Thursday, November 29, 2018

ဓမ္မကို လေးစားပါ


မြတ်စွာဘုရား
ဘုရားဖြစ်ပြီး ( ၁၁ ) နှစ်မြောက်မှာ …

. . . မြို့ကို
ဒေသစာရီ ကြွတဲ့ အခါ
အဲဒီမြို့က လူတွေ ဘုရားဆီ လာကြတယ် …

ဘုရားဆီ လာတဲ့ ပရိတ်သတ်ထဲမှာ -

- တစ်ချို့ လက်အုပ်လေး ချီပြီး
  ရိုရိုသေသေ လာကြတဲ့
  သူတွေ ပါသလို …

- ဘာမှ မသိနားမလည် သူတွေလည်း ပါတယ် …

- တချို့ အခွင့်အရေး လိုချင်တဲ့
  ပုဂ္ဂိုလ်တွေလည်း ပါတယ် …

အဲဒီထဲမှာ
ထင်ရှားကျော်ကြားတဲ့
ပုဏ္ဏားကြီး တစ်ယောက်လည်း ပါတယ် …

သူက ပစ္စည်းဥစ္စာ ပြည့်စုံပြီး
လူသိများ ထင်ရှားတော့
မြတ်စွာဘုရားကို မရှိခိုးဘူး …

ဘုရားက
ငယ်ငယ်ရွယ်ရွယ်ပဲ ရှိသေးတယ် …

ကျန်တဲ့ သူတွေက
- အချင်းချင်း လက်အုပ်ချီကြတယ်
- အရိုသေ ပေးကြတယ်
- အချင်းချင်း နုတ်ဆက်ကြတယ် …

ပုဏ္ဏားကြီးက အရှိခိုး ခံချင်တယ်
ဘုရားက သူ့ကို ရှိမခိုးဘူး
အဲဒီတော့ သူက -

ရဟန်းဂေါတမ
ကိုယ့်ထက် အသက်ကြီးတဲ့ ပုဂ္ဂိုလ်တွေကို
ရှိမခိုးဘူး ဆိုတာ တကယ်ပဲကိုး …

အရင်က သတင်းပဲ ကြားတယ်
ကိုယ့်ထက်ကြီးတဲ့ ပုဂ္ဂိုလ်တွေကို
လေးစားမှု , ရိုသေမှု မရှိဘူးကိုး …

အဲဒါ
လောကကျင့်ဝတ်နဲ့ မပြည့်စုံပါဘူး …

လူဆိုတာ
ကိုယ့်ထက်ကြီးတဲ့ သူကို ရိုသေရတယ် …

ဒီအခါ ဘုရားက …

လောကမှာ
ငါ ရှိခိုးပြီးတော့ ခရီးကြိုဖို့ , လက်အုပ်ချီဖို့ , နေရာနဲ့
ဖိတ်ကြားထိုက်တဲ့ ပုဂ္ဂိုလ်မျိုး ငါမမြင်ဖူးဘူး တဲ့ …

မမြင်လို့ မရှိခိုးတာ …

ဟိုလူ ကြည့်လည်း
လောဘနဲ့ , ဒေါသနဲ့ , မာန်မာန နဲ့ …

ဒီလူ ကြည့်လည်း
လောဘနဲ့ , ဒေါသနဲ့ , မယားနဲ့ , သားနဲ့
ဘယ်လိုလုပ် ရှိခိုးမှာလဲ ?

သီလချင်း ယှဉ်လိုက်ရင်လည်း
ကိုယ့်သီလ အဆင့်မမီဘူး …

သမာဓိချင်း ယှဉ်လိုက်ရင်လည်း
မြတ်စွာဘုရားရဲ့ သမာဓိမျိုး တစ်ခုမှ မရှိဘူး …

ပညာချင်း ယှဉ်လိုက်ရင်လည်း
အလှမ်း ကွာတယ် …

အဲဒီတော့ …

သီလဂုဏ် , သမာဓိဂုဏ် , ပညာဂုဏ် ဆိုတဲ့
အရည်အချင်း တွေနဲ့မှ လေးစားရမှာ ဖြစ်တဲ့ အတွက်ကြောင့် …

