Sunday, November 25, 2018

ကဿပဘုရားရှင်လက်ထက် မဟာဒုတ်မှ * ဂေါတမဘုရားရှင်လက်ထက် ပဏ္ဍိတသာမဏေ

"ကဿပဘုရားရှင်လက်ထက် မဟာဒုတ်မှ
*************************************
ဂေါတမဘုရားရှင်လက်ထက် ပဏ္ဍိတသာမဏေ"
******************************************
  ကဿပဘုရားရှင်သည် ရဟန္တာနှစ်သောင်းခြံရံ၍ ဗာရာဏသီမြို့သို့ကြွချီတော်မူ၏။ဤတွင်မြို့လူထု
အပေါင်းတို့မှမိမိတို့တတ်အားသမျှဆွမ်းကပ်
ဆွမ်းကြွေးကြကုန်၏။ကဿပဘုရားရှင် ဆွမ်း
စားပြီးသော် အနုမောဒနတရားဟောကြားလေ၏။
   ဘုရားရှင်တရားဟောကြားပြီး ပညာရှိသော
ယောင်္ကျားတစ်ယောက်သည်ဘုရားရှင်ထံချဉ်းကပ်ပြီး
"အရှင်ဘုရားနှင့်နကွ အလုံးစုံသောရဟန်းတို့သည်
မနက်ဖြန်တွင် တစ်ပည့်တော်၏ဆွမ်းကို ခံယူတော်
မူပါလော့"ဟု လျှောက်ထားလေသည်။ထိုယောင်္ကျား
လည်းအခွင့်ရလေလျှင် မြို့တွင်းသို့ လှည့်လည်ကာ
ဆော်သြလေ၏။
     ဤတွင် လူအပေါင်းတို့သည် ဆယ်ပါး,ငါးပါး
အပါးနှစ်ဆယ် စသည်ဖြင့် စာရင်းပေးကြလေသည်။
ထိုသူလည်း စာရင်းတို့ကို ရေးသားမှတ်သားထား၏။
     ထိုကာလဝယ် မဟာဒုတ်အမည်ရှိ သူဆင်းရဲ
တစ်ဦးရှိ၏။ဆော်သြသူသည် မဟာဒုတ်ကိုမြင်သော်
ဆွမ်းအလှူအတွက် တိုက်တွန်း၏။မဟာဒုတ်
ဇနီးမောင်နှံလည်း
"ကျွန်ပ်တို့ကား ထမင်းကိုပင်မစားနိုင် ဆန်ပြုတ်
စားရသော သူဖြစ်၍ နက်ဖြန်အတွက် ပြုတ်စားရန်
ပင် မရသေး။သို့ပါ၍ သံဃာတော်တို့အား ဆွမ်းကျွေး
ရန်မတတ်နိုင်ပါ"ဟူ၍ဆိုလေသည်။ဤတွင်
ဆော်သြသူမှ
"အချင်း မဟာဒုတ်,မရှိ၍မလှူလျှင် မလှူ၍မရှိမြဲ
သာဖြစ်ပေအံ့။ယနေ့လက်ခစားဖြင့် ကြိုးစား
စုစောင်းပါက မနက်ဖြန် သံဃာတစ်ပါးအတွက်
ရနိုင်ကောင်းပါရဲ့"ဟု တိုက်တွန်းနှိုးဆော်လေ၏။
မဟာဒုတ်လည်း ထိုသူ၏စကားကို သဘောကျ
သည်နှင့်စေတနာလည်းပေါက်လာ၏။သို့ပါ၍
သံဃာတစ်ပါး စာရင်းပေးလိုက်လေသည်။ဆော်သြ
သူလည်း သံဃာအရေအတွက်များစွာယူနေသည့်
ကြားမှ တစ်ပါးတည်းယူသူဖြစ်ရကား စာရင်းမှတ်
မထားဘဲ နေမိလေသည်။
    မဟာဒုတ်တို့ဇနီးမောင်နှံသည် သံဃာတစ်ပါး
စာရင်းပေးမိသဖြင့် အားရဝမ်းသာဖြစ်မိလေ၏။
"ငါတို့သည် ရှေးဘဝက မလှူခဲ့၍ ယခုဘဝ၌
