ့ "ဝိပဿနာ" အားထုတ်တယ် ဆိုတာ စာကျက်သလို မျိုး " ငါ ဘယ်လောက်ရအောင် ကျက်ပစ်လိုက်မယ်" လို့ လုပ်လို့ မရပါဘူး။ တစ်ညလုံးစာထိုင်ကျက်သလိုမျိုး၊ တရားမြန်မြန်ရအောင် တစ်ညလုံး အားထုတ်ပစ်လိုက်မယ်ဆိုလို့ မရဘူးဆိုတာ သဘောပေါက်ရမှာပါ။
             တရားအားထုတ်တယ် ဆိုတာ အတင်းအားထုတ်လို့ မရပါဘူး။ တရားဆိုမှတော့ တရားတဲ့နည်းအတိုင်းသွားမှသာ တရားရကြမှာပါ။ စာကျက်သလိုသာ ဝိပဿနာ အားထုတ်လို့ ရရင်... စာတော်တဲ့ ဆရာဝန်တွေ၊ အင်ဂျင်နီယာတွေ... နိဗ္ဗာန်ကတောင် သုံးခေါက်လောက်တောင်ပြန်လို့ ရနေပြီ။မှတ်ဉာဏ်ကောင်းပေမယ့် လည်း "ဉာဏ် " ဆိုတာ အဲဒီလို လုပ်လို့ မရပါဘူး။
( ဒုတိယပိုင်း ကို ဆက်ဖတ်ပါရန် )
•••••••••••••••••••••••••••••••
ခန္ဓာ( ၅ )ပါးတဦး                               စက်ဝိုင်းမှာ ဘာတွေရေးထားမှန်း..မသိဘူးဆိုသူတို့ အတွက်..ပဋိစ္စသမုပ္ပါဒ် ရှင်းတမ်း( ဒုတိယပိုင်း )"
••••••••••••••••••••••••••••••••••
           "ပဋိစ္စသမုပ္ပါဒ် " ရှင်းတမ်း လို့ အမည်ပေးထားတဲ့ .. ဒုတိယပိုင်း ကို ဆက်လက်လက် ရေးသား ဖေါ်ပြရရင်..
             ပထမပိုင်းတုန်းက ရေးလက်စ စကားကို ပြန်ကောက်ရရင်တော့.."ပဋိစ္စသမုပ္ပါဒ် " ကို ပြတ်အောင် လို့  ဓမ္မမိတ်ဆွေတို့ ဟာ တရားအားထုတ်ကြပါတယ်။ အဲဒီလို တရားအားထုတ်တယ် ဆိုတာ အတင်းအားထုတ်လို့ မရပါဘူး။ ခက်နေကြတာက အတင်းအားထုတ်မှ ရတာဆိုတာချည်းကို က ခက်နေကြတာပါ။
            မရပါဘူး၊ စာထဲမှာလည်း အဲဒီလို အားထုတ်ရမယ်လို့ လည်း မပါပါဘူး။ ဒီတော့ ဓမ္မမိတ်ဆွေတို့ လည်း ဗဟုသုတ ရအောင် ပြောရရင်..
             အဲဒီ "ဝီရိယ"က ဘုရားရှင်နဲ့ ဘုရားလောင်းတွေမှာသာ ပေါ်တယ် ဆိုပေမယ့်လည်း၊ သေချာပေါက် ဘုရားဖြစ်မယ်ဆိုတဲ့ နေ့ ကျမှ ဉာဏ်တော်မှာ ဒီ ဝီရိယ ပေါ်တာပါ။စာထဲမှာတော့ အဲဒီအတိုင်း ဆိုပါတယ်။ဘုရားရှင် နဲ့ ဘုရားလောင်းတွေ ဘဲ ပေါ်တဲ့ ဝီရိယ နော်..။ ဓမ္မမိတ်ဆွေ တို့ လွဲနေမှာစိုး လို ပါ။ ကိုယ်မှ ဘုရားလောင်း မဟုတ်ဘဲ။ ဘုရားလောင်း ဖြစ်အုံးတော့ ဘုရားတောင် အကျင့်မှားပြီး ( ၆ )နှစ်ကျင့်ခဲ့ရတာ၊ အဲဒီတုန်းက ဒီ ဝီရိယ မှ မဖြစ်ခဲ့ တာ။
            ဗဟုသုတ ရှိအောင်ပြောပြတာပါ။ ဝိပဿနာ ဆိုတာ " ဉာဏ်" အလုပ်ပါ၊ အတင်း လုပ်စရာမလိုပါဘူး။
