Wednesday, November 21, 2018
ပါရမီ
ပါရမီ
"တရားထူးရဖို့ ပါရမီ မရှိရင် တရားအားထုတ်လို့ မရဘူး ဆိုသူများအတွက်"
•••••••••••••••••••••••
            အခုမှ စ၍ ဝိပဿနာ စတင် ကျင့်ကြံအားထုတ်ချင်ကြတဲ့ ဓမ္မမိတ်ဆွေများ ပါသိရှိစေရန်အတွက်တင်ပြရခြင်းဖြစ်ပါသည်။
              လက်ရှိမျက်မှောက်ဘဝမှာ ပါရမီ ပြည့်ဖို့ နေနေသာသာ ဟိုးအရင် အတိတ်ဘဝ တွေတုန်းကလည်း ပါရမီ ပါခဲ့တာလည်းမဟုတ်တော့ ဒီဘဝ တရားရဖို့ လွယ်ပါ့မလား ဆိုတဲ့သူတွေ။
          ပါရမီ ပါခဲ့တယ်ဘဲ..ထားအုံး တော့..ကိုယ်က ပါရမီ ပါမပါဘယ်လိုလုပ် သိနိုင်ပါမလဲ ဆိုတဲ့ သူတွေ....။
                တကယ်ဘဲ တရားအားထုတ်တဲ့အခါမှာ လူတစ်ယောက် တရားထူးရဖို့အတွက် ပါရမီလိုအပ်လား၊ မလိုအပ်ဘူးလား ဆိုတာ သိချင်ကြတဲ့ သူတွေ..။
             လေ့လာဖတ်ရှုခဲ့ရတဲ့ စာမျက်နှာ တစ်ခုမှ ကောက်နှုတ်ပြီး ဓမ္မမိတ်ဆွေတို့ အတွက် မျှဝေ ဓမ္မဒါနပြုလိုက်ပါသည်။
              ပါရမီ ဆိုတာ မြင့်မြတ်သူတို့ရဲ့ အလုပ်ပါ၊ ကောင်းတဲ့အလုပ်တွေကို ဆက်တိုက် ဆက်တိုက် လုပ်နေတာဟာ ပါရမီဖြည့် နေတယ် လို့ ဆိုရပါမယ်၊ တကယ်တော့ အတိတ်ဘဝ များစွာက ပါရမီ ရှိတယ် မရှိဘူး ဆိုရာမှာ ပါရမီကို တိုင်းတာနိုင်ဖို့ ဟာ တိုင်းတာတဲ့ အရာနဲ့ တိုင်းလို မရနိုင်ပါဘူး။ စိတ်ကျင့်စဉ်ဖြစ်နေတာကြောင့် ဖြစ်တဲ့အတွက်  တိုင်းတာဖို့ လည်း မဖြစ်နိုင်ပါဘူး၊
           အဲဒီဘက်က မစဉ်းစားပဲ နဲ့ ကိုယ် ဘာလုပ်ရမယ် ၊ ဘာလုပ်သင့်တယ် ဆိုတာကိုသာ အရင်ဆုံးလေ့လာ သင့်ပါတယ်၊ ပါရမီ ဆိုတဲ့ ပေတံ နဲ့ တိုင်းမနေပဲနဲ့  မြတ်စွာဘုရား ဟောကြားထားခဲ့တဲ့ တရားတော်တွေအတိုင်း ကိုယ် ဘယ်လောက် လိုက်နာနိုင်နေပြီလဲ၊ ကိုယ့်စိတ် ဘယ်လောက် ဖြူစင်နေပြီလဲ၊ မကောင်းမှုတွေကို ဘယ်အတိုင်း အတာအထိ ရှောင်ရှား နိုင်ပြီလဲ၊ ဆိုတာတွေ ကို အရင်သုံးသပ်ရပါမယ်၊ မြတ်စွာဘုရားဟောထားခဲ့တဲ့ စိတ္တာနုပဿနာ ကျင့်စဉ်အတိုင်း ကိုယ့်စိတ် မှာ တဏှာရာဂစိတ် တွေ များနေသလား၊ ဒေါသတွေ အားကောင်း နေသလား၊ စသည်ဖြင့် အမြဲဆင်ခြင်ပြီး...
