Sunday, November 25, 2018

ရုပ် - စိတ် - ဝေဒနာ ... ရှုမယ်

ရုပ် - စိတ် - ဝေဒနာ ... ရှုမယ်
________________________

ကိုယ်ထိုင်တတ်သလို ထိုင်ပါ။
ထိုင်နိုင်သလောက် ထိုင်ပါ။ ထိုင်တဲ့အခါ
ခြေထောက်တွေကို ထပ်မထားပဲ ခွဲထိုင်ရင်
ပိုကောင်းပါတယ်။
ထပ်ထိုင်ရင် ကြာလာတဲ့အခါ
သွေးကြော လေကြောတွေ
ပိတ်မိနေလို့ ကိုယ်ဆင်းရဲခြင်း
ရုပ်ဖောက်ပြန်မှုတွေ ဖြစ်တတ်ပါတယ်။
လက်ဝါးနှစ်ဖက်ကို
ရှေ့တင်ပြင်ခွေပေါ်မှာ ထပ်ထားပါ။
ထပ်မထားပဲ အသာလေး ချထား
တင်ထားရင်လည်း ရပါတယ်။

ကိုယ်ကို မတ်မတ် ထိုင်ပါ။
ရှေ့ယိုင်တာ၊ နောက်ယိုင်တာ၊
ဘေး ဝဲယာ ယိမ်းယိုင်တာမျိုး
မဖြစ်ပါစေနဲ့။

ထိုင်ပြီးရင် စိတ်ကို နှာသီးဝ
နှာသီးဖျားမှာ သတိလေးနဲ့
ကပ်ထားမယ်။ သတိလေးနဲ့
စောင့်ကြည့်နေပါ။

#အသက်ရှူတဲ့အခါ အပြင်ကလေဟာ
နှာသီးဖျား နှာသီးဝကို
တိုးဝင်သွားတယ်။ တိုးဝင်သွားတဲ့
သဘောလေးကို သိနေပါ။ ပြီးတော့
အသက်ကို ရှူထုတ်လိုက်တဲ့အခါ
အတွင်းက လေဟာ နှာသီးဖျား
နှာသီးဝကို တိုးထိပြီး ထွက်သွားတယ်။ တိုးထိထွက်သွားတဲ့ သဘောလေးကို သိနေပါ။

ဝင်လေ ထွက်လေဟာ ရုပ်တရားပါ။
လေအဝင်ခံ လေအထွက်ခံဖြစ်တဲ့
နှာခေါင်းကလည်း ရုပ်တရားပါ။ ထိဝင်
ထိထွက်တာကို #သိနေတဲ့_သဘောက
နာမ်တရား စိတ်ပါ။

လေဟာ နှာခေါင်းအတွင်း
ဝင်သွားတဲ့အချိန် တစ်ခါဖြစ်ပြီး
တစ်ခါပျက်ပါတယ်။ ထွက်သွားတဲ့
အချိန်မှာလည်း တစ်ခါဖြစ်ပြီး
တစ်ခါပျက်ပါတယ်။
#လေရဲ့အပျက်ကို_ရှုတာဟာ_ရုပ်ကိုရှုတာပါပဲ။

အဲဒီလို ရှုနေရင်းက သတိ သမာဓိ
အားကောင်းလာလို့ရှိရင်
ရုပ်တရားဖြစ်တဲ့ ကိုယ်တစ်ခုလုံးမှာ
အေးတာ ပူတာ ထုံတာ ကျင်တာ
အောင့်တာ နာတာ ညောင်းတာ
ကိုက်တာ ခဲတာ လှုပ်တာ ငြိမ်တာ
ချွေးထွက်တာ တံတွေးယိုစိမ့်လာတာ
မျက်ရည်ကျလာတာ၊ ဒါတွေ တွေ့လာလိမ့်မယ်။ #ဒါတွေကို သတိဦးစီးတဲ့ ဉာဏ်နဲ့
"မမြဲတဲ့ ရုပ်တရားတွေပါလား" လို့
ဆင်ခြင်ပြီး ရှုပေးပါ။ ရှုပါများလာရင်
ဆင်ခြင်စရာ မလိုတော့ပါဘူး။

သူ့သဘော သူဆောင်ပြီး ပြောင်းလဲ
ဖောက်ပြန် ဖြစ်ပျက်နေတာကိုပဲ
#ဘေးကကြည့်နေသလို
ဉာဏ်မျက်လုံးနဲ့ စောင့်ကြည့်နေပါ။