             ဝိပဿနာ အားထုတ်တယ် ဆိုတာ.. အပ်ချည် နဲ့ အပ်ပေါက် ထိုးသလိုပါဘဲ။ အတင်းကာရောလည်း ထိုးလို့ မရပါဘူး။အပ်ပေါက်ထိုးတော့မယ်ဆိုရင် အရင်ဆုံး ချင့်ချိန့်ရတယ်၊ အပ်ချည် ထိပ်ဖျားလေး ဖွာနေရင် တံတွေး နဲ့ အသာလေး စွတ်ချင်စွတ်၊ အပ်ပေါက်ထိုးခါနီးကျမှ ကြည့်လိုက်တော့ ထိပ်ဖျားလေးက ခွေကျ နေလို့ ထိပ်ဖျားလေးကို  သွားလေး နဲ့ ဖြတ်တောက် ရတယ်။ ဒါကတော့ ဉာဏ် ကူတာပေါ့နော်၊ ပြီး တော့ အနေတော်ဘဲ ဆိုမှ အပ်ပေါက်ကို လက်ငြိမ်ငြိမ်ထားပြီး ထိုးသွင်းရတာ၊ အဲဒီအချိန်မှာ သတိလည်းရှိရတယ်၊ သမာဓိလည်းပါရတယ်၊"ဉာဏ်"လည်းပါရပါတယ်၊ ကြိုးစားအားထုတ်မှု လုံးလ ဝီရိယ ဆိုတာတွေ ပါရပါတယ်...ပေါ့။ အဲဒီလိုမျိုးပါဘဲ ဝိပဿနာ အားထုတ်တယ်ဆိုတာ။
             ဒါကြောင့် ဝိပဿနာ အားထုတ်တယ်ဆိုတာ "ပဋိစ္စသမုပ္ပါဒ် " ပြတ်အောင်အားထုတ်တာပါ။ဘယ်လို ဆိုရင် ပြတ်တာလည်းဆိုတော့ " တဏှာ" မရှိတော့ရင် ပြတ်ပါတယ်။
           "တဏှာ" ရှိလာတာ နဲ့  လိုချင်တာရှိလာပါတယ်၊စွဲလမ်းတာ ရှိလာပါတယ်၊ "ဥပါဒါန်" ပေါ့။
          လိုချင်တော့..စွဲလမ်း၊ စွဲလမ်းတော့ ... ပြုလုပ်၊ဒီ သုံးခု ကတော့ တပြိုင်ထဲ ဆိုသလို ပါဘဲ။
         ဘာဖြစ်လို့ လဲဆိုတော့.. လိုချင်ရင် စွဲလမ်းတာကို လိုချင်တာပေါ့၊လိုချင်တာနဲ့ စွဲလမ်း၊ စွဲလမ်းတာနဲ့ လို ချင် အတူတူပါဘဲ။မစွဲလမ်းတော့ မလိုချင်တော့ပါဘူး။ မစွဲလမ်းရင် အရမ်းသက်သာပါတယ်။
            ဥပမာ
           ဓမ္မမိတ်ဆွေတို့ အသံတစ်ခုကြားတယ် ဆိုပါစို့ ...
        နားထောင်လိုက်လို့ ကြားတာလား၊နားမထောင်ဘဲရော မကြားဘူးလား။
             ဥပမာ ကုသိုလ် ဖြစ်နေရင်ရော အဲဒီ "တဏှာ" တိုက်ရိုက်တော့ မပါဘူး၊နောက်ကကွယ်ရာကနေ ပါတယ်။အသံ နဲ့ နား နဲ့ ဆုံလို့ ကြားတာ ကို ကိုယ်က လက်မခံနိုင်တော့ ၊အသံ နဲ့ နားနဲ့ ဆုံရင်ကြားပါတယ်၊ နှလုံးသွင်းရင်ကြားတာပေါ့၊ အဲဒီ နှလုံးသွင်းရတာနဲ့တင် မကျေနပ်ဘဲ နဲ့ နားထောင်ချင်လို့ ဖြစ်ရတာ "တဏှာ"၊ အဲဒီလို ပါဘဲ မြင်တဲ့ အခါ မှာ လည်း ဒီအတိုင်းပါဘဲ။ အဆင်း နဲ့ မျက်လုံး နဲ့ ဆုံ တာကိုတင် အားမရသေးဘဲ၊ ဘာဖြစ်သလဲ ဆိုတော့ ကြည့်ချင်နေတယ်။အဲဒါ "တဏှာ"ဘဲ။
           ခုရှင်းပြတဲ့ အထိ..ဓမ္မမိတ်ဆွေတို့သဘောပေါက်မယ်ထင်ပါတယ်။
          အဲဒီလိုဘဲ..
          မြင်လိုက်တဲ့..အချိန်၊ ကြားလိုက်တဲ့..အချိန်၊ကြားလိုက်တဲ့.....အချိန်၊ စားမိလိုက်တဲ့...အချိန်၊ ထိမိ လိုက်တဲ့...အချိန်၊ စိတ်ကူးဖြစ်လိုက်တဲ့..အချိန် တွေ မှာ "ဉာဏ် " နဲ့ အသိကပ်လိုက်ပြီးတော့ " မြင်ယုံ၊ကြားယုံ၊နံယုံ၊အရသာရယုံ၊ထိတွေ့ ယုံ၊စိတ်ကူးမိယုံ " မှာတင်ဘဲ ရပ်ပစ်လိုက်ကြဖို့ လို့ ပါတယ်။
            အဲလိုမှ မရပ်ဘူးဆိုရင်..
