Tuesday, November 27, 2018
သမာဓိ ထူထောင်နည်း
"သမာဓိ ထူထောင်နည်း"
____________________
         အဲဒီလို ပုံစံအမျိုးမျိုး နဲ့ အားထုတ်လာရင်းက တရားရိပ်သာကနေ့ ရက်စေ့ပြီး ပြန်လာကြသော ယောဂီတွေဟာ မိမိတို့ နေအိမ်မှာဘဲ ဆက်လက်အားထုတ်ကြတာတွေ ရှိပါတယ်။ အဲဒီအခါ မှာ ယောဂီ တို့ ဟာ ဘာအခက်ခဲတွေ ကြုံရသလဲဆိုတော့...
          တရားစခန်းမှာ အားထုတ်ရတဲ့နေထိုင်ရတဲ့ နေရာ၊ မြင်ရတဲ့ မြင်ကွင်း စတဲ့ ကွာခြားချက်တွေ ကြောင့် တရားစခန်းမှာ တရားအားထုတ်စဉ်ကနဲ့ မတူတော့ဘဲ နဲ့ အရင်လို တရားအားထုတ်လို့ မရဖြစ်ကြရပါတယ်။
           အိမ်မှာနေရင်း နေ့ စဉ်အားထုတ်တဲ့ ပုဂ္ဂိုလ်တွေကျပြန်တော့လည်း မှတ်လို့ ကောင်းလိုက်၊ မကောင်းလိုက် နဲ့ တစ်နေ့ တစ်နေ့  တစ်ဝဲဝဲလည်လည် ဖြစ်နေတာတွေ လည်း ရှိနေကြပါတယ်။
ဒါဟာ ဘာကြောင့်လည်းဆိုတော့.... "သမာဓိ" ကြောင့်ပါ။ ဝိပဿနာ အားထုတ်တဲ့ ပုဂ္ဂိုလ် ဟာ သမာဓိ အားမကောင်းရင် ဝိပဿနာ ဉာဏ်ပျက်ပါတယ်။ တော်ယုံနဲ့ ဝိပဿနာ ဉာဏ် မဖြစ်ပါဘူး။
တကယ်တော့...
           သမာဓိ မတည်နိုင်တာဟာ စိတ်မငြိမ်ဘဲ ပြန့်လွင့်နေလို့ ဖြစ်တာပါ။ စပြီး တရားထိုင်ကတည်းက အတွေးပေါင်းစုံ ဝင်လာတတ်ပြီး တစ်မိနစ် နှစ်မိနစ်ပင်မကြာဘဲ စိတ်ကူးအကြံအစီများ ဝင်လာလေ့ ရှိတတ်ပါတယ်။ စိတ်ကိုမလွတ်အောင်ကြိုးစားပြီး မှတ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စတင်ခဲ့ပေမယ့် တစ်ခါတစ်ရံ ကိုယ်လည်းမသိဘဲ စိတ်ကအတွေးနောက် ပါသွားတတ်တာတွေလည်း ရှိပါတယ်။ ဒါတွေဟာ "သမာဓိ"အားနည်းပြီးတော့ "သမာဓိ"မတည်နိုင် တဲ့အတွက်ကြောင့် ဖြစ်တာပါ။ 
           ဒီလို အားကောင်းတဲ့  " သမာဓိ "ြ ဖစ်လာဖို့ ဆိုတာ ပြန်ကြည့်ရင် "စိတ်" ငြိမ်ဖို့ အဓိကလိုအပ်ပါတယ်။ဝိပဿနာ အားထုတ်တယ်ဆိုတာ စိတ်နဲ့ လုပ်ရတဲ့ အလုပ်မို့  စိတ်မငြိမ်ရင် သမာဓိ မဖြစ်ပါဘူး၊ သမာဓိ မဖြစ်တော့ ဝိပဿနာဉာဏ် နှောက်နှေး ရစေပါတယ်။
                အဲဒီ ပုဂ္ဂိုလ်တွေဟာ အရင်က တရားထိုင်နိုင်ခဲ့ပြီး ခုအချိန်မှာ စိတ်တွေ ကပြန့်လွင့်တာတွေ များပြီး တရားကြာကြာ မထိုင်နိုင် ဖြစ်နေတတ်ပါတယ်။ တရားထိုင်မယ် ကြံလိုက်တိုင်းလည်း အနာရောဂါတစ်ခုခု လူမှာပေါ်ပေါက်လာတာတို့ ၊ ဘဝမှာ အဆင်မပြေမှု တစ်ခုခုကို ဖြေရှင်းနေရခြင်း စတဲ့အဖျက်အမှောင့် အကြောင်းတွေ ပေါ်ပေါက်လာတတ်ပါတယ်.....။
             ပြန်လည်တရားအားထုတ်တဲ့အခါမှာ ထိုင်ရာမှာ သမာဓိထူထောင်ရ ခက်ခဲခြင်း၊ ပြီးတော့ သမာဓိကောင်းလာပြီဆိုရင်လည်း ပြန်ပျက်လွယ်ခြင်းများ ကြုံကြရပါတယ်။ ဒါကို မိမိ ကိုယ်ကို မိမိ သိပေမဲ့...