အကုသိုလ်တွေ များနေရင် လျော့ချနိုင်ဖို့၊နည်းလာရင်လည်း လုံးဝ မဖြစ်ပေါ်လာ အောင်ကြိုးစားဖို့၊
သတိလက် လွတ်ဖြစ်ပေါ်လာရင်လည်း သတိ ကို ထပ်ကြပ်မကွာ သိသိပြီး ပယ်ရှားနိုင် အောင် ဖြစ်ဖို့ ကြိုးစားကြရမှာ ဖြစ်ပါတယ်။
               ငါ့မှာ ပါရမီရှိလား မရှိဘူးလား၊ ပါရမီ ပြည့်ပြီလား မပြည့်သေးဘူးလား ဆိုပြီး တွေးနေတဲ့ သံသယတွေ နဲ့ ဆိုရင် အလုပ် လုပ်လို့ မဖြစ်ပါဘူး၊ အဲဒီလို စဉ်းစားနေရင် လုပ်ရမယ့် အလုပ်တွေ လစ်ဟင်းပြီးတော့ အချိန်ဖြုန်းနေတာနဲ့ အတူတူပါပဲ၊
             ငါ ဒီဘဝ...
            အရိယာဖြစ်နိုင်လား မဖြစ်နိုင်ဘူးလား ဆိုတာကို မစဉ်းစားပဲ နဲ့ ယခုလက်ရှိမှာ လုပ်သင့်လုပ်ထိုက်တာကို လုပ်နေဖို့ က အဓိကကျမယ်လို့ ယူဆမိပါတယ်။
            တကယ်တော့ "လမ်းကြောင်း" က အဆင်သင့် ရှိပြီးသာပါ။ရှာစရာကို မလိုတာ..
            လျှောက်ဖို့သာ လိုပါတယ်၊ လျှောက်ဖို့ သာ အရေးကြီးတာပါ။ ဒီလမ်းကြောင်းက...
ငါသွားမယ့်နေရာ ရောက်နိုင် ပါ့မလား၊
ရောက်မှာ သေချာရဲ့လား၊ စဉ်းစားစရာ မလိုပါဘူး၊
           ဆိုပါဆို့ -
          ဆူးလေဘုရား ကနေ ရွှေတိဂုံ ဘုရားဆီကို သွားမယ့်လမ်း ကြောင်းက ရှိနေပြီးသား၊ အဲဒီလမ်းကြောင်းကို လျှောက်ပြီး ရောက်ခဲ့သူတွေ၊ ရောက်နှင့် သွားပြီး သူတွေ ကိုယ့်ရှေ့မှာ အများကြီး ရှိခဲ့ပြီးပါပြီ၊ ကိုယ်လဲ လျှောက်ဖို့ပဲ လိုအပ်တယ်၊ အချိန်တန်ရင်တော့ ပန်းတိုင်ကို ရောက်ရမယ်ပေါ့၊
         လမ်းကြောင်းရှိနေရင် လျှောက်သာလာခဲ့၊ ကား မတွေ့ လည်း လမ်းလျှာက်လာခဲ့၊ ( ၂ ) နာရီကြာအောင် လျှောက် ရမယ့်ခရီးကို နှစ်နာရီကြာရင် ရောက်မှာပါ၊ ဝီရိယစိုက်ပြီး ခပ်သွက်သွက်လျောက်ရင် မြန်မြန် ရောက်နိုင်မှာပါ၊
       ချွင်းချက် အနေနဲ့....