အသက်ကြီးတာလေး တစ်ခုတည်းနဲ့
လေးစားထိုက်တယ် မဆိုနိုင်ဘူး …

အသက်ကြီးပေမယ့်
ငါ့ထက် အသက်သိက္ခာဂုဏ်ဝါ ကြီးမားတဲ့
ပုဂ္ဂိုလ် ငါမမြင်ဘူး …

ဒါကြောင့် ငါ ရှိမခိုးတာ …

အကယ်၍
ငါက အဲဒီပုဂ္ဂိုလ်ကို အရိုအသေပေးမယ် ဆိုရင် …

အဲဒီပုဂ္ဂိုလ်ဟာ
ငါ့ရဲ့ အရိုအသေပေးမှု , လေးစားမှုကို မခံနိုင်တဲ့ အတွက်
ဦးခေါင်း ပြတ်ကျနိုင်တယ် …

ခံနိုင်ရည် မရှိဘူး လို့
အဲလို ပြန်ပြောတယ်နော် …

မြတ်စွာဘုရားက
ဒါ မရှိခိုးချင်လို့ မဟုတ်ဘူး
ဘုရားဖြစ်ပြီးကာစ စဉ်းစားဖူးတယ် …

လောကကြီးမှာ
လေးစားစရာ , မှီခိုစရာ မရှိပဲ နေတာ မကောင်းဘူး…

ဘယ်သူ့ကို လေးစားရမလဲ ရှာမယ် …

လောကကြီးကို ကြည့်လိုက်တယ် …

သီလ , သမာဓိ , ပညာအားဖြင့်
လေးစားထိုက်တဲ့ ပုဂ္ဂိုလ်ရှိလား ?
ကြည့်လိုက်တဲ့ အခါ -

ကောင်းကင်ပေါ်က ဗြဟ္မာကြီးတွေက အစ
မြတ်စွာဘုရားရဲ့ အရည်အချင်းမျိုး
တစ်စက်မှ မရှိဘူး …

အဲဒီတော့
မြတ်စွာဘုရားက …

ဒီလိုဆို ငါလေးစားရမယ့် အရာဟာ
ပုဂ္ဂိုလ်အနေနဲ့ မရှိဘူး …

ဒါဆို ဘာကို လေးစားမလဲ ?

ငါသိတဲ့
" ဓမ္မ " ကိုပဲ အလေးပြုပြီး နေမယ် ဆိုပြီး
" ဓမ္မ " ကိုပဲ အလေးပြု ပြီးတော့ နေတယ် …

ဒါကြောင့် . . .
ဘုရားက လေးစားတဲ့ အရာဟာ
" ဓမ္မ " ပါပဲ …

ဒါကြောင့်မို့
" ဓမ္မ " ကို ဘယ်တော့ မဆို
လေးလေးစားစား ပြောတယ် …

" ဓမ္မကို မြင်မှ ငါ့ကို မြင်မယ် "
" ဓမ္မကို တွေ့မှ ငါ့ကို တွေ့မယ် " လို့ ပြောခဲ့တယ် …

ဒါ ဓမ္မကို ဦးစားပေးပြောတဲ့ စကားလုံး တစ်ခုပဲ …

ငါ မရှိတဲ့နောက်
ငါဟောခဲ့တဲ့ ဓမ္မ , ငါ ပညတ်ခဲ့တဲ့ ဝိနယဟာ
သင်တို့ရဲ့ ဆရာ ဖြစ်လိမ့်မယ် ဆိုတာ …

ဓမ္မ ကို
ဘုရားရဲ့ ရာထူးကို ဆက်ခံဖို့
ဓမ္မကို ထားခဲ့တာ
ဒီလို အဓိပ္ပါယ် ယူလို့ ရပါတယ် …

#ပါချူပ်_ဆရာတော်_ဘုရားကြီး

Credit , Original Uploader

No comments:

Post a Comment