"တဏှာ" ပြီးတော့ "စွဲလမ်း" ၊ နောက် မရမက ဖြစ်လာပြီ "ကာမဘဝ" နောက် ဆက်ဆက်ပြီးသွားတော့...အဲဒီမှာဘဲ သံသရာ က ဆက်မဲ့ အကြောင်းတွေ ဖြစ်တော့မှာပါ။
           တရားအားထုတ်တဲ့ ပုဂ္ဂိုလ်တွေ ဟာ "လွဲ"တာ နဲ့ သံသရာလည်တော့ တာပါဘဲ။
           "တဲ့" သွားရင်တော့ သံသရာပြတ်ပါတယ်။
            အခုထိ မပြတ်သေးတာဟာ ကိုယ်အားထုတ်သမျှတွေ "လွဲ" နေလို့ ပါဘဲ။ကိုယ့်ဖာသာကိုယ် သိကြပါလိမ့်မယ်။
            တကယ်တော့ လူတွေ ထင်နေကြတာက.. မြင်ရင်ကြိုက်တယ် ဆိုတာ... "အဆင်း"ကိုကြိုက်တယ်လို့ ထင်နေကြတာ။ တကယ်တော့ ကိုယ့်"မျက်စိ"ကို ကိုယ်ကြိုက်နေတာပါ၊တစ်ခါတစ်လေ ကြိုက်တာက ဟို အာရုံ၊ ဒီအာရုံပါ။ ဓမ္မမိတ်ဆွေတို့ သဘောပေါက်မယ်ထင်ပါတယ်။ ကိုယ်မျက်စိ အားကိုးပြီး ကောင်းတာလေးတွေ မြင်ချင်နေတာ၊ကြည့်ပြီး တစ်ခါတစ်လေကြိုက်တယ်၊ တစ်ခါတစ်လေ မကြိုက်ဘူး။ ကိုယ့်မျက်စိ ကို မကြိုက်ဘူးဆိုတာ တစ်ခါမှ မရှိပါဘူး။ စ ပြီး ကြိုက်ကတည်း က ကိုယ့်မျက်စိ ကိုဘဲ စကြိုက်တာ။ ကိုယ့်မျက်စိ ကို ကောင်းတာဘဲ မြင်စေချင်တယ်၊ အဲဒါနဲ့ ဘဲ ကောင်းတာ မကောင်းတာတွေလည်း မြင်ရော" လောဘ၊ဒေါသ" တွေ ဖြစ်ကုန်ကြတော့တာဘဲ။
         "နား" လည်း ထို့ အတူပါဘဲ။ ချီးမွှန်းတာဆို ကြိုက်တယ်၊ ကဲ့ရဲ့တာ ဆို မကြိုက်တော့ လောဘ၊ဒေါသတွေ ဖြစ်ကုန်တာပါဘဲ။ အဲဒီတော့ နောက်ထပ်ပေါ်လာတဲ့ "တဏှာ" တွေ ဖြစ်ရပြန်ပါတယ်။ နောက်မှ ပေါ်တဲ့ "တဏှာ"ကတော့ လောဘ နဲ တွဲနေတယ်၊ ပြီးတော့ ဒေါသ နဲ့ လည်းတွဲနေပါတယ်။
        ပထမ တဏှာ က သူဖာသာသူ၊  နဂိုတည်း က ကိန်းနေတာ.. သူ က ကိုယ့်မျက်စိ၊နား၊နှာခေါင်း၊လျှာ၊ကိုယ်၊စိတ် သူက ကြိုက်နေတာ....။
          ကိုယ့်အကြောင်းကိုယ်စဉ်းစားကြည့်လိုက်ပါ၊ ကိုယ့် မျက်စိ ဘယ်တော့ "ကွယ်"မယ်ဆိုတာ သိပါသလား၊ကွယ်ရော မကွယ်တတ်ဘူးလား၊ ကွယ်တတ်တယ် လို့ သိထားရင် ခုချက်ချင်းကွယ်လည်း မမှုတော့ပါဘူး။နောက်ကျမှ ကွယ်လည်း မမှုတော့ပါဘူး။
        မျက်စိကောင်းနေတယ်ဆိုတာ "မှုန်"လာတာ နဲ့  အဆုံးသတ်ပါတယ်။
       မျက်စိ မြင်တယ်ဆိုတာက "ကွယ်"တာ နဲ့ အဆုံးသတ်ပါတယ်။အဲဒါကို ကိုယ့်မျက်စိ ကို ဘာနဲ့ ကြည့်တာလည်း ဆိုတော့ " ဉာဏ်" နဲ့ ကြည့်တာပါ။ ဒါဆို "နား"ကို လည်း ကြည့်တတ်ပြီပေါ့။ ဒါဆို တစ်ကိုယ်လုံး ကြည့်တတ်ပြီပေါ့။
            တစ်ကိုယ်လုံးကို ကြည့်တတ်မှတော့..
           ဒီတစ်ကိုယ်လုံးဟာ ဖြစ်လာတောလည်း ဒီကောင်ဘဲ၊"မှုန်" လာတော့လည်းဒီကောင်ဘဲ၊" ကွယ်" လာတော့လည်း ဒီကောင်ဘဲ အဲဒါကို ကိုယ့်မျက်စိကို ကိုယ်ကြည့်တယ်လို့ ခေါ်တယ်။
            အဲဒီ မျက်စိ" ဖြစ်"လာတာရယ်၊ "မှုန်"လာတာရယ်၊ "ကွယ်"လာတာ ရယ် ကို " ဉာဏ်" နဲ့  ကြည့်လိုက်တဲ့ အခါကျတော့..
         ဇာတိက မျက်စိလေး " ဖြစ်"လာတာ..။
         ဇရာ က "မှုန်" လာတာ..။
         မရဏ က ဘာဖြစ်လည်း ဆိုတော့ "ကွယ်"တာ။
တကယ်တော့
        "သာဠာယတန" ရယ် " ဇာတိ၊ ဇရာ မရဏ" ရယ်က အတူတူ၊
မျက်စိ လက္ခဏာက ...