တချို့ ကလည်း အတိတ်ကို ပြန်ပြီး"ကုက္ကုစ္စ" ဖြစ်မနေဘူးဆိုပြီး၊ ပြန်လည်အားထုတ်သော်လည်းဘဲ..မရကြတာ တွေ့ ရပါတယ်။
            အတွင်းစိတ်ကို နိုင်ရင်တောင် မှ အပြင် အနှောင့်အယှက် တိုက်တိုက်ဆိုင်ဆိုင် ပေါ်လာတတ်ပါတယ်။
                တရားမှတ်နေရင်း စိတ်လွင့်တယ် ဆိုတာ အသိတရားဖြစ်စေတဲ့ ရုပ်နာမ်အာရုံမှာ စိတ်မရှိတော့ဘဲ တွေ့ဖူး၊ မြင်ဖူး၊ ကြုံခဲ့ဖူးတဲ့အာရုံတွေကို စိတ်က အာရုံပြုမိနေတာကို ခေါ်ပါတယ်။
           မြတ်စွာဘုရား ဟောထားတာရှိပါတယ်...
            ပြေးလွှားဆော့ကစားတတ်တဲ့ နွားပေါက်ငယ် ကလေးကို သွားနေကျ စားကျက်နေရာတွေကို မသွားစေလိုရင် "တိုင်ငုတ်ကို ခိုင်ခိုင်စိုက်၊ ချည်တိုင်မှာကြိုးတစ်ဘက်၊ နွားငယ်ကို ကြိုးတစ်ဘက်နှင့် ချည်ထားပေးရတယ်"။
          ပထမတော့ နွားငယ်ဟာ အားရှိသမျှ ရုန်းရင်းကန်ရင်း နောက် တဖြည်းဖြည်း ရုန်းအားနည်းလာပြီး ချည်တိုင်ရင်းမှာ ဝပ်စင်းငြိမ်ကျသွားတဲ့ နွားငယ်ဥပမာ" ပြတော်မူခဲ့ပါတယ်။
          နွားပေါက်ငယ်က "စိတ်" ၊
            ချည်တိုင်က "ကမ္မဋ္ဌာန်း" အာရုံ၊
             ချည်စရာကြိုးက သတိ၊....ဆိုပြီး
ဥပမာပြပြီး နှိုင်းတော်မူခဲ့ပါတယ်။
           သွားလိုရာ သွားတတ်တဲ့ စိတ် ကို ထင်ရှားခိုင်မြဲတဲ့ ကမ္မဋ္ဌာန်းအာရုံမှာ ရှိနေဖို့ သတိနဲ့ ထိန်းရတဲ့ သဘောပေါ့။ သမထ အတွက် ပိုပြီး သင့်တော်ပါတယ်။
          အာရုံမထင်ရှားလို့ ချည်တိုင်မခိုင်ရင်ဘဲ ဖြစ်ဖြစ်၊ သတိအားမကောင်းလို့ ကြိုးမခိုင်ရင်ဘဲဖြစ်ဖြစ်၊ စိတ်ဆိုတဲ့ နွားငယ်က ပြုတ်အောင်၊ ပြတ်အောင် ရုန်းပြီး သူသွားချင်ရာ သွားမှာပါ။ နွားငယ်အတွက် အချိန်ကျရင် အိမ်ခြံချည်တိုင်ကို ပြန်လာတတ် လို့ ချည်တိုင်ကပဲ စောင့်ကြတယ်၊ လွတ်ထွက်သွားတဲ့စိတ်ကို သတိကောင်းကောင်းနဲ့ မူလကမ္မဋ္ဌာန်းအာရူံကိုပဲ ဂရုစိုက်စောင့်ကြည့်ပေးပါ။ ဂရုစိုက်လိုက်တာနဲ့ မိမိစိတ်ဟာ ကမ္မဋ္ဌာန်း အာရုံပေါ်ကို ရောက်နေပါပြီ။ စိတ်မလွတ်တော့ပါဘူး။
           ဒီနေရာမှာ စိတ်သဘောကို နည်းနည်း ရှင်းပြပါမယ်။ စိတ်ဆိုတာ အာရုံကို သိတတ်တဲ့ သဘောရှိပါတယ်။ ဝေးဝေး နီးနီး အာရုံမျိုးစုံကို ယူသောအားဖြင့် ရောက်တတ်တယ်။ တစ်စိတ်ချုပ်မှ တစ်စိတ်ဖြစ်တယ်။
           နောက်ပြီး စိတ်ကို...
