Friday, November 30, 2018

အမြင်မှန်ရှိတဲ့သူဟာ အင်အားကြီးတဲ့သူ

💧အမြင်မှန်ရှိတဲ့သူဟာ အင်အားကြီးတဲ့သူ💧

🌾🌾🌾
အကုသိုလ်တွေထဲမှာ ဘယ်အကုသိုလ်က အင်အားအကြီးဆုံးလို့ ကြားဖူးသလဲ။ မိစ္ဆာဒိဋ္ဌိပါ။ မှန်တယ်။ မိစ္ဆာဒိဋ္ဌိက အကုသိုလ်ထဲမှာ အဆိုးဆုံးပဲ။ မှားနေတဲ့အမြင်ဟာ ကြောက်စရာအကောင်းဆုံးအရာဖြစ်တယ်။ မှားနေတဲ့အမြင်မှာအခြေခံပြီးတော့ မှားတာတွေတွေးမယ်။ မှားတာတွေပြောမယ်။ မှားတာတွေလုပ်မယ်။ ကုသိုလ်တွေထဲမှာ ဘယ်ကုသိုလ်က အားအကြီးဆုံးလဲ။ သမ္မာဒိဋ္ဌိပါဘုရား။ မှန်တယ်။ ကုသိုလ်ထဲမှာ သမ္မာဒိဋ္ဌိက အားအကြီးဆုံးပဲ။ မှန်ကန်တဲ့အမြင်ဟာ စိတ်ရဲ့အဆင့်အတန်းကို ပိုပြီးမြင့်စေတယ်။ စိတ်ဓာတ်အင်အားကို ပိုပြီးကြီးစေတယ်။ ဒါ့ကြောင့် မှန်ကန်တဲ့အမြင်ရှိတဲ့သူဟာ အင်အားကြီးတဲ့သူလို့ ဆိုရမယ်နော်။

🌾🌾🌾
တရားအားထုတ်တာဟာ မှန်ကန်တဲ့အမြင်ကိုရဖို့ အားထုတ်တာ။ တရားအားထုတ်လို့ဖြစ်လာတဲ့အသိဥာဏ်က ပိုပြီးတော့စိတ်ရဲ့စွမ်းအားကို ကြီးအောင်လုပ်ပေးနိုင်တယ်။ ဒါသေချာတယ်။ လက်တွေ့စမ်းကြည့်လိုက်။ ကိုယ်တွေ့သိသွားမှာပဲ။ ဘယ်ဟာက စိတ်ဓာတ်ရဲ့အဆင့်အတန်းကို ပိုပြီးမြင့်စေသလဲ။ ဘယ်ဟာက အသိဥာဏ်ကို ပိုပြီးမြင့်စေသလဲ။ ဘယ်ဟာက စိတ်ရဲ့အင်အား၊ စိတ်ရဲ့energy စိတ်ရဲ့စွမ်းအင်သတ္တိတွေကို ပိုပြီးတော့ကြီးမားစေသလဲဆိုတာသိရအောင် လက်တွေ့လုပ်ကြည့်လိုက်ပါ။
             
🌾🌾🌾
စိတ်ကြည်လင်သန့်ရှင်းအေးချမ်းပြီးတော့ သမာဓိသိပ်ကောင်းလာရင်ကိုပဲ ဒီစိတ်ဟာ တော်တော်အင်အားကြီးတဲ့စိတ်ပဲလို့ ကိုယ့်ဟာကိုယ်ခံစားလို့ရတယ်။ ကိုယ့်ရဲ့စိတ်ဓာတ်အင်အားကို ကိုယ်ခံစားလို့ရတယ်။ ကိုယ့်စိတ်အင်အားကြီးလာတာကိုခံစားရတာ သိပ်ကောင်းတယ်။ သိပ်နေလို့ကောင်းတယ်။ ဒါ့ကြောင့် နေလို့ကောင်းချင်ရင် စိတ်အင်အားကြီးအောင် လုပ်နေရမယ်။ ကုသိုလ်စိတ်ဖြစ်နေအောင်လုပ်ပြီး ကုသိုလ်စိတ်ဖြစ်နေတာကို ပြန်သိနေရမယ်။ အကုသိုလ်စိတ်ဖြစ်နေရင်လည်း အကုသိုလ်စိတ်ဖြစ်နေတာကို သိနေရမယ်။ ကုသိုလ်စိတ်ဖြစ်နေတာကိုမသိရင်၊ အကုသိုလ်စိတ်ဖြစ်နေတာကိုမသိလို့ရှိရင် ပညာတတ်မဟုတ်သေးဘူး။ ကိုယ့်စိတ်ကိုမှ ကိုယ်မသိလို့ရှိရင် တခြား ဟိုအကြောင်း ဒီအကြောင်းတွေသိနေရုံနဲ့ ပညာတတ်လို့ မဆိုနိုင်ဘူး။