         မျက်စိ " ဖြစ်မယ်၊မှုန်မယ်၊ကွယ်မယ်"
နားရဲ့လက္ခဏာက
          နား" ဖြစ်မယ်၊နားလေးမယ်၊ကန်းမယ်"
ဒါ့ကြောင့် ကိုယ့်မျက်စိကိုယ်ပြန်ကြည့်ဆိုတာ အဲဒီသဘောသိဖို့ ပါ။အဲဒီသဘော မသိထား တဲ့ လူကတော့  ဗြုန်းကနဲ "ကွယ်"ရင်သိပ်ခံရခက်ပါတယ်။ ကြိုသိပြီးမှ "ကွယ်" ရင်တော့ တော်သေးတာပေါ့နော်။ဒါကြောင့် လူတွေအမြဲပြောတာ.. တရားရှိတဲ့လူ နဲ့ တရားမရှိတဲ့လူ ဆိုတာ။
         အတိတ် ကံ တစ်ခုခု ကြောင့် ကွယ်ခဲ့သည်ရှိသော်  " မျက်စိဟာ ကွယ်တတ်တယ် "လို သိထားတဲ့ လူအတွက်ခံသာတာပေါ့။ကွယ်ချင်ကွယ်မယ်၊ မကွယ်ချင်မကွယ်ဘူးလေ။
           အကုန်လုံးဟာ အဲဒီလက္ခဏာတွေ အကုန်ရှိတယ်။ " ဖြစ်လာမယ် ၊ မှုန်မယ်၊ ကန်းမယ်" ဆိုတဲ့ အဲဒီအသိဆိုတာ ကို သိထားတဲ့ အတွက်ကြောင့် မျက်စိ အဆင်မပြေရင် ဘာမှ ဖြစ်စရာမရှိတောဘူး။
       ဒါဆို "လူ" ဖက်ကို လှည့်ပြီး ပြောရရင်တော့....
       လူဆိုတာ မွေးလာရင် သေမှာဘဲ ဘယ်တော့သေမယ် ဆိုတာသာ မသိတာပါ။ သေမှာကို တကယ်သိထားရင်လေ နေရထိုင်ရတာ သက်သာပါတယ်။
         သံဝေဂ ရဖို့ အတွက်..
         " မွေး အို သေ" ကို မြင်ရတယ်။
          ဝိပဿနာ ဉာဏ်ရဖို့ အတွက်
          "ဖြစ်တယ်၊ ပျက်တယ်" ကို မြင်ရတယ်...တဲ့။
ဘာတွေ မြင်ရမလည်းဆိုတော့...
          အာရုံ လေး ဖြစ်နေတာ ကို မြင်ေ ရမယ်။ သိ နေရပါမယ်။
ဓမ္မမိတ်ဆွေ တို့ အခု ဒီစာကြောင်းကို ဖတ်နေတဲ့ အချိန်မှာ ဖြစ်နေတဲ့ အာရုံ ကို သိရပါမယ်။ ခုန ဒီစာကို စ ဖတ်တုန်းက အာရုံရော၊စိတ်တွေ ရော မရှိတော့ဘူး ဆိုတာ သိရပါမယ်။ ကိုယ့် မျက်စိကို ကိုယ်ကြည့်သလို ကိုယ်နဲ့ ဆုံတဲ့ အာရုံ ကိုလည်း ကိုယ်ကြည့်ရမယ်။
            ဝိပဿနာ ဆိုတာ ဉာဏ်ရှိရင် ကိုယ့် မျက်စိ၊နား၊ခန္ဓာ ကို လည်း ကိုယ်ကြည့် နိုင်သလို ကိုယ့်အာရုံကိုလည်း ကိုယ်ကြည့်နိုင်ပါတယ်။
အဲဒါ ကြည့်နေယုံလေးပါ..ဘဲ..
ကြည့်တော့ ဘာထူးလဲ ဆိုတော့.
ကြည့်တော့ မြင်တယ်ပေါ့၊
မြင်တော့ သိတယ်ပေါ့၊
သိတော့ နားလည်တယ်..ပေါ့၊
အဲဒီလို နားလည်လိုက်ပြီ ဆိုရင်တော့..
           ဓမ္မမိတ်ဆွေ ခုန မြင်ခဲ့ရတဲ့၊ ဆုံခဲ့ရတဲ့အာရုံတွေ ဟာ တစ်ခုမှ မရှိတော့ဘူး..ဆိုတာ အလိုလို သိသွားပါတယ်။
               သူများပြောလို့ မှ သိတာ မကောင်းဘူးနော်..