ဆင်းရဲနေကြခြင်းဖြစ်၏။ငါတို့နှစ်ဦးစလုံး ယနေ့
အခစားလုပ်၍ ကြိုးစားရှာကြမည်"ဟုပြောဆိုပြီး
နှစ်ဦးသား လမ်းခွဲကာ ကြိုးစားရှာဖွေကြလေသည်။
    ဤတွင် မဟာဒုတ်သည် သူဋ္ဌေးတစ်ဦးထံတွင်
ထင်းခွဲအလုပ်ကိုရလေလျှင် အားရဝမ်းသာပျော်ရွှင်
စွာ ထင်းတို့ကို တရစပ်ခွဲလေသည်။
သူဋ္ဌေးသည် အံ့သြလျှက်
"အမောင်လုလင်...သင်သည် ခါတိုင်းနေ့များနှင့်
မတူ ထူးခြားလှပေစွတကား"။မဟာဒုတ်မှ
"မှန်ပေသည် သူဋ္ဌေးမင်း။ကျွန်ပ်တို့လင်မယားသည်
မနက်ဖြန်၌ သံဃာတစ်ပါးအား ဆွမ်းလုပ်ကျွေးရန်
ပင့်ထားခဲ့ပါသည်။ကောင်းမွန်စွာ လောင်းလှူနိုင်မည့်
အရေး ချွေးကို အရင်းပြုလျှက် အားရဝမ်းသာ
ကြိုးစားနေခြင်းဖြစ်ပါသည်"
     အကြောင်းစုံသိလေသော် သူဋ္ဌေးသည်ဝမ်းမြောက်
ကြည်နူးကာ သဒ္ဒါစိတ်တို့ယိုဖိတ်လာပြီး သလေးဆန်
တစ်ကွမ်းစားအပြင်ကြိုးစားမှုအတွက် နောက်ထပ် သလေးဆန်လေးကွမ်းစားမျှကိုလည်းပေးလေ၏။
      မဟာဒုတ်ဇနီးသည်လည်း သူဋ္ဌေးမတစ်ဦးအိမ်၌
မောင်းထောင်းဆန်ပြာ အလုပ်ကိုရရှိလေသည်။
ထိုသို့လုပ်ရာတွင်သီချင်းတကြော်ကြော်ဖြင့် မနားတမ်း
ကြိုးစားလုပ်၏။သူဋ္ဌေးမအား အကျိုးအကြောင်းပြောပြ
၏။သူဋ္ဌေးမလည်း မဟာဒုတ်မယား၏ပြောစကားကို
သဘောကျပြီး ထောပတ်အိုးငယ်,ချင်း,ငရုတ်
ကြက်သွန်စသည်တို့အပြင် ဆန်တစ်ကွမ်းကိုပါ
ပေးလိုက်လေသည်။
    အလုပ်များပြီး၍ မဟာဒုတ်တို့ဇနီးမောင်နှံ အိမ်၌
ဆုံမိကြလေသော် ရလာသမျှတို့ကို ပေါင်းစပ်ကြည့်
ကာ ဝမ်းမြောက်ဝမ်းသာဖြစ်နေလေသည်။
နောက်တစ်နေ့အိပ်ရာမှထသည်ရှိသော် မဟာဒုတ်အား
ဟင်းရွက်ဝယ်ခိုင်းလေသည်။ဈေး၌မရသဖြင့် မြစ်ကမ်း
သို့သွားကာ ခူးလေသည်။
"ဟယ်...မဟာဒုတ် သီချင်းတစ်ကြော်ကြော်နှင့်
ဟင်းရွက်ခူးနေသည်မှာအံ့သြဘွယ်ကောင်းလေစွ"
ဟူ၍ နှုတ်ဆက်လေသည်။
"အို...မိတ်ဆွေတံငါသည်,ရဟန်းတစ်ပါးကို ဆွမ်းကျွေး
ရန် ပင့်ဖိတ်ထားသည်ဖြစ်၍ ဟင်းရွက်ခူးခြင်း
ဖြစ်ပါ၏"ဟူ၍ ပြောဆိုလေသည်။ထို့နောက်
တံငါသည် သည် မဟာဒုတ်အား လှေဝမ်းထဲတွင်
ရှိသော ငါးတို့အား ကြီးငယ်လတ် ရွေးခိုင်းကာ
သဲသောင်အတွင်း၌ မြှုပ်ထားသော ငါးကြင်း
လေးကောင်အား ဖော်၍ယူသွားစေသည်။