🌾🌾🌾
ကုသိုလ်မှန်းသိပြီးတော့ အဲဒီကုသိုလ်ကိုလုပ်ရင်းနဲ့ စိတ်ဓာတ်အင်အားကို ကြီးသည်ထက်ကြီးလာအောင် မြင့်သည်ထက်မြင့်လာအောင် မြှင့်တတ်တဲ့လူဟာ ပညာတတ်ပဲ။ ဒီနည်းကိုမှမသိရင် ပညာရေးမှာမပြည့်စုံသေးဘူး။ ချို့တဲ့နေတဲ့လူလို့ပဲ ပြောလို့ရမယ်။ ဒါ့ကြောင့် ဘုန်းကြီးတို့ပညာတတ်ချင်လို့ တရားကိုလေ့လာတာ။ မျက်ကန်းယုံကြည်မှုမျိုး မဟုတ်ဘူးနော်။⚡️⚡️

💧ရှင်းရှင်းလင်းလင်း တိတိကျကျ သိနေတဲ့စိတ်💧

🌾🌾🌾
တရားကြောင့် သတိ သမာဓိ ကောင်းလာတဲ့အခါမှာ စိတ်ကအသက်ဝင်တယ်။ အဲဒီတော့ လူတစ်ယောက်ကို ဘုန်းကြီးကကြည့်လိုက်ရင် သိတယ်။ မျက်လုံးကိုကြည့်ရင်လည်း သိတယ်။ အမူအရာကိုအကဲခတ်လိုက်ရင်လည်း သိတယ်။ ခု စကားပြောနေရင်း မျက်လုံးလေးတွေကိုကြည့်လိုက်ရင် သိတယ်။ စိတ်ဝင်စားနေတယ်။ ပြောတာကို သဘောပေါက်နေတယ်။ စိတ်ထဲမှာအသက်ဝင်လာတယ်ဆိုရင် မျက်လုံးထဲမှာ ပေါ်လာတယ်။ မျက်လုံးကလည်း ခပ်မှေးမှေး အိပ်ငိုက်နေတယ်။ ဘာပြောပြော သဘောမပေါက်ဘူးဆိုရင် ဒီလူဟာ အသက်မဝင်ဘူးနော်။ အဲဒီတော့ ကိုယ်ကိုယ်တိုင်လည်း သတိထားကြည့်တယ်။ တစ်ခုခုကို စိတ်ဝင်စားပြီးတော့လုပ်နေရင် ကိုယ့်ဥာဏ်ကိုသုံးနေရရင် အသက်ဝင်နေတယ်။

🌾🌾🌾
ဥာဏ်ကို သုံးရင်း သုံးရင်းနဲ့ ဥာဏ်ပိုထွက်လာတယ်။ အရင်တုန်းကမသိတာတစ်ခုကို သိလာတယ်။ မလုပ်တတ်တာတစ်ခုကို လုပ်တတ်သွားတယ်။ သဘောမပေါက်တာတစ်ခုကို သဘောပေါက်သွားတယ်။ အဲဒီလိုပဲ တရားအားထုတ်ရင်းနဲ့လည်း ဒီအတိုင်းပဲ။ တရားအားထုတ်ရင်းနဲ့ အရင်တုန်းကမမြင်တာတစ်ခုကို ရှင်းကနဲ မြင်လိုက်တယ်။ အရင်တုန်းက စာထဲမှာဖတ်ဖူးထားလို့ သိသလိုလိုဖြစ်နေတာတစ်ခုကို ကိုယ့်ဥာဏ်နဲ့ သိလိုက်တယ်။ မှန်လိုက်တာ။ ဘုရားဟောတာ မှန်လိုက်တာဆိုပြီး သဘောတွေကျလိုက်တာ။ ပီတိတွေဖြစ်နေတာ။ အဲဒီအချိန်မှာ စိတ်က တော်တော်အသက်ဝင်နေတယ်။ ထုံထိုင်းထိုင်းကြီး မဟုတ်တော့ဘူး။ အသိဥာဏ်ထုံထိုင်းနေတာ မဟုတ်ဘူး။ စိတ်ဓာတ်ကထုံထိုင်းနေတာ မဟုတ်ဘူး။ ဘာကိုမှစိတ်မဝင်စားပဲနဲ့ သိသလိုလို မသိသလိုလို ဖြစ်နေတာမဟုတ်ဘူး။ တကယ်ကို အသက်ဝင်နေတာပဲ။