____________________

#စိတ်ကို_ရှုချင်တယ်ဆိုရင် နှာသီးဖျား
နှာခေါင်းဝက အသက်ရှူတဲ့အခါ
မရှူခင် ရှူချင်တဲ့ စိတ်က ရှေ့က
ဖြစ်ပါတယ်။ ရှူချင်စိတ်ကြောင့်
လေဟာ အပြင်ကနေ အတွင်းကို
ဝင်လာပါတယ်။

နောက်တစ်ခါ အသက်ကို လေကို
ဝမ်းဗိုက်ထဲက ပြန်ထုတ်ချင်တဲ့ စိတ်
ဖြစ်ပါတယ်။ ပြန်ထုတ်ချင်တဲ့
စိတ်ကြောင့် ထွက်လေဟာ အပြင်ကို
ထွက်သွားပါတယ်။

စိတ်ကို ရှူချင်သူဟာ အစမှာ စိတ်ကို
တွေ့အောင် လေ့ကျင့် ရပါတယ်။

အသက်ရှူချင်တာကို ခဏလောက် မရှူပဲ
အောင့်ထားလိုက်ပါ။ ကြာလာရင် လေကို
အသက်ကို ရှူချင်စိတ်က နိုးကြွ ရုန်းထနေတာကို သတိပြုမိပါလိမ့်မယ်။ ဒီလို
သတိပြုမိတာဟာ စိတ်ကို တွေ့တာပါပဲ။

နောက်တစ်ခါ ရှူထားတဲ့ လေကို
အပြင်သို့ ပြန်မထုတ်ပဲ ခဏလောက်
အောင့်ထားကြည့်ပါ။ ခဏကြာတော့
လေကို အပြင်သို့ ထုတ်ချင်စိတ်က
နိုးကြွ ရုန်းထနေတာကို သတိ
ပြုမိပါလိမ့်မယ်။ ဒီလို သတိပြုမိတာဟာ
စိတ်ကို တွေ့တာပါပဲ။

ဒါက စိတ်ကို စတွေ့ဖို့ တမင်
လေ့ကျင့်ခြင်း ဖြစ်ပါတယ်။ ရှေရှည်မှာ
ဒီလိုမျိုး လုပ်ဖို့ မသင့်ပါဘူး။
စိတ်တွေ့ဖို့အတွက် ယာယီ
အစမ်းခိုင်းခြင်း ဖြစ်ပါတယ်။

စိတ်နဲ့ ရုပ်ဟာ တစ်ပြိုင်တည်း ဖြစ်ပြီး
တစ်ပြိုင်တည်း ပျက်ပါတယ်။ ဒါပေမယ့်
စိတ်ကို ရှုမှတ်စ သူဟာ
လေထုတ်ချင်စိတ် ဖြစ်ပြီးမှ လေက
ထွက်သွားတယ်လို့ ထင်တတ်ပါတယ်။
လေသွင်းချင်စိတ် အရင်ဖြစ်ပြီးမှ လေက
ဝင်လာတယ်လို့
ထင်တတ်ပါတယ်။ အမှန်က
လေရှူချင်စိတ်နဲ့ အတူ ဝင်လေဟာ
တစ်ပြိုင်တည်း ဖြစ်ပါတယ်။
လေထုတ်ချင်စိတ်နဲ့ အတူ လေဟာ
ထွက်သွားပါတယ်။ ရှူချင်စိတ်
ထုတ်ချင်စိတ်နဲ့ အတူတူ လေဟာ
ထွက်သွား ဝင်လာပါတယ်။ စိတ်ကို
ရှုရင်း ရှုရင်းနဲ့ ဒီသဘောကို
သဘောပေါက် လာပါလိမ့်မယ်။

စိတ် စရှုနည်း နောက်တစ်မျိုး
ပြောပါဦးမယ်။ လေဝင်တာ သိတဲ့စိတ်၊
လေထွက်တာ သိတဲ့စိတ်ကို ရှုလို့
ရပါတယ်။ လေဝင်လာတယ်၊
သိလိုက်ပါ။ လေထွက် သွားတယ်၊
သိလိုက်ပါ။

တရားကို သီးခြား ထိုင်ရှုချိန် မဟုတ်တဲ့
အချိန်တွေမှာ တစ်ခါတလေ ဒေါသစိတ်
ဖြစ်တယ်။ လောဘစိတ် ဖြစ်တယ်။
မနာလိုစိတ် ဖြစ်တယ်။ နှမြှောတဲ့စိတ်
ဖြစ်တယ်။ ကြောက်တဲ့စိတ် ဖြစ်တယ်။
ဒီစိတ်တွေ ဖြစ်တာ ထင်ရှားပါတယ်။
ထင်ရှားတဲ့စိတ် ဖြစ်တာကို
သတိထားပြီး ရှုပေး သိပေးပါ။
ထင်ရှားတဲ့စိတ် ရှုတတ်သွားရင်
မထင်ရှားတဲ့ ရှူချင်စိတ်၊ ထုတ်ချင်စိတ်၊
ဝင်လေ သိစိတ်၊ ထွက်လေ
သိစိတ်တွေကို သတိပြု ရှုတတ် လာမှာ
ဖြစ်ပါတယ်။