      ကိုယ် ကိုယ်တိုင် မြင်ခဲ့ရတဲ့အာရုံတွေ ကို ခုလို ဖြစ်ပြီး မရှိတော့ပါလား၊ ခုလို ဖြစ်ပြီးမရှိတော့ပါလား ဆိုတဲ့ အသိနဲ့ မှသာ ဒီအာရုံ ကို စွဲချင်တဲ့ သတ္တိ၊ လိုချင်တဲ့သတ္တိ မရှိတော့မှာပါ။ ဘာလို့ မရှိတာလည်း ဆိုရင် အဲဒါတွေက လို ချင်စရာမကောင်းလို့ လား၊ လိုချင်လို့ ကို မရလို့ လား၊ အဲဒါလေး အရေးကြီးတာပါ။
             ဥပမာ နှာသီးဝ က လေတိုးတာ လေးကို ကြည့်နေတယ်၊ တိုးတာလေး ကို ကြည့်နေတယ် ၊ အဲဒီ တိုးတာလေးကို တရားထင်ပြီးတော့ တိုးတာလေး သဘောကျနေရင် ဘယ်သူပါသွားမလဲ ဆိုတော့ " တဏှာ"ပါသွားပါပြီ။
          ဓမ္မမိတ်ဆွေဟာ..အဲဒီ တိုးတာလေး သဘောကျတဲ့ အတွက် နောက် တစ်တိုးရအောင် လုပ်တော့မယ်လေ၊ ဒီတော့..တိုးတာလေးကို လုပ်လိုက်တယ်၊ တိုးတာလေးကို လိုချင်လို့ စွဲတယ်၊ နောက် တစ်တိုးပေါ်အောင် ဆက်လုပ်တယ်။ ဘာလို့လဲဆိုတော့ နောက် တစ်တိုး ဆက်လာအုံးမယ် လို စွဲနေလို့ ဖြစ်တာပါ။ တကယ်တော့ သေတယ် ဆိုတာ ဒီတစ်တိုး နဲ့ ဒီတစ်တိုး မဖြစ်တော့ တာကို ပြောတာ။ ဒီတစ်တိုး တိုး ပြီး နောက်တစ်တိုး ထပ်မတိုးတော့တာဟာ.. သေတာဘဲ။
ဓမ္မမိတ်ဆွေ တို့ သေသေချာချာဖတ်ပါနော်.. တစ်ကယ်နားလည်ရင် တန်ဖိုးရှိလို့ ပါ။
           တရားအားထုတ်ရင်း သေတာ လက်မခံဘဲ နဲ့ ဒီတစ်တိုးပြီးရင် နောက်တစ်တိုးလာအုံးမယ်လို့  စွဲနေတာ အစွန်းတစ်ပါးရောက်တယ်လို့ ခေါ်တာပါဘဲ။
        အဲဒါကြောင့် မတိုးတာကို တိုးအောင်လုပ်ဖို့ မဟုတ်ဘူး။ တိုးနေတာကို မတိုးအောင် လုပ်ဖို့ လည်းမဟုတ်ပါဘူး။
         မျက်စိကို ကြည့်တတ်ပြီး ဖြစ်သလို တစ်ကိုယ်လုံးကို ကြည့်တတ်တဲ့ အပြင် ကိုယ် နဲ့ ဆုံတဲ့ အာရုံ ကိုလည်း ကြည့်တတ်ပြီဆိုတော့...အခု ကြည့်တတ်ပြီလို့ ပြောနေတာတေံဟာ မျက်စိနဲ့ ကြည့်တာ မဟုတ်ဘူးနော်၊ စိတ်နဲ့ လည်း ကြည့်တာ မဟုတ်ဘူး၊ ဉာဏ် နဲ့ ကြည့်တာပါ။ ဉာဏ် နဲ့ ကြည့်တော့ ဘာမြင်သလည်း လို့ ဆိုတော့...
       ဒီမျက်စိ ကလည်း ဖြစ်လာပြီး မှုန်ပြီး ရင် ကွယ်မှာဘဲ..။ မြင်တဲ့ အာရုံလည်း မှုန်ပြီးရင် ကွယ်မှာဘဲ..။ သေတဲ့အခါ မျက်လုံးကွယ်ပါတယ်။ ဒီသဘောပါ။
         ကွယ်မှာဘဲ.. ဆိုတာတောင် အတွေးက ပါနေသေးတယ်၊စဉ်းစားတာပါနေသေးတယ်။
တစ်ကယ်မျက်ဝါးထင်ထင် အာရုံ မှာ တွေ့ ဘူးတယ် ဆိုရင် ဘယ်အာရုံ ကျန်သေးလဲ။ဘယ် အာရုံ ရှိသေးလဲ။ ကောင်းတဲ့ အာရုံ လည်း သွားပြီ။ မကောင်းတဲ့ အာရုံလည်း သွားပြီ။
          ဓမ္မမိတ်ဆွေ တို့  ကောင်းတာနဲ့ ဘဲ ဆုံဆုံ၊ မကောင်းတာနဲ့ ဘဲ ကြုံကြုံ၊ ဒါတွေ ဟာ...
    " ဘာမှ မဟုတ်ပါဘူးကွာ" ဆိုတဲ့ စိတ်ကို ထားတတ်ဖို့ အင်မတန် အရေးကြီးပါတယ်။
အရင်တုန်းက ကောင်းတာတွေ ဆုံခဲ့တယ်မဟုတ်လား၊ အခုရှိသေးလား၊ မကောင်းတာတွေ လည်း ကြုံခဲ့တယ် မဟုတ်လား၊ အခု ရှိသေးလို့ လား၊
မသိတဲ့ လူတွေ၊ နားမလည်တဲ့ လူတွေက တော့ ပြီးပြီးပျောက်ပျောက် နဲ့ မရှိဘဲသွားကြတာ..။
           တကယ်တန်း ဝိပဿနာ အားထုတ်တဲ့ ဉာဏ်သမား ပုဂ္ဂိုလ် ကတော့ "သဘောပေါက်တာလေး" ကျန်ခဲ့တယ်။
           "ဘာမှ မဟုတ်မှန်း" သိတာလေးကို သဘောပေါက်ပြီး ကျန်ခဲ့တာပါ။
            အခု ဓမ္မမိတ်ဆွေ တို့ ဒီစာဖတ်နေတုန်းမှာလည်း အာရုံအမျိုးမျိုး ရခဲ့မှာပါ။ကောင်းတာ ပေါ်ခဲ့သလို့ မကောင်းတာလည်းပေါ်ခဲ့တယ် ။ ဒီစာကြောင်းကို ဖတ်နေတဲ့ အချိန်မှာ ခုန အာရုံတွေ က မရှိတော့ဘူး။ အဲဒီ ကျန်ခဲ့တာတွေ ကို ပြီးသွားပြီး "ဘာမှလည်းမဟုတ်ပါလား " ဆိုတဲ့ အသိမျိုးကို  ရှိစေချင်တာပါ။
              အဲဒါကို ပါဠိလို ခေါ်တော့..