           လွတ်ထားတာရယ်၊
           ထိန်းထားတာရယ်၊
            စိတ်ရဲ့သဘောကို သိတာရယ်..လို့ သုံးမျိုးခွဲမှတ်ပါ။
            စိတ်ကို လွတ်ထားရင်...
           မကောင်းတဲ့အာရုံ၊ စိတ်ပူပန်၊ စိတ်ညစ်စရာတွေကိုသာ အာရုံပြုနေကျဖြစ်နေတော့ စိတ်ဆင်းရဲပူပန်မှုသာ ဖြစ်တယ်။ ဒုက္ခရောက်တယ် ပြောတာပေါ့။
           ဒါဖြင့် စိတ်ကို ထိန်းထားရမယ်ဆိုပြန်တော့....
         ထိန်းတယ်ဆိုတာ ကောင်းတဲ့အာရုံပေါ်မှာ စိတ်ကို တင်ထားတာ။
            ဒါနနဲ့ ထိန်းရင် အလှူခံပုဂ္ဂိုလ်၊ လှူဖွယ်ပစ္စည်းတွေကို အာရုံပြု၊ သီလနဲ့ ထိန်းရင် ရှောင်ကြဉ်စရာ၊ လွန်ကျူးစရာကို အာရုံပြုစောင့်ထိန်းရတယ်။ သမထဆိုရင်လည်း ကသိုဏ်းနိမိတ်ပညတ်စတဲ့ သမထအာရုံတွေကို အာရုံပြုပြီး ထိန်းထားရတယ်။ စိတ်ကိုထိန်းရင် ကုသိုလ်တော့ ဖြစ်ပါတယ်။
         သိုသော် လွှတ်ထားခံရတဲ့ သားသမီးတွေဟာ ရာနှုန်းပြည့် ပျက်စီးသွားနိုင်တယ်။ ထိန်းသိမ်းခံထားရတဲ့ သားသမီးတွေကတော့ ကောင်းတဲ့ဘက်ရောက်ဖို့ ရာခိုင်နှုန်းများပေမယ့် ထိန်းသိမ်းမှုလွတ်သွားလို့ ထိန်းမနိုင် သိမ်းမရ ဖြစ်တတ်တဲ့ သဘောကို ပြောတာ ဖြစ်ပါတယ်။ မကောင်းတာကို ခိုးကြောင်ခိုးဝှက် လုပ်တတ်တယ်။ ရာနှုန်းပြည့် မကောင်းနိုင်ပါဘူး။
          အကောင်းဆုံးကတော့ ပညာရှာရမယ့် အရွယ်သားသမီးတွေကို ပညာရဲ့ အကျိုးကျေးဇူး၊ ပညာရှိမှ လူရာဝင်တယ်စတဲ့ ပညာကောင်းကြောင်းတွေကို နားလည်အောင် ပြောပေးရပါတယ်။ စီးပွားရှာရမယ့်အရွယ် သားသမီးတွေကို စီးပွားရေးကို စိတ်ပါဝင်စားပြီး ကြိုးစားလာအောင် အထက်တန်းရောက်နိုင်တဲ့အကြောင်းကို သဘောပေါက်နားလည်အောင်၊ အသိဉာဏ်နဲ့ လက်ခံအောင်၊ လက်ခံတဲ့အတိုင်း လိုက်လုပ်အောင် ပြောဆိုပေးရတယ်။ အသိဉာဏ်ပေးရမယ်ပေါ့။
             မိမိ"စိတ်"ကိုလည်း သားသမီးသဖွယ် ကောင်းစေချင်လို့ နားလည်အောင် ဆုံးမရမယ်။ ပြောပေးရမယ်။ ကိုယ့်ကိုယ်နဲ့ ကိုယ့်စိတ်ရဲ့ အကြောင်းကို သေချာသိနိုင်ဖို့ ကြိုးစားခိုင်းရပါမယ်။ အသိဉာဏ်တွေတိုးပြီး သိအောင်ပေါ့။ အဲဒီလိုသိအောင် ကြည့်နေတာကို စိတ်အလုပ် လုပ်တယ်လို့ ခေါ်ပါတယ်။ ဒါမှ သမာဓိ အားကောင်းလာပြီး ဝိပဿနာဉာဏ် ဖြစ်လာမှာ။
