Wednesday, November 21, 2018

ဘေးကြီးလေးပါး

🔺❝ ဘေးကြီးလေးပါး ❞

❕ဘေးဟူသည် ကြောက်စရာဟုအဓိပ္ပာယ်ရ၏။
မျက်ကန်းတစ္ဆေ မကြောက်သကဲ့သို့
ပုတုဇဉ်အများစုမှာလည်း ဖော်ပြတော့မည့် •••
ဘေးကြီးလေးပါးကို မကြောက်ကြပေ။
ဘေးကြီးလေးပါးကို မြင်လည်းမမြင်ကြ၊
ထို့ကြောင့် ကြောက်လည်းမကြောက်ကြခြင်းဖြစ်၏။

► ထိုဘေးကြီးလေးပါးကား

➊• သေပြီးနောက် ကျချင်ရာဘုံကျ၊
     ရောက်ချင်ရာဘုံရောက်ရသော ဝိနိပါတဘေး၊

➋• ဘုရားမှားကို ကိုးကွယ်မိသော
     နာနာသတ္ထဥလ္လောကနဘေး ၊

➌• မကောင်းမှုကိုပြုဖြစ်သော ဒုစ္စရိတဘေး၊

➍• အပါယ်လေးဘုံသို့ကျရသော
    အပါယဘေး တို့ဖြစ်၏။

❕ဒါန၊ သီလ၊ သမထကုသိုလ်တွေ
များများရှိသူသေလျှင်လည်း ကောင်းသောဘုံ၊
မကောင်းသောဘုံ ရောက်ချင်ရာရောက်နိုင်၏။
အကုသိုလ်များများရှိသူသေလျှင်လည်း
ကောင်းသောဘုံ၊ မကောင်းသောဘုံ
ကျချင်ရာဘုံကျနိုင်၏။
ပုတုဇဉ်မှန်သမျှ ကုသိုလ်၊ အကုသိုလ်
နှစ်မျိုးလုံးပြုကြရကား သေခါနီးတွင် အဘယ်ကံက
အရင်မကောင်းကျိုးပေးမည်ဟု
မသိနိုင်သောကြောင့်တည်း။
    
❕ဤကျမ်း ကာမေသုမိစ္ဆာစာရသီလအကြောင်း
ဖွင့်ဆိုချက်တွင် အရှင်အာနန္ဒာအလောင်း
ရွှေပန်းတိမ်သည်သားသည် ကာမေသုမိစ္ဆာစာရကံများစွာပြုခံသော်လည်း
ထိုဘဝမှ သေသောအခါ ကောသမ္ဗီတွင်
သူဌေးသားသွားဖြစ်၏။
ကာမေသုမိစ္ဆာစာရအကုသိုလ်ကံများသည်
မှန်သော်လည်း တခြားကုသိုလ်ကံအနည်းငယ်က
အရင်ဝင်၍ ကောင်းကျိုးပေးသွားခြင်းတည်း။
    
❕တစ်ဖန် ကောသမ္ဗီပြည် သူဌေးသားဘဝတွင်
ဒါန၊ သီလစသော ကုသိုလ်များကိုတစ်ဘဝလုံးပြု၏။
သို့သော် ထိုဘဝသေသောအခါ ဒါန ၊ သီလ စသော
လောကီကုသိုလ်  များရှိနေသော်လည်း
ရွှေပန်းတိမ်သားဘဝကပြုခဲ့သော
ကာမေသုမိစ္ဆာစာရကံက အရင်လာပြီး
အကျိုးပေးလိုက်ရာ ရောရုဝငရဲသို့ ကျခဲ့ရ၏။
ထို့ကြောင့် ဝိပဿနာကုသိုလ်မရှိဘဲ လောကီကုသိုလ်သာရှိသည်ဆိုလျှင်
ဝိနိပါတဘေးဆိုက်မည်သာဖြစ်၏။
    
❕ထို့ကြောင့် ယခုဘဝတွင်
ဒါန ၊ သီလ ၊ သမထ လောကီကုသိုလ်တွေ
ရှိနေသော်လည်း သေသောအခါ
အပါယ်ဘုံသို့လည်းကျနိုင်၏။ သို့မဟုတ်
ဘာသာခြားမိခင်၏ဝမ်းထဲသို့လည်း ဖြစ်နိုင်၏။
ဘာသာခြားမိခင်ဝမ်းထဲရောက်ခဲ့လျှင်
ဘာသာခြားဘုရားကို ကိုးကွယ်ရတော့မည်။
ဝိနိပါတဘေးကြောင့် နာနာသတ္ထဥလ္လောကနဘေး
ဆိုက်ခြင်းဖြစ်၏
     
❕ထိုဘုရားမှားက •••
တိရစ္ဆာန်တွေသတ် ကုသိုလ်ရ၏ဟု
ဟောသောအခါ သူသည် သတ်ရတော့၏။
ဤကား ဒုစ္စရိတဘေးဆိုက်ခြင်းဖြစ်၏။
ထိုဒုစရိုက်တို့ကြောင့် သေသောအခါ အပါယ်သို့ကျရ၏။
ဤကား အပါယဘေးဖြစ်၏။
ဘေးကြီးလေးပါးကား ဤသို့ ဆက်စပ်လျှက်ရှိ၏။

❁ အပ္ပမာဒေန သမ္ပာဒေထ ❁
❋ ရွှင်လန်း❋ ချမ်းမြေ့❋ ပါစေ❋

No comments:

Post a Comment