ကိုယ့်စိတ်ထဲမှာ ဘာတွေဖြစ်နေသလဲ
အကဲခတ်ပါ။ မကျေနပ်တဲ့စိတ်
ဖြစ်နေသလား၊ တစ်ခုခု လိုချင်တဲ့စိတ်
ဖြစ်နေသလား၊ တွေဝေတဲ့စိတ်
ဖြစ်နေသလား။ ကိုယ့်စိတ်ထဲမှာ
ဖြစ်နေတဲ့စိတ်ဟာ ဒီစိတ်ဖြစ်ပြီး
ဟိုစိတ်ပြောင်းသွားတာ၊ ဟိုစိတ်ဖြစ်ပြီး
ဒီစိတ်ဖြစ်လာတာ။ ဒီသဘောတွေကို
ရှုတာဟာ စိတ်ကို ရှုနေတာပါပဲ။

တစ်စိတ်ချုပ်ပြီး နောက်တစ်စိတ် အစားထိုးလာတယ်။ တစ်စိတ်ပျက်ပြီး နောက်တစ်စိတ်
ဖြစ်လာတယ်။ ဒီလို
စိတ်ပြောင်းလဲမှု ဖြစ်စဉ်တွေကို သတိ
ဉာဏ်နဲ့ စောင့်ကြည့်နေတာဟာ
စိတ်ကို ရှုနေတာပါပဲ။

#ဝေဒနာဆိုတာ_ခံစားခြင်းပါ။
#ဝေဒနာကို_ရှုချင်တယ်ဆိုရင် စထိုင်တဲ့
အချိန်လေးကို သတိထားပါ။
ကိုယ်ပေါ်မှာ ရုပ်ဖောက်ပြန်မှု
ကြမ်းကြမ်း တမ်းတမ်း မရှိသေးတဲ့
အတွက် စိတ်ထဲမှာ ထိုင်ရတာ
သက်သောင့် သက်သာ ရှိနေတာကို
ခံစားလို့ ရပါတယ်။ အဲဒီ သက်သောင့်
သက်သာ သဘောဟာ သုခ
ဝေဒနာပါပဲ။ အဲဒီ သုခ ဝေဒနာကို သတိနဲ့
ဉာဏ်နဲ့ ရှုပေးပါ။
သုခဝေဒနာကို ရှုနေရင်း
အတော်ကြာတော့ ကိုယ်ပေါ်မှာ ထုံလာ
ကျင်လာ ကိုက်လာ ခဲလာ တောင့်လာ
တင်းလာ ပါတယ်။ ဒီအခါ စိတ်ထဲမှာ
ဆင်းရဲတဲ့ သဘောကို ခံစားရပါတယ်။
ဒီလို ခံစားတာဟာ ဒုက္ခဝေဒနာပါပဲ။
ဒီ ဒုက္ခဝေဒနာကို သတိ ဉာဏ်နဲ့
ရှုပေးပါ။ တိုးလာတာ လျှော့သွားတာ
သိပေးပါ။

တစ်ခါတလေကြတော့ စိတ်ထဲမှာ သုခ
မဟုတ် ဒုက္ခမဟုတ် အလယ်အလတ်
သဘော ခံစားနေတာမျိုး
ဖြစ်တတ်ပါတယ်။ ဒီလို ခံစားတာဟာ
ဥပေက္ခာ ဝေဒနာပါပဲ။ ဥပေက္ခာ
ဝေဒနာကတော့ သုခဝေဒနာ
ဒုက္ခဝေဒနာနဲ့ စာရင် ရှုရတာ
သိမ်မွေ့ပါတယ်။ မရှုတတ်ရင်
မောဟဘက် ယိုင်သွားပြီး
အိပ်ငိုက်တတ်ပါတယ်။

ဆရာ​တော်​ အရှင်ဥဇ္ဇယ
🙏🙏🙏

ပြန်​လည်​မျှ​ဝေပါသည်​။
🙏ဓမ္မမိတ်​​ဆွေများ ​ကောင်းကျိုး တရား တိုးပွားကြပါ​စေ🙏

No comments:

Post a Comment