🌾🌾🌾
တစ်ခုခုကို တကယ်ကိုရှင်းရှင်းလင်းလင်း တိတိကျကျ သိနေရတဲ့စိတ်ဟာ အင်မတန်အဆင့်မြင့်မားတာပဲ။ အဲဒါ သိပ်လည်းအရသာရှိတယ်။ အဲဒီလိုစိတ်မျိုးဖြစ်လာပြီဆိုရင် ငါ့ဘဝမှာ အသက်ရှင်နေတာရဲ့အဓိပ္ပာယ်နဲ့ အရသာဟာ ဟောဒီစိတ်မျိုးဖြစ်မှပဲ တကယ်ပီပြင်တာပဲ။ ဒီလိုစိတ်မျိုးနဲ့ပဲနေသွားချင်တယ်လို့ပဲ တွေးမိတယ်။ တစ်ခါတစ်လေ စိတ်က ထုံထိုင်းသလိုဖြစ်ပြီး ဘာမှစိတ်မဝင်စားသလို ဖြစ်နေတဲ့အခါမျိုးမှာ အဲဒီစိတ်ကိုကြည့်ပြီးတော့ ဒီလိုစိတ်မျိုးနဲ့အသက်ရှင်နေရတာ အသက်ရှင်နေရတယ်လို့တောင် မထင်တော့ဘူး။ လူသာမသေတာ ဘဝက သေသလိုဖြစ်သွားပြီ။
              အဲဒီလို ဘာကိုမှစိတ်မဝင်စား၊ ဘာကိုမှတကယ်မသိပဲနဲ့ စက်ရုပ်ကြီးတစ်ခုလို ဟိုဟာလုပ်လိုက် ဒီဟာလုပ်လိုက်၊ စိတ်ကမပါပဲနဲ့လုပ်နေရတာမျိုး တာရှည်မလုပ်နိုင်ဘူး။ အဲဒီလိုဘဝမျိုး တာရှည်မနေနိုင်ဘူး။ ဘာပဲလုပ်ရလုပ်ရ စေတနာကောင်းကောင်းနဲ့ စိတ်ပါလက်ပါအသိဥာဏ်လေးနဲ့ ပျော်ပျော်ရွှင်ရွှင် ကျေကျေနပ်နပ်ကြီး လုပ်လိုက်ချင်တယ်။ အဲဒီလိုလုပ်ရမှပဲ ဘဝဟာ အသက်ရှင်ရတာအဓိပ္ပာယ်ရှိတယ်။

🌾🌾🌾
တရားအားထုတ်ရင်လည်း ဒီအတိုင်းပဲ။ စိတ်ပါလက်ပါ ပျော်ပျော်ရွှင်ရွှင် ကျေကျေနပ်နပ်အားထုတ်ပြီး တစ်ခုခုကိုသိရရင် ပျော်စရာကောင်းလိုက်တာ။ အကျိုးများလိုက်တာ။ ဒီလိုမျိုးသိရလို့ ငါ့ဘဝအဓိပ္ပာယ်ရှိတာ။ ဒီလိုမျိုးသိရလို့ အကျိုးများနေတာ။ ကျေနပ်နေတာ။ ဒီလိုမှမသိရရင် ဘာမှ အဓိပ္ပာယ်မရှိဘူး။ သိရလို့ကျေနပ်တာဟာ အင်မတန်အဆင့်မြင့်တယ်။ သိပ်ပျော်နေတယ်။ အသက်ဝင်ပြီးတော့ ပျော်နေတာနော်။ သိရတဲ့ပီတိကြောင့် အသက်ဝင်နေတာ။ စားရလို့ကျေနပ်တာနဲ့ မတူဘူး။ ပစ္စည်းတွေရလို့ကျေနပ်တာနဲ့ မတူဘူး။👌🏼👌🏼

💢ဆရာတော်ဦးဇောတိက💢
   🌱(မဟာမြိုင်တောရ)🌱
                     ၏
  💧အသက်ရှင်နေလျှက် ဘဝသေနေသူ💧
💧ငါ့ဘဝကိုအကောင်းဆုံးဘယ်လိုနေမလဲ💧
          စာအုပ်မှ ကူးယူဖေါ်ပြပါသည်။

No comments:

Post a Comment