            " အနတ္တ" လို့ ခေါ်ပါတယ်။
ဘာမှမဟုတ်တာ ကို သဘောပေါက်တဲ့ ဉာဏ် ကို " အနတ္တဉာဏ်" လို့ ခေါ်ပါတယ်။
          အခု ရှေ့ ဆက်ရှင်းပြမဲ့ နေရာမှာ ဓမ္မမိတ်ဆွေတို့ အသေအခြာ သတိထားမှတ်စေချင်ပါတယ်။
            "ချိန်ခွင်"တစ်ခုရှိတယ်ဆိုကြပါစို့ ....
အဲဒီ "ချိန်ခွင်" မှာ တစ်ဖက်က "ကုန်ပစ္စည်း "ကို ထည့်သလို၊ နောက်တစ်ဖက်မှာ လည်း "အလေး" ကို ထည့်ပါတယ်။
               ပစ္စည်းထည့်တဲ့ဖက်မှာ ထည့်ချင်သမျှပစ္စည်းတွေ တစ်ခုပြီးတစ်ခု ထည့်လိုက်တယ်၊ ချိန်လိုက်၊ ထည့်လိုက် ချိန်လိုက် ထည့်လိုက် နဲ့ တစ်ခုပြီး တစ်ခု သာ ပြောင်းပြောင်းသွားတယ်။ အလေးထည့်တဲ့ ဖက်ကတော့ မပြောင်းဘူး.. ဒီအလေး ဘဲ ထည့်နေတာ။
             ပြောချင်တာက..ဒီဖက်က "အာရုံ"နဲ့ တူတဲ့ ပစ္စည်းထည့်တဲ့ဖက်ပေါ့၊ ပစ္စည်းတွေက ပြောင်းပြောင်းသွားတယ်။ ဒီဖက်ကတော့"အလေး"ထည့်တဲ့ ဖက်၊ အဲဒီဖက်က " စိတ်"ပေါ့။
              ပစ္စည်းထည့်တဲ့ ချိန်ခွင်ဖက် ကျတော့ ကြက်သားထည့် လိုက်၊ ငါးထည့်လိုက် နဲ့ ပစ္စည်းတွေ အမျိုးမျိုး ပြောင်းထည့်လို့ ပြောင်းမှန်းသိပေမယ့်၊ ဒီဖက်က အလေးထည့်တဲ့ ဖက်ကျတော့ ပြောင်းမှန်းမသိဘူး၊ တောက်ရှောက်ထည့်ထားတာမို့ ချိန်ပြီးတာနဲ့ နောက်ဆုံး ဘေးတော့ချထားလိုက်တာဘဲ။
             အဲဒီလိုပါဘဲ...
         ပစ္စည်းထည့်တဲ့ဖက်မှာ ရှိတဲ့.."အရှုခံအာရုံ" တွေ က ပြောင်းပြောင်း နေသလို...ကိုယ် ရှုတဲ့ "စိတ်" ကလည်းဘဲ ပြောင်းပြောင်းနေပါတယ်။ ဒီပစ္စည်း ကြက်သား နဲ့ ချိန်တုန်း က အလေးဟာ ငါး ကို ချိန်မဲ့ အလေး မဟုတ်တော့ပါဘူး။ ကြက်သား တပိဿာချိန်တဲ့ အလေး ရယ်၊ ကြက်သား ၅၀သားချိန်တဲ့ အလေးရယ် မဟုတ်တော့ဘူး။ခုန ကြက်သား တပိဿာ ချိန်တဲ့ " အလေး"ရယ် နောက်တကြိမ်မှာ ကြက်သား တပိဿာလာဝယ်တဲ့ အချိန်၊ တပိဿာခြင်းတူပေမဲ့...ချိန်တဲ့ "အလေး" မတူတော့ပါဘူး။
          ခုလို တရားအားထုတ်တဲ့ အခါ မှာ..
အာရုံ တွေ ပြောင်းပြောင်း နေတာတော့ သိပေမယ့်၊ ကိုယ့် စိတ်ကို ကျတော့ ပြောင်းတယ် လို့ မထင်မိကြဘူး။
           တရားအားထုတ်ကြတဲ့ လူတွေက...
ကိုယ်က.. အားထုတ်နေတာ
ကိုယ်က.. ကြည့်နေတာ
ကိုယ်က.. ရှု နေတာ
ကိုယ်က.. မှတ်နေတာ ဆိုပြီးတော့
အာရုံ တွေ ကသာ ဖြစ်ပြီး ပျက်နေတာ၊ ကိုယ့်စိတ် က မဖြစ်မပျက်ကြီး ဖြစ်မနေဘူးလား။အများအားဖြင့် သဘောမပေါက်ကြတာ အဲဒီနေရာမှာပါ။
        အခု ဒီနေရာလေး ရှင်းပြတာ ဓမ္မမိတ်ဆွေ သဘောပေါက်မယ် လို့ ထင်ပါတယ်။
         အဲဒီနေရာမှာ တန့်ပြီးတော့..
         အဲဒီနေရာမှာ ကြာနေတဲ့ လူတွေ အများကြီးပါ။
         စာလို ပြောရယင်တော့...