           ဒါန၊ သီလ၊ သမထကုသိုလ်တွေက သာမန်အားဖြင့် စိတ်ကို ထိန်းကြတဲ့ အလုပ်တွေပါ။ ကုသိုလ်လုပ်နေရင်း တစ်ခါတလေ ထိန်းသိမ်းမှုအောက်ကလွတ်ပြီး မကောင်းတဲ့အာရုံ ရောက်နေတတ်တဲ့ စိတ်မျိုးလည်း ဖြစ်သွားတတ်တယ်။
            ဝိပဿနာဆိုတာ စိတ်ကို လွှတ်ထားတာလည်းမဟုတ်၊ ထိန်းထားတာလည်း မဟုတ်၊ ဒီရုပ်ဒီနာမ်ရဲ့ သဘောကိုသိအောင် စိတ်ကို ကြည့်ခိုင်းတာပါ။ လွင့်နေတဲ့ စိတ်ကို လွင့်တတ်တဲ့ နာမ်သဘော၊ အာရုံနဲ့ ဆုံတိုင်း သိတတ်တဲ့သဘော၊ ပြောင်းလဲတဲ့ သဘောတွေကို မြင်အောင် ကြည့်ရတာပါ။
             အဲလိုကြည့်နိုင်ရင်လည်း စိတ်မလွတ်တော့ပါဘူး။
           အဲဒီအခါကျမှ သမာဓိ ဖြစ်ဖို့ ကို ဘာလိုအပ်လဲဆိုရင် စိတ်ကိုတစ်ခြားအရာများ မဝင်အောင်ကြိုးစားပြီး "အားထုတ်ပေးတဲ့လုံးလ"၊ တစ်နည်းအားဖြင့်ပြောရင် "ဝီရိယ"လိုပါတယ်။
            "သမာဓိ"နည်းလို့ ထွက်ထွက်သွားတဲ့စိတ်ကို ပြန်ပြန်ပြီးသတိကပ်ကာ မထွက်အောင်ထိန်းပေးတဲ့ အားထုတ်မှု "ဝီရိယ"လိုပါတယ်။ သမာဓိလည်း မရှိဘူး၊ စိတ်ကိုမထွက်အောင် ကြိုးစားမယ်ဆိုတဲ့ ဝီရိယလည်း မရှိဘူးဆိုရင်တော့ ပေါ်လာတဲ့အတွေးအမြင် စိတ်ကူးစိတ်သန်းတွေနောက် ပိုပြီးမျောသွားကာ တစ်နာရီထိုင် တစ်နာရီလုံး သမာဓိတည်မှာ မဟုတ်ပါဘူး။
             ဒါကြောင့်မို့ သမာဓိနည်းပြီး ပြန်လွင့်တတ်တဲ့စိတ်ကို....
        "ငါ့စိတ် အပြင်ရောက်နေပါလား၊ ငါ အတွေးတွေ လွန်နေပါလား".....လို့
           သိတာနဲ့ တစ်ပြိုင်နက်" ပြန်ပြန်ပြီး " အမှတ်အာရုံကို ပြန်ယူကာ ကြိုးစားပေးရပါတယ်။ တရားထိုင်ခါစပဲ ရှိသေး စိတ်လွင့်ပြီဆိုတာ သိတာနဲ့တစ်ခါတည်း ပြန်ပြီးအမှတ်ကို ကြိုးစားမှတ်၊ သတိရတိုင်း ပြန်ပြန်ပြီး ဝီရိယ စိုက်ပြီးတော့ ဘယ်လိုမှတ်သင့်သလဲ ဆိုရင်...