       ပြန်လှည့်ပြီး မသွားဖို့၊ ရပ်ပြီးလဲ မနေဖို့တော့ လိုအပ်ပါတယ်၊
          ဆက်လျှောက် လာရင် လမ်းဆုံးတော့ ပန်းတိုင် ရောက်ပါလိမ့်မယ်၊ အဲဒီလိုပဲ ကျင့်စရာရှိတာ ဆက်ပြီး ကျင့်မယ် ဆိုရင် အဆုံးမှာ အောင်ပွဲရယူနိုင်မှာပါ။
           တစ်ချို့တွေကတော့       
"သမထယာနိက ၊ ဝိပဿနာယာနိက"ဆိုပြီး ခွဲခြားပြောကြတာတွေ ရှိတယ်၊ လမ်းကြောင်းကို လျှောက် တဲ့အခါမှာ ကိုယ်က ဘယ်လမ်းကြောင်းကို ယူမလဲ...ပေါ့၊  ဘယ်လမ်းကတော့ဖြင့် နှစ်သက်သလဲ..စသည်အားဖြင့် ဆိုတာတွေ ရွေးချယ်ကြပါတယ်၊ ကုန်းကြောင်း လျောက်သွား ချင်တာလား၊ ကားစီးသွားချင်တာလား စသဖြင့် ရွေးချယ်ပြီးမှ လမ်းစဉ်ကို လိုက်ကြပါတယ်၊ လိုက်လည်း လိုက်သင့်ပါတယ်။
         အကြံပေးချင်တာကျတော့ "လမ်းပြ"  နဲ့ သွားတာကတော့  အကောင်းဆုံးပါဘဲ။ လမ်းမှားစရာကို မရှိနိုင်ပါဘူး။
             သို့ သော် ဘယ်အရာမဆို ပုဗ္ဗပယောဂ လေ့ကျင်မှု ဆိုတာလိုအပ်ပါတယ်၊ လုပ်ခဲ့ဖူးလျင် လွယ်တယ် ၊ မလုပ်ခဲ့ဖူးလျင် ခက်တယ် ပေါ့ ဒီသဘောပါဘဲ။
              သမထ ဆိုတာကတော့ ချမ်းသာ လွယ်ကူတဲ့လမ်းမို့ စိုစိုပြေပြေ ရှိတယ်လို့ ဆိုနိုင်ပြီး၊ ဝိပဿနာကတော့သွေ့ခြောက် ပျင်းရိစရာ ကောင်း လှပါတယ်၊ ရုပ်နာမ် ဖြစ်ပျက်ကို အမြဲတမ်း ရှုမြင်နေရတော့ အာရုံတွေကို မခံစားချင်တော့ပဲ ငြီးငွေ့နေတာကြောင့် ပျော်ရွှင်မှု မခံစားရပါဘူး။
                 တရားအားထုတ်ခါစ .. ယောဂီ ဟာ.. "တရားအားထုတ်လို့ ကောင်းလိုက်တာ" လို့ ပြောတဲ့ ပုဂ္ဂိုလ် တစ်ယောက်မှမရှိပါဘူး။
                ဒါပေမဲ့ အထက်ပိုင်း အဆင့်မြင့်သွားရင်တော့ သူလည်း ဘဲ ငြိမ်းချမ်းပြီး ငြီးငွေ့ မှုကင်းလာမှာပါဘဲ။
               ပါရမီလည်း ရှိ၊ တရားထူးလဲ ရနိုင်ဖို့ ဆိုရင်တော့ ကိုယ့်ဘက်က ပြည့်စုံသင့်တာတွေက အများသားကလား၊ ပထမဆုံး "တိဟိတ် ပဋိသန္ဓေ" ဆိုတဲ့ မဟာကုသိုလ် ဥာဏသမ္ပယုတ် စိတ်နဲ့ ယှဉ်ပြီး ဖြစ်တည်လာတဲ့ မဟာဝိပါတ် ဥာဏ သမ္ပယုတ်စိတ် ဖြစ်ဖို့ လိုအပ်ပါတယ်၊ အဲဒီကမှ တဆင့် အနုစိတ် ခွဲခြမ်းပြန်တော့ "အလောဘဟိတ်၊ အဒေါသဟိတ် ၊ အမောဟဟိတ်"ဆိုတဲ့ကုသိုလ်စိတ်တွေလဲ ပြည့်စုံရပါမယ်၊ အမောဟဟိတ်"အမောဟ"ဆိုတဲ့ ပညာက ပဋိသန္ဓေမှာ မရှိ မဖြစ် လိုအပ်ပါတယ်.. လို့ ဆိုချင်ပါတယ်။
           နောက်တစ်ခုက
အခြေခံ ဥာဏ်ရည်ဥာဏ်သွေး ကလေး ကလည်း ပါလာပါ မှ ဒီဘဝမှာ ပိုပြီးမျှော်လင့်နိင်စရာပေါ့နော်။
           မြန်မာစကားမှာရှိပါတယ်....