"ဥဒယဗ္ဗယဉာဏ်" ကနေ "ဘင်္ဂဉာဏ်" အကူးလို့ ပြောတာပေါ့လေ..။ ဉာဏ်စဉ် အကြောင်း သိချင်ရင်တော့ " ဉာဏ်စဉ်( ၁၆)ပါးအကြောင်း" ဆိုပြီး ( ၂ရက်နေ့ ၊စက်တင်ဘာလ၊ ၂၀၁၆ ) နေ့ စွဲ နဲ့  ပို့ စ် တင်ထားတာရှိပါတယ်၊ ပြန်ပြီး ရှာဖတ်ကြည့်ပါ။
အခုအချိန်မှာတော့ ဒီဉာဏ်တွေကို နားထဲ မထည့်လည်းရပါတယ်။
         တကယ်တန်းကျတော့ ဒီဖက်က ချိန်ခွင် နဲ့ ဒီဖက်က ကြက်သား နဲ့ ထိပြီးတော့လည်း မရှိ၊ ဒီဖက်က ချိန်ခွင် နဲ့ အလေး နဲ့ ထိပြီးတော့လည်း မရှိ၊
        အရှုခံအာရုံ တွေကလည်း..သွားပြီ။
       ကိုယ့် စိတ် ကလည်း.. သွားပြီ။
ဒါပေမယ့် ဘာလေးကျန်ခဲ့ရသလည်းဆိုတော့..
"ဘာမှမဟုတ်မှန်းသိတဲ့..သတ္တိ" လေးတော့ ကျန်ခဲ့ရတယ်။
       အဲဒီသတ္တိလေး ကျန်ရင် ပြန်ကြည့်ပါ၊ ပထမပိုင်းတုန်းက မှာရေးပြခဲ့တဲ့ "ဆအာယတန ၆ ပါး"ဆိုပြီး ရေးပြထားတာတွေက အာရုံတွေ၊ " ဝိညာဏ်၊နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ တွေ ဟာ "အာရုံ" တွေ လို့ ခေါ်ပါတယ်၊ ကိုယ့်စိတ်ကိုယ်ပြန်ကြည့်လိုက်တဲ့ အခါမှာ ဒီစိတ်က အာရုံ ဖြစ်သွားတယ်။ဒါပေမဲ့ ကိုယ့်စိတ်ဖက်မှာ ကြည့် နိုင်တဲ့ ဉာဏ်ရှိရပါတယ်။
အဲဒီတော့.. စိတ် ဆိုတဲ့ ဖက်မှာ.. ဉာဏ် ပါရင်.. တဏှာ မရှိတော့ဘူး။ဉာဏ်ပါရင် အဝိဇ္ဇာ လည်း မရှိတော့ဘူး။
         "ပဋိစ္စသမုပ္ပါဒ်" အားထုတ်တယ်ဆိုတာ  "ပဋိစ္စသမုပ္ပါဒ်" ပြတ်ချင်ရင် ရှုတဲ့ စိတ်ဖက်မှာ ဉာဏ် ပါနေရပါမယ်၊
      "ဉာဏ်"ဆိုတာ  ဘာဉာဏ်လည်း ဆိုတော့.. "ဘာမှ မဟုတ်မှန်း" ကို သိနေရမဲ့ "ဉာဏ်" ပါ။တစိမ်းလို့ သိတာဟာ ဉာဏ်၊ ဘာမှ အသုံးမကျမှန်း သိတာဟာ ဉာဏ်၊ အဲဒီ ဉာဏ်လေးသာ ကိုယ်မှာ ရှိတယ်ဆိုရင်..
          ဥပမာ တစ်ခါကြုံဘူးတဲ့ ဉာဏ်ဟာ ၁၀တန်းစာမေးပွဲ အောင်သွားတဲ့လူလိုဘဲ၊ နောက်ထပ် ၁၀တန်းပြန်ဖြေစရာမလိုတော့ပါဘူး။
            ဒီနေရာမှာ တစ်ခုပြောလိုတာက...
အခု ပြောနေတဲ့..."ဝိပဿနာဉာဏ်" ဆိုတာ.. "မဂ်" ကို ပြောတာ မဟုတ်ဘူးဆိုတာ ကိုတော့ ခွဲခြားသိကြပါ။ ဥပမာ..သောတာပန်အရိယာ ပုဂ္ဂိုလ်ဟာ ဉာဏ်စဉ် ၁၆ပါးကို သူအကုန်ကျော်ဖြတ်ခဲ့ရပါတယ်..။ အဲဒီ သောတာပန်ပုဂ္ဂိုလ်ဟာ အရိယာဖြစ်ပြီး နောက် ကာလအတော်အတန်ကြာတဲ့ အထိတရား အားမထုတ်ဘဲ.. နောက်မှ တရားပြန်ထုတ်ရင် သူ့ ရဲ့ "ဝိပဿနာဉာဏ်စဉ်"က...ပုထုဇဉ် တို့ လို့ ဟိုး တစ်က ပြန်စတာ မဟုတ်ဘူးနော်.. ဉာဏ်စဉ် နံပါတ်( ၄ ) က "ဥဒယဗ္ဗယဉာဏ်" လို့ ခေါ်တဲ့
(ရုပ်နာမ် အဖြစ်အပျက်တို့ကို သိမြင်သောဉာဏ်) ဆိုတာက စ ပါတယ်။ ဒါက..ဗဟုသုတ ဖြစ်အောင် ရှင်းပြယုံသက်သက်ပါ။
           ဘာ ဉာဏ်လည်းဆိုရင်...