        "ငါ အတတ်နိုင်ဆုံး မထွက်အောင် မှတ်မယ်" ဆိုတဲ့
         ခံယူချက်နဲ့ စမှတ်ကတည်းက သတိကပ်ကာ အမှတ်ကို အစမှ အဆုံးအထိလိုက်ပြီး သိအောင်ကြိုးစားပေးရပါတယ်။
            ကြိုးစားမှတ်ပါလျက်နဲ့ တစ်ခါတစ်ရံ မသိစိတ်က ခေါ်ဆောင်ရာ ပါသွားပြီး အမှတ်အာရုံက လွတ်သွားတာလည်း ရှိတတ်ပါတယ်။ အဲဒီအခါမျိုးမှာလည်း ပြန်သတိရတာနဲ့ တစ်ခါပြန်ပြီး အမှတ်အာရုံကို အစမှအဆုံးအထိ မှတ်လို့ရအောင် ကြိုးစားပါ။ ဒီလိုနဲ့ စိတ်ထွက်တိုင်း ပြန်ပြန်ကြိုးစားမယ်ဆိုရင် ဒီစိတ်ဟာ တဖြည်းဖြည်း အထွက်နည်းလာ၊ အတွေးအမြင် စိတ်ကူးတွေ တဖြည်းဖြည်းနည်းလာကာ သမာဓိတည်လာပါလိမ့်မယ်။
            မှတ်လို့မရဘူး ဆိုပြီး စိတ်ကိုလွတ်ပေးထာရင်း ပိုပြီးသမာဓိတည်ဖို့ ခက်ခဲတတ်ပါတယ်။ ဒါကြောင့် မှတ်နေတုန်းမှာပဲ ပြန်ပြန်ပြီး မှတ်နိုင်အောင် ကြိုးစားပေးတဲ့ "ဝီရိယ"ကို ထပ်ခါထပ်ခါ သတိနဲ့ကပ်ပေးပါက တဖြည်းဖြည်း သမာဓိတည်လာပါလိမ့်မယ်။ ဒီလိုပဲ ကြိုးစားတည်ထောင်ပေးကြည့်ပါ။
             ဆိုလိုတာကတော့..သမာဓိနည်းတာဟာ "ဝီရိယ"နည်းတဲ့အတွက်ကြောင့် ဖြစ်လို့ "ဝီရိယ"စိုက်ပေးဖို့ လိုအပ်ပြီး ဒီ "ဝီရိယ" စိုက်နိုင်ဖို့အတွက်လည်း သတိရှိမှဖြစ်တဲ့အတွက် ကြောင့်သတိနဲ့ယှဉ်တဲ့ "ဝီရိယ"ကို ပိုပြီးအားပြုပေးကြည့်သင့်ပါတယ်။
           တခြားအနှောက်အယှက် ဆိုတာကလည်း လောကသဘောအရ အကောင်းအဆိုးဆိုတာ ဒွန်တွဲနေတတ်တဲ့ သဘောပါ။ "အကောင်းလုပ်ရင် အဆိုးပေါ်တတ်" မှာ ဖြစ်ပြီးတော့ "အဆိုးလုပ်နေပေမယ့်လည်း အကောင်းပေါ်"လာတတ် တာလည်းရှိပါတယ်။ ( အကောင်းလုပ်တိုင်း၊ အဆိုးပေါ်ပြီး အဆုံးလုပ်တိုင်း အကောင်းပေါ်သည်ကို ဆိုသည်မဟုတ်ပါဘူး၊ တစ်ခါတစ်ရံ ဖြစ်တတ်သည်ကို ဆိုလိုခြင်းသာ ဖြစ်ပါတယ် )။
             ဘာပဲဖြစ်ဖြစ် ပြီးခဲ့တာတွေကို မေ့ထားပြီး ယခုလက်ရှိ အချိန်ကိုသာ ကောင်းအောင်လုပ်ဖို့ လိုတာပါ။ "စိတ္တကုက္ကုစ္စ" ကလည်း အရေးကြီးပါတယ်။ တစ်ခါတစ်ရံ စိတ်အစွဲကြောင့် "ဥပါဒ်ဒဏ်ကြောင့် ဥပါဒ်ရောက်"ဆိုသလို ဖြစ်တတ်ပါတယ်။ ကံဆိုတာ တူသောအကျိုးကို ပေးတတ်တယ် ဆိုပေမယ့် အကျိုးမပေးဘဲ ပျောက်သွားတတ်တဲ့ "အဟောသိကံ"ဆိုတာလည်း ရှိတတ်ပါတယ်။ ဒါကြောင့် အတိတ်က မကောင်းတာတွေကို မေ့ပျောက်ပြစ်ပြီး လက်ရှိအချိန်မှာ အကောင်းဆုံးဖြစ်အောင် ကြိုးစားဖို့လိုပါတယ်။ "ကုသိုလ်လုပ်မယ်ကြံတိုင်း တစ်စုံတစ်ခု အနှောက်အယှက် ပေါ်လာတတ်တယ်"ဆိုတဲ့စိတ်အစွဲ မထားဘဲ အချိန်မရွေး ကုသိုလ်ဖြစ်အောင် ကြိုးစားကြည့်ပါ။