            နောက်ပြီးတော့ အမောဟဆိုတဲ့ ပညာမပါပဲနဲ့ 
            ဒွိဟိတ် ပဋိသန္ဓေ၊ အဟိတ် ပဋိသန္ဓေတွေ( ယောက်ကျား၊မိန်းမ စိတ်နှစ်မျိုးဖြစ်နေတာတို့ ၊ လိင်နှစ်မျိုးပါတာတို့ ) အဲဒီပုဂ္ဂိုလ်တွေ ဆိုရင်တော့ ဒီဘဝမှာ မပေါက်ရောက်နိုင်ပါဘူး၊ ဆိုလိုတာက အဆင့်အတန်းမြင့်မြင့်ထိ မရောက် နိုင်ဘူး လို့ ဆိုလိုတာပါ။
             ဒါပေမဲ့ အလကား အလဟဿ ဖြစ်သလား ဆိုတော့ ဖြစ်မသွားပါဘူး၊ သူကြိုးစားသ လောက် တော့ ရောက်သွားပါလိမ့်မယ်၊ 
          ဥပမာ
          မျိုးစေ့ကိုက မကောင်းရင် အပင်လဲ မသန်နိုင်ဘူး ဆိုသလိုပေါ့၊ ပင်ကိုယ်ဓာတ်ခံ ညံ့နေသူများအတွက်တော့ အထက်တန်းကို တက်လှမ်းဖို့ ခက်ခဲတတ်ပါတယ်၊ ဒါဟာ အားငယ်စရာလား ဆိုတော့ မဟုတ်ပါဘူး။
ဥပမာအနေနဲ့ ပြရရင်တော့...
              "တရားတော်မှာရှိပါတယ်၊ ဖားနတ်သားအကြောင်းကို ပြောရပါလိမ့်မယ်၊ ဖားကလေးတစ်ကောင်ဟာ  မြတ်စွာဘုရားတရား တော်ကို နာယူနေတာ ဘာမှန်းတော့ သူ နားမလည်ပါဘူး၊ အသံတော်ကိုပဲ အာရုံပြုနေတုန်း၊ ဒီအချိန်မှာ နွားကျောင်းသားလက် ချက်နဲ့ သေရရှာတယ်။ ဖားဘဝမှာတော့ အဟိတ်တိရိစ္ဆာန်ဖြစ်ပြီး ပဋိသန္ဓေစိတ်က ညံ့နေသည့်အတွက် တရားထူးမရခဲ့ဘူး..ပေါ့၊
                ဒါပေမဲ့ ဒုတိယဘဝ နတ်သားဖြစ်တဲ့အခါမှာ တရားကို အာရုံပြုပြီး စုတေ(သေ)ရတာ ကြောင့် နတ်ပြည်ရောက်ပြီး ဖားနတ်သားဘဝ နဲ့ တိဟိတ်ပဋိသန္ဓေပြည့်စုံလေတော့ တရားပြန်နာရင်း သောတာပန် ဖြစ်သွားရတယ်၊ ဒါကြောင့် တကယ် ကျင့်မယ် ဆိုရင် အခြေခံကောင်း ရှိနေသူတိုင်း ပေါက်ရောက်နိုင်သေး တယ် လို့ ယူဆမိပါတယ်။
        ဓမ္မမိတ်ဆွေတို့ ကျင့်ကြံအားထုတ်ကြတဲ့နေရာမှာ တရားထူး ရနိုင်ဖို့ ဘာတွေပြည့်စုံထားရပါမလဲ၊ ဘာတွေ လိုအပ်သလဲ ပေါ့နော်..။သိထားသင့်တယ်ထင်လို့ဖေါ်ပြပေးပါ့မယ်။