      ကဿပဘုရားရှင်လည်း နံနက်မိုးသောက်ယံ
ကာလ၌ လောကကိုကြည့်ရှု့တော်မူလေရာ
မဟာဒုတ်လင်မယားသည် ရဟန်းတစ်ပါးကို ဆွမ်း
ကျွေးရန်အတွက် အားကြိုးမာန်တက်ဆွမ်းချက်နေ
သည်ကို မြင်တော်မူလေသည်။သို့ရာတွင် ဆော်သြသူ
မှ စာရင်းတင်မှတ်ထားခြင်းမရှိသဖြင့် ရဟန်းနစ်ပါးမျှ
ရလိမ့်မည် မဟုတ်ပေ။ဤတွင် မဟာဒုတ်တို့အား
ချီးမြှင့်ရန် ဆင်ခြင်တော်မူလျှက် ဂန္ဓကုဋီတိုက်သို့
ကြွဝင် သီတင်းသုံးနေတော်မူလေ၏။
    ထိုကာလဝယ် သိကြားမင်းသည် မဟာဒုတ်
ငါးကြင်းဆွဲ၍ အိမ်ထဲဝင်လာစဉ်မှာပင် ၄င်း၏ပဏ္ဍု
ကမ္ပလာမြကျောက်ဖျာမှာ တင်းမာပူလောင်သည့်
အတွက် ဆင်ခြင်ကြည့်ရှု့လေ၏။
    "သံဃာတော်တစ်ပါးအတွက် ဆွမ်းကျွေးရန်
အားခဲထားသော မဟာဒုတ်လင်မယားမှာ သံဃာ
တော်အစား ဘုရားရှင်ကို ဆွမ်းလုပ်ကျွေးရလိမ့်မည်။
မဟာဒုတ်လင်မယားကား ဆင်းရဲသားဖြစ်၍ သင့်တင့်
ရုံသာ ပေးလှူနိုင်ရာ၏။ဘုရားရှင်အတွက် ငါကိုယ်တိုင်
ဆင်း၍ ထမင်းဟင်းချက်မှ တော်ရော့မည်"ဟု
ဆုံးဖြတ်ပြီး မဟာဒုတ်အိမ်ရှေ့တွင်ရပ်နေလေသည်။
"ငါသည်ကား အရသာစုံအောင်ချက်နိုင်သော
စားဖိုမှုးဖြစ်၏။အခစားဖြင့် ချက်ရန် ဤမြို့သို့
လာခြင်းဖြစ်၏"ဟုဆိုလေသည်။မဟာဒုတ်က
"အဆွေ ရဟန်းတစ်ပါးအတွက် ချက်ပြုတ်ရန်ဖြစ်၏။
အခကြေးငွေပေးရန် မတတ်နိုင်ပါ"
"အချင်း မဟာဒုတ် တစ်ပါးစာအတွက်ဆိုလျှင် ခဏ
သာကြာပါမည်။အခကြေးငွေမယူပါ။ကုသိုလ်ဖြစ်
ချက်ကျွေးပါမည်"ဟုပြောဆိုပြီး ချက်ပြုတ်လေသည်။
"အချင်း...မဟာဒုတ်,ရဟန်းတော်အား သွား၍ပင့်ပါ
လော့"ဟု စေလွတ်လိုက်လေသည်။
     မဟာဒုတ်လည်း စာရင်းကိုင်ဆော်သြသူထံ
မည်သည့်ရဟန်းကို ပင့်ဆောင်ရမည်နည်းဟုမေး၏။
"မဟာဒုတ် ငါ့အားခွင့်လွတ်ပါလော့။ငါသည် မနေ့က
စာရင်းမသွင်းမိခဲ့ပါ။သည်အတွက် ရဟန်းတစ်ပါးမှ
မရပါ"ဟု စိတ်မကောင်းစွာပြောလေသည်။
    မဟာဒုတ်လည်း ဝမ်းနည်းပက်လက် ငိုကြွေး
နေလေတော့သည်။ထိုအခါ နှိုးဆော်သူလည်း
ကြံရာမရဖြစ်ကာ
"အို...မဟာဒုတ် သင့်အဖို့ ပင့်နိုင်ဖို့ရာ ဘုရားရှင်
တစ်ပါးတည်းသာ ကျန်တော့၏။ဂန္ဓကုဋီတိုက်၌
ဘုရားရှင် စံနေတော်မူပါ၏။ရလိုရငြား သွား၍ပင့်ချေ