           "ဘာမှ မဟုတ်မှန်း သိတဲ့ ဉာဏ်"
            တစိမ်းလို့ သိတဲ့ ဉာဏ်၊
            သူ့ သဘော သူ လုပ်နေတာဘဲ လို့ သိတဲ့ ဉာဏ်၊
           အဲဒီ ဉာဏ်လေး ပေါ်ဖို့ အရေးကြီးတာပါ။ အဲဒီ ဉာဏ် ပေါ်ပြီဆိုရင် ဝိပဿနာ ဉာဏ်ပါဘဲ။
          အဲဒီလို ဉာဏ် ဖြစ်ပြီဆို တဏှာ မကပ်တော့ဘူး၊ အဝိဇ္ဇာလည်း မကပ်တော့ဘူး။
         တရားအားထုတ်နေကြတဲ့ ဓမ္မမိတ်ဆွေ တို့ ဟာ အချိန်မရွေး ကိုယ့်စိတ်မှာ ဘာရှိရမှာလည်း ဆိုတော့ ဉာဏ် ရှိရမှာ။ အဲဒီလို ဉာဏ်ရှိရင် အဝိဇ္ဇာ နဲ့ တဏှာ ကပ် ကို မကပ်တော့ဘူး၊ ဒါပေမဲ့ .. ဉာဏ် ဆိုတာကလည်း အမြဲတမ်း အချိန်ပြည့် မရှိနိုင်တဲ့ အတွက်ကြောင့် ဉာဏ် အစား "သတိ"ရှိဖို့ လို အပ်ပါတယ်။
"သတိ"ရှိရင် "တဏှာ" လည်း မလာတော့ပါဘူး၊ "အဝိဇ္ဇာ"လည်း မလာတော့ပါဘူး။
"သတိ"ဆိုတာ ဘာလဲဆိုတော့.. စောင့်ကြည့်တာ..။
       ဓမ္မမိတ်ဆွေတို့ မှာ ဘာဘဲ ဖြစ်ဖြစ် စောင့်ကြည့်နိုင်တယ် ဆိုရင်..စောင့်ကြည့်တယ်ဆိုတာ တစ်ချိန်လုံးထိုင်ပြီး စောင့်ကြည့်တဲ့ သဘောတော့ မဟုတ်ပါဘူး၊
          ဥပမာ သွားယင်း လာယင်း၊ လုပ်ယင်း ကိုင်ယင်း ကိုယ့်ကို ကိုယ် သတိထားသွားတာမျိုးလေး၊ကိုယ့်စိတ်ကို ကိုယ် ဂရုစိုက်တာမျိုးလေး၊ ကိုယ့်အာရုံကိုယ် ဂရုစိုက်တာမျိုးလေးဆိုရင် တရားအားထုတ်တာပါဘဲ။
           "ဉာဏ်" နဲ့ အမြဲနေနိုင်ဖို့ တော့ တော်တော်လေး လုပ်ယူရမှာပေါ့နော်။ "သတိ" လေးနဲ့ စောင့်ကြည့်နိုင်တယ် ဆိုရင်ဘဲ တော်တော်လေးကို ကျေးဇူးများနေပါပြီ။
"အနတ္တဝိပဿနာဉာဏ်"လို့ ခေါ်ပါတယ်။
အဲဒီ ဉာဏ်ဟာ ဝိပဿနာ စစ်စစ်ကြီးပါဘဲ။
အဲဒီ ဉာဏ် ရရင် ဘာမှ" သောက" တွေ ဖြစ်စရာလည်းမရှိတော့ဘူး။ ပရိဒေဝ ဖြစ်စရာတွေလည်း မရှိတော့ပါဘူး။
      ဒါကြောင့်မို့  .. အချုပ်အနေနဲ့ ပြောရရင်..
"ဘာမှ မဟုတ်ပါလား "...ဆိုတာ သိဖို့ အရေးကြီးဆုံးပါဘဲ။ ရှေ့ ဆက်ပြီး ဓမ္မမိတ်ဆွေတို့ ဟာ  အကောင်း၊ အဆိုးတွေ ကြုံရ၊ ဆုံရ အုံးမှာ ပါဘဲ။အဲဒီလို ကြုံဆုံလာတဲ့ အခါ "ဘာမှမဟုတ်မှန်း"ကို သိတဲ့ သဘောလေးကို လက်ကိုင်ထားပြီး သူ့ သဘောနဲ့ သူဖြစ် နေပါလား ဆိုတဲ့ သဘောလေး ကို သိရှိနားလည်မဲ့  ဝိပဿနာဉာဏ်တွေရရှိပြီး တရားထူးတရားမြတ်တွေ ရရှိကြမဲ့ သူတော်ကောင်းများဖြစ်ကြပါစေလို့ ဆုတောင်းရင်း ဓမ္မဒါနပြုလိုက်ပါသည်။
ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေကုန်သော်...။
( ခန္ဓာ-၅ပါးတစ်ဦး )
•••••••••••••••••••••••••••••••••
လက်ကိုင်ဖုန်း ဖြင့် စာစီရခြင်းဖြစ်သည့်အတွက် သတ်ပုံမှားယွင်းမှုများ တွေ့ ရှိပါက သည်းခံခွင့်လွှတ်ပြီး ပြင်ဆင်ဖတ်ရှုပေးပါရန် မေတ္တာရပ်ခံပါသည်။(ခန္ဓာ-၅ပါးတစ်ဦး)
No comments:
Post a Comment