        ကုသိုလ်ဆိုတာက အချိန်၊ ကာလ၊ နေရာ၊ အရွယ်သတ်မှတ် ချက်မရှိ လုပ်ပေးရမယ့် လုပ်လို့ရတဲ့ တရားပါ။
         အဲလိုလုပ်တဲ့အခါမှာ စိတ်အစွဲလေးတွေကင်းအောင် ကိုယ့်ကိုယ်ကို ယုံကြည်မှုရနေအောင် အရင်ဆုံး "ကိုယ်ကျင့် သီလ" ကိုတော့ လုံခြုံအောင် စောင့်ထိန်းပေးဖို့ လိုပါတယ်။ "သီလ"မလုံခြုံတဲ့ အတွက်ကြောင့်လည်း ယုံကြည်မှုတွေလျော့ပြီး ဒါလုပ်ရင် ဒီလိုအနှောက်အယှတ်များ ဝင်လာမလားဆိုတဲ့ စိတ်အတွေးတွေ ပေါ်တတ်တဲ့သဘောလည်း ရှိပါတယ်။ ဒါကြောင့် ဒါနကုသိုလ်ပြုတာပဲ ဖြစ်ဖြစ်၊ တရားထိုင်တာပဲဖြစ်ဖြစ် အပြင်အနှောက်အယှက်တွေ မဝင်ရအောင် ပထမ ဆုံး "သီလ"ကိုလုံခြုံအောင် စောင့်ထိန်းပေးပါ။
              အထူးသဖြင့် တရားထိုင်တဲ့အခါမှာ မထိုင်ခင် "သီလ"အရင်ယူ သီလကိုလုံခြုံအောင်လုပ်၊ ပြီးရင် မေတ္တာပွားပေးပါ။ ကိုယ်စောင့်နတ်အပါအ၀င် လောကပါလတ်နတ်များနှင့် တကွအားလုံးသော သုံးဆယ့်တစ်ဘုံသားတို့အား မေတ္တာပို့ပြီး ပြုပြုသမျှကုသိုလ်တို့အား အမျှပေးဝေပေးပါ။ နောက်ဆုံးအနေနဲ့ တရားမထိုင်ခင် မိမိခန္ဓာကိုယ်ကို မြတ်စွာဘုရားရှင်အား တရားထိုင်နေစဉ် ကာလအတွင်း ဘုရားရှင်အား လှူဒါန်းပြီး "ဘုရားရှင်ရဲ့ တန်ခိုးတော်ကြောင့် မည်သည့်အနှောင့်အယှက်မှ မဝင်ပါစေသား"ဟု သစ္စာပြုတိုင်တည်ကာ ကြိုးစားပြီး အားထုတ်ကြည်ပါ။ တစ်ဖြည်းဖြည်း အားထုတ်လို့ ရလာပါလိမ့်မယ်။
စိတ်ဓာတ်မကျဖို့၊ မကောင်းတဲ့စိတ်အစွဲတွေ မရှိဖို့တော့ အထူးသတိပြုရပါမယ်။ အတိတ်ကိုလည်း မတွေးဘဲ အနာဂတ်ကိုလည်း မမျှော်ဘဲ လက်ရှိအချိန်ကိုသာ အကောင်းဆုံးဖြစ်အောင် သီလလုံခြုံစွာဖြင့် ကြိုးစားကျင့်ကြံ အားထုတ်နိုင်တဲ့သူများ ဖြစ်ကြပါစေလို့  ဆန္ဒပြုရင်း ဓမ္မဒါနပြုပါသည်။
( ခန္ဓာ-၅ပါးတစ်ဦး)
•••••••••••••••••••••••••••••••••••
ပြန်​လည်​မျှ​ဝေပါသည်​။
🙏ဓမ္မမိတ်​​ဆွေများ ​ကောင်းကျိုး တရား တိုးပွားကြပါ​စေ🙏
No comments:
Post a Comment