( ၁ )ပဋိရူပဒေသဝါသ
              ( ရာသီဥတု၊ အစားအစာ၊ အတူနေသူအချင်းချင်း စသည်အားဖြင့် ညီညွတ်မျှပြီး စိတ်ချမ်းသာ၊ ရွှင်ပြဖို့ လိုအပ်ခြင်း၊ )
( ၂ )သပ္ပုရိသူပနိဿယ
              ( သူတော်ကောင်း ဆရာများကို အမှီပြုပြီး ဆည်းကပ်တယ်ဆိုရာမှာ ဆရာဘက်က ချို့ယွင်းချက်၊ တပည့်ဘက်က ချို့ယွင်းချက် ဆိုပြီး ရှိတတ်ပါတယ်၊ မြတ်စွာဘုရားရှင် လို ဆရာတစ်ဆူ အနေနဲ့ကတော့ ဆရာဘက်က ချို့ယွင်းတယ် ဆိုတာမရှိပေမယ့် ကိုယ့်ဘက်က လိုအပ်နေလျင်လဲ မရရှိပဲ ကြန့်ကြာနေတတ်ပါ တယ်)
( ၃ )သဒ္ဓမ္မဿဝန
                  ( သူတော်ကောင်းတို့ တရားကို နာကြားခြင်း ဆိုရာမှာလည်း မြတ်ဘုရားက ရွှေပန်းထိမ်သည်သား ကို ပေးတဲ့ မှန်ကန်တဲ့ "ကမ္မဋ္ဌာန်း" လို ကိုယ့်ဘက်ကလည်း လိုအပ်ချက်နဲ့ သူ့ဘက်ကလည်း ပေးတဲ့ အချိန်ကိုက် ဖြစ်ဖို့ လိုအပ်ပါသေးတယ်၊ ကိုယ့်ဘက်က နာယူထားသော တရားတော်တွေ များလေလေ ဒီလမ်းစဉ် မှားသလား မှန်သလား၊ ယုတ္တိကျသလား မကျဘူး လား ဆိုတာကို မိမိကိုယ်တိုင် ဝေဖန် ဆုံးဖြတ်နိုင်တဲ့ အသိပညာတွေ တိုးပွားလာတဲ့ အတွက် လမ်းမှားမရောက် နိုင်တော့ ပါဘူး )
( ၄ )ဓမ္မာနုဓမ္မပဋိပတ္တိ
                 ( မြတ်စွာဗုဒ္ဓ ဟောထားခဲ့သည့် သတိပဋ္ဌာန်၊ မဂ္ဂင်လမ်းစဉ်များအတိုင်း လမ်းမှန်ကို လိုက်ကာ ကျင့်ကြံပါမှ မျှော်လင့်နိုင်သော အရာလည်း ဖြစ်ပါတယ် )
( ၅ )ပါပမိတ္တ
                   ( မိတ်ကောင်း ဆွေကောင်းဟာလည်ူ သိပ်ပြီးတော့အရေးကြီးပါတယ်၊ ကိုယ့်မှာ အခြေခံကောင်းတွေ ရှိထား ပေမဲ့ လည်း မိတ်ဆွေကောင်းနဲ့ မတွေ့ရင် လမ်းမှားရောက်သွားနိုင်ပါတယ်။
          မိတ်ဆွေဆိုတာ ပေါင်းရုံသက်သက်မဟုတ်ပဲနဲ့ ဆရာတင်ပြီးတော့လည်း သူငယ်ချင်းမိတ်ဆွေထံကလည်း ရယူနိုင်ပါတယ်။
             ဆိုကြပါစို့...