လော့။သင့်တွင် ကောင်းမှုကုသိုလ်ကံရှိပါက သပိတ်
တော် ရပါလိမ့်မည်"ဟု နှစ်သိမ့်ပြောကြားကာ
လွှတ်လိုက်လေသည်။
      ဘုရားကျောင်းတော်အဝသို့ ကြည့်လိုက်ရာ
ပြည့်ရှင်မင်းနှင့်တကွမင်းသားများ,အမတ်များသည်
ဘုရားရှင် ထွက်ကြွတော်မူလျှင် ပင့်ဆောင်ရန်
စောင့်နေသည်ကိုမြင်လျှင် မဟာဒုတ်လည်း မရဲတရဲ
နှင့်ချဉ်းကပ်၍ သွားလေသည်။ဖာထေးအဝတ်အစား
နှင့်ဝင်လာသော မဟာဒုတ်အား ကျောင်းတွင်ကပ်ရပ်
နားခိုကာ စားကြွင်းစားဟုမှတ်ယူလျှက်
"ဟယ် စားကြွင်းစား အချိန်အခါမဟုတ်လာရသလော"
ဟု ပြစ်တင်လေ၏။မဟာဒုတ်က
"အရှင်တို့ ကျွန်ပ်သည် စားကြွင်းစားမဟုတ်ပါ။
သူဆင်းရဲသာဖြစ်၏။ဘုရားရှင်အား ကြည်ညိုလွန်း၍
ဆွမ်းလုပ်ကျွေးရန် လာရောက်ပင့်ဆောင်ခြင်းဖြစ်ပါ
သည်"ဟုပြောဆိုကာ လှေကားခုံ၌ ဦးခေါင်းကိုထားပြီး
ထိခြင်းငါးပါးဖြင့် ရှိခိုး၏။
     မကြာမီ ဘုရားရှင်လည်းထွက်တော်မူလာရာ
လှေကားခုံခြေရင်းမှ မဟာဒုတ်အားပေးလိုက်လေ၏။
မဟာဒုတ်ထံမှ အဖိုးအခများစွာပေး၍ သပိတ်ကို
ဝယ်ယူကြသော်လည်း မဟာဒုတ်မှ မရောင်းနိုင်
ကြောင်းပြော၍ လက်လျော့ကာပြန်သွားကြလေသည်။
    ထိုအထဲတွင် စိတ်မလျော့သည်က ပြည့်ရှင်မင်းပင်
ဖြစ်၏။"ဤသူဆင်းရဲအိမ်၌ ဟင်းကောင်းပြည့်စုံမည်
လိမ့်မည်မဟုတ်။ထိုအခါမှ ဘုရားရှင်အား နန်းတော်
သို့ ပင့်ဆောင်အံ့"ဟု ကြံဆလျှက် နောက်မှလိုက်
လေ၏။သိကြားမင်းလည်း ဆွမ်းတို့ကို အဆင်သင့်
ပြင်ဆင်ထားလေသည်။ဘုရားရှင်၏ နေရာတော်ကို
ခင်းကျင်းထားလေသည်။
    မဟာဒုတ်အိမ်မှာ တဲကုတ်မျှသာ။သို့ရာတွင်
ဘုရားရှင်၏ ဘုန်းတန်ခိုးတော်ကြောင့် မြေသည်
နိမ့်၍ အိမ်မှာမြင့်သွားလေသည်။
    ပြည့်ရှင်မင်းမှ ဆွမ်းဟင်းများအကဲခတ်သည်ကို
သိကြားမင်းသိလေသော် ဖွင့်လှပ်၍ပြလေသည်။
ဤတွင် ထူးကဲသော ငါးကြင်းသားဟင်းရနံ့သည်
တစ်မြို့လုံးကို ကြိုင်လှိုင်ပျံ့နှံ့လေသည်။ပြည့်ရှင်မင်း
လည်း မရှုရှိုက်ဖူးသော ထူးကဲသည့် ဘောဇဉ်တို့အား
မြင်တွေ့ရသဖြင့် လက်လျှော့ကာပြန်သွားလေသည်။
     ဘုရားရှင်လည်း ဆွမ်းဘုဉ်းပေးပြီး အနုမောဒန
တရားဟောကြားကာ ပြန်ကြွတော်မူရာ သိကြားမင်း
လည်း မဟာဒုတ်အား အရိပ်အခြေပြလေ၏။