           တရားအားထုတ်ချင် တဲ့သူအတွက် မှန်ကန်တဲ့ နည်းလမ်းကို မပေးပဲနဲ့  မှားမှားယွင်းယွင်း နည်းလမ်းကို ပေးမိတာကိုလည်း သတိထားကြရမှာဖြစ်ပါတယ်။ အဲဒီလို ပါပမိတ္တနဲ့ ပေါင်းမိလို့ မလုပ်သင့်တာတွေ လုပ်မိသွားလျင် ကိုယ့်ရဲ့ အခြေအနေ ကောင်းတွေဟာ ပျက်စီးသွား တတ်ပြန်ပါတယ်။
           ဥပမာ အနေနဲ့ အားလုံးသိကြတဲ့ အဇာတသတ်ဘုရင်ကြီးဟာ သောတာပန်ဖြစ်ဖို့ အတွင်းအကြောင်း ပဋိသန္ဓေပြည့် စုံပြီးသား ဆိုသော်လည်း၊ လူမိုက်နဲ့ ပေါင်းမိတော့ မလုပ်သင့်တာတွေ လုပ်မိပြီး ရှိပြီးသား အခြေအနေကို ဖျက်ဆီးပစ် လိုက်တာ သနားစရာသိပ်ကောင်းလှတယ်၊ နောင်တစ်ချိန်မှာ သာမညဖလသုတ် တော်ကို နာယူရပေမယ့် ပိတုဃာတက ကံကြီးကို ကျူးလွန်ထားလေတော့ သူ့သန္တာန်မှာ မကောင်းတဲ့အခြေအနေက ဖျက်ဆီးထားပြီ၊ ဒီဘဝအတွက် မျိုးစေ့က ပျက်ဆီး သွားတယ်လို့ ဆိုရမယ်ပေါ့၊ ဒါဟာ ပါပမိတ္တကြောင့် ဆုံးရှုံးရတာပါ။
( ၆ )ကိရိယာ ပရိဟာနိ
             ( လုပ်သင့်တာကို မလုပ်ပဲနေပြီး အချိန်ကုန် ခံနေတာကို ဆိုလိုတယ်)
           လူတွေ တော်တော် များများဟာ အခြေအနေကောင်းတွေ ပါလာခဲ့တာများပါတယ်၊ ရှေးကံတွေ ကောင်းခဲ့ကြလို့ ပြည့်စုံတဲ့ ဒီဘဝမှာ ရောက်နေကြပေမဲ့လည်း ဝီရိယမရှိပဲ ပျင်းနေကြလို့၊ ဇွဲမကောင်းကြလို့ နောက်ပြီး ဖြစ်ချင်တဲ့ စိတ်ဆန္ဒ အားနည်းနေလို့ အဓိပတိ မတပ်လို့ မဖြစ်မြောက်တာ များနေကြတာပါ၊
          လုပ်ရမယ့်အလုပ်ကို လုပ်ဆောင်မှုမရှိတာ၊ လစ်ဟင်းတာကတော့ ကိုယ်တိုင်နဲ့ပဲ သက်ဆိုင်ပါလိမ့်မယ်၊ ဘယ်အလုပ်မဆို လုပ်ရင် အတိုင်းအတာ တစ်ခုအထိ သတ်မှတ်ထားတဲ့ အရာတော့ရှိပြီးသားပါ။ ဒါပေမဲ့ အချို့ တိဟိတ်ပုဂ္ဂိုလ်တွေ ရှိကောင်း ရှိပါတယ်၊ အများကြီးလည်း ရှိနိုင်တယ်လို့ ထင်မိပါတယ်၊
           ကျမ်းဂန်တွေ မှာတော့ မီးပွတ်ယောကျာင်္း နဲ့ ဥပမာပေးထားပါတယ်၊
          ရှေးခေတ်က သိပ္ပံပညာမထွန်း ကားသေးတော့ မီးပွင့်လေးတွေ ရလာဖို့ သစ်သား နှစ်ချောင်းကို အချင်းချင်း ပွတ်ရပါတယ်၊ မီးပွင့်လေးပေါ်လာမှ ဝါဂွမ်းလေးနဲ့ တို့ယူပြီး မီးပွားယူရတာကိုး၊ အဲဒီ မီးပွတ်ယောက်ျားဟာ ပွတ်လိုက်တာ၊ အားစိုက်ပြီး ပွတ်တယ်၊ ဝီရိယထည့်ပြီး ပွတ်တယ်၊ ပွတ်တာ ကြာပြီး မောလာတော့ နားနေပြန်ရော ၊ နောက်တစ်ခါ ပြန်ပွတ်တယ်၊ မောတော့ နားထားပြန်တယ်၊ ဒီလိုနဲ့ ပူလာခါနီး မီးပွင့်ခါနီးမှ ခဏနားလိုက်ဦးမယ် ဆိုပြီး နားနေတော့ အေးအေး သွားပြန်တယ်၊ ဒီလိုပါပဲ တရားအားထုတ်ကြတဲ့ သူများဟာလဲ ရခါနီးကျရင်၊ ပြန်ပြန်လျှော့ထား လိုက်ရင်းနဲ့ အသစ် အသစ်ပဲ ပြန်ဖြစ်ဖြစ်သွားပါတယ်၊ ဒါ့ကြောင့် ဇွဲကောင်းဖို့ သိပ်လိုတယ်လို့ ဆိုရပါမယ်။
           ဥပမာ- (၁၀)ရက် တရားစခန်းတစ်ခုမှာ အားထုတ်နေရင်း ၉ရက်ကျော်၊၁၀ရက် မြောက်လောက်လည်းရောက်ရော...တရားကလည်း မှတ်လို စိတ်နေတယ်၊သမာဓိတွေက လည်းကောင်းနေတယ်၊ ဝိပဿနာဉာဏ်တွေကလည်းတက်ပြီး အထက်ဉာဏ်တွေရောက်နေတဲ့အချိန်၊ အဲဒီပုဂ္ဂိုလ်ဟာ မကြာခင် တရားက ထူးတော့မဲ့ အင်္ဂါတွေနဲ့ ကလည်း ပြည့်စုံနေတဲ့အချိန် .....
           အဲဒီအချိန်လည်း ရောက်ရော.. တရားစခန်းက ရက်စေ့ သွားလို့ တရားဖြုတ်လိုက်ရတယ် ဆိုရင်ဖြင့် အတော်ကို နစ်နာစရာ ကောင်းလှပါတယ်။
          ရေကျက်အေး သောက်ချင်ရင် ရေနွေးကို ဆူအောင်တည်ရပါတယ်။ ရေနွေးကျက်ကျက်ဆူမှသာ ရေကျက်အေး ဖြစ်မှာကိုး၊ ရေနွေးဆူဖို့ တစ်နာရီကြာမယ် ဆိုရင် တစ်နာရီပြည့်အောင် မီးဖိုပေါ်မှာ တင်ထားဖို့ လိုပါလိမ့်မယ်။ ပူလာတာ နဲ့ မီးပိတ်လိုက်၊ အေးသွားတော့ ပြန်တည်လိုက်နဲ့ ရေကျက်အေး ဘယ်တော့မှ ဖြစ်မှာမဟုတ်ပါဘူး။ နည်းနည်း ပူရုံလောက်ဘဲ တော်ပြီ ဆိုပြီး အအေးခံ ရေကျက်အေး အမှတ်နဲ့ သောက်ရင်တာ့ ဗိုက်နာတတ်ပါတယ်။ ရေကျက်အေးမှ မဟုတ်ဘဲ ကိုး....။ဆိုလိုတာကို သဘောပေါက်ကြမှာပါ။
           နောက်တစ်မျိုးအနေနဲ့ ခြေလှမ်းပေါင်း ( ၅၀၀၀ ) လှမ်းမှ ရောက်ရမယ့်ခရီးကို အလှမ်းငါးထောင် မပြည့်သေးပဲ ရပ်ရပ် ထားလေတော့ အသစ်အသစ် တာထွက်နေရာကပဲ ပြန်စရသလို ဖြစ်နေပါတယ်၊ တောင်ထိပ်ကို တက်လှမ်းသူဟာ ကုန်းလျှောကို ဆင်းသူတွေလောက်တော့မလွယ်ကူသလို ရေစုန်ကို မျှောလိုက်ရတာ လွယ်ကူသော်လည်း ရေဆန်ကို ဖြတ်ကူးဖို့ကျတော့ ဇွဲကောင်းဖို့ ဝီရိယရှိဖို့ သတိ သမာဓိအားကောင်းဖို့ လိုအပ်နေပြန်တယ်။
            ဒါကြောင့် မကောင်းမှုကို ပြုတယ် ဆိုတာ ရေစုန်လမ်းကို မျှောလိုက်ရသလို လွယ်ကူတဲ့ မတွက်ကြောင့် လူတိုင်းမှာ အခြေအနေ ကောင်း များ ရှိနေသော်လည်း ကိရိယာပရိဟာနိ - ဆိုတဲ့ လုပ်သင့်တာတွေကို လွှတ်ထားမိ ထားတာ့ ကမ်းကို မတက်နိုင်ပဲ ဖြစ်နေကြပါတယ်၊ သတ်မှတ်ထားတဲ့ အရည်ချင်း မပြည့်သေးဘူး ဆိုလျင်တော့ ဝီရိယ စိုက်ပြီး သတိနဲ့  ဆက်လက် ကူးခတ်နေကြရဦးမှာဖြစ်ပါတယ်။ 
              အားလုံးကို ခြုံငုံသုံးသပ်ကြည့်တော့..
ဆရာသမားကောင်းကောင်း၊
နည်းမှန်လမ်းမှန်၊
ကုသိုလ်ကောင်းမှုတွေ မပြတ်တိုက်တွန်း နေတတ်တဲ့ မိတ်ဆွေကောင်းတွေနဲ့
လုပ်သင့်တာတွေကို ဇွဲကောင်းကောင်းနဲ့ လုပ်မိစေဖို့ လိုအပ်ပါလိမ့်မယ်။
        ပါရမီ ဆိုတာကိုစဉ်းစားမနေပဲလမ်းကြောင်းအတိုင်းမှန်မှန်လျှောက်နေဖို့သာအဓိကမို့ လမ်းမှန်ကို လျှောက်နိုင်အောင် ၊ လျှောက်ဖြစ်အောင် လျှောက်ကြပါလို့ အားပေးတိုက်တွန်းရင်း ဓမ္မဒါနပြုလိုက်ပါသည်။
( ခန္ဓာ-၅ပါးတစ်ဦး )
••••••••••••••••••••••••••••••
လက်ကိုင်ဖုန်း ဖြင့် စာစီရခြင်းဖြစ်သည့်အတွက် သတ်ပုံမှားယွင်းမှုများ တွေ့ ရှိပါက သည်းခံခွင့်လွှတ်ပြီး ပြင်ဆင်ဖတ်ရှုပေးပါရန် မေတ္တာရပ်ခံပါသည်။(ခန္ဓာ-၅ပါးတစ်ဦး)
No comments:
Post a Comment