မဟာဒုတ်လည်း သပိတ်ကိုထမ်းပြီး ဘုရားရှင်
နောက်တော်ပါးမှလိုက်လေသည်။
     သိကြားမင်းလည်း အနည်းငယ်လိုက်ကာ ပြန်လာ
လေသည်။ထို့နောက် မဟာဒုတ်အိမ် တံခါးဝမှ
ရပ်လျှက် ကောင်းကင်ကိုကြည့်ရှု့၏။ထိုခဏ၌ပင်
ကောင်းကင်မှ ရတနာခုနှစ်ပါးမိုးသည် ရွာလေ၏။
မဟာဒုတ်အိမ်ရှိ အိုးခွက်အားလုံးတို့၌ ပြည့်စေ၏။
ထိုအခါ မဟာဒုတ်ဇနီးလည်း အိမ်ပြင်သို့ထွက်ပြီး
ရပ်နေရ၏။
     မဟာဒုတ်ပြန်လာသောအခါ တစ်အိမ်လုံး
ရတနာများပြည့်နေ၍ "ဒါနအကျိုးပေးလေပြီ"ဟု
သိ၍နန်းတော်သွားကာ မင်းကြီးအားလျှောက်လေ၏။
မင်းကြီးလည်း လှည်းတစ်ထောင်စေလွတ်ကာ
ရတနာတို့အားသယ်စေသည်။ရတနာတို့ကား ထန်းပင်
ပမာဏမျှ မြင့်မား၏။မြို့သူမြို့သားများလည်း မမြင်ဘူး
ကြချေ။မင်းကြီးလည်း မဟာဒုတ်တို့ဇနီးမောင်နှံအား
သူဋ္ဌေးကြီး ရာထူးကိုပေးလေသည်။
     ရှေးက သူဋ္ဌေးကြီးနေဖူးသော နေရာကိုပေး၍
တိုက်အိမ်ဆောက်စေသည်။မြေကြီးတူးသောအခါ
ရွှေအိုးများထွက်ပေါ်လာပြန်သည်။မင်းကြီးလည်း
"အသင်၏ ကုသိုလ်ကောင်းမှုကြောင့် ရခြင်းဖြစ်၏"
ဟု ဆိုကာ ပေးလေသည်။
     မဟာဒုတ်လည်း အသက်ထက်ဆုံးကောင်းမှု
ကုသိုလ်လုပ်ကာ သေလွန်သော် နတ်ပြည်သို့
လားရောက်ရလေသည်။
             *  *   *   *   *    *    *   *
       ဂေါတမဘုရားရှင်ပွင့်တော်မူသောကာလ
       **********************************
  မဟာဒုတ်လည်း နတ်ပြည်မှ စုတေ၍ သာဝတ္ထိပြည်
ရှိ သူဋ္ဌေးသမီး ဝမ်း၌ဝင်စားလေသည်။သူဋ္ဌေးသမီး
လည်း ကိုယ်ဝန်တည်ပြီးနောက် အရှင်သာရိပုတ္တရာ
အား ပင့်ဆောင်ပြီး ငါးကြင်းသားဟင်းဖြင့်သံဃာတော်
ငါးရာကို ဆွမ်းကျွေးလေသည်။ထိုနောက် ဖန်ရည်စွန်း
သော အဝတ်ကို ဝတ်ရုံ၍ ငါးကြင်းသားကို စားလို
သော ချင်ခြင်းဖြစ်ပေါ်လာ၏။မိဘနှစ်ပါးမှလည်း
လိုက်လျောကြကုန်၏။
     သားရတနာဖွားမြင်၍ အမည်ပေးသောအခါ
ရှင်သာရိပုတ္တရာကို ပင့်လျှောက်၏။ဤတွင် မထေရ်
မြတ်ကြီးက "ပဏ္ဍိတ"ဟူ၍ အမည်ပေးလေသည်။
   ပဏ္ဍိတသတို့သား ၇ နှစ်အရွယ်ရောက်ရှိသောအခါ
ရှင်သာရိပုတ္တရာထံတွင် ရှင်သာမဏေပြုလိုကြောင်း
မိဘထံ ခွင့်တောင်းလေသည်။ခွင့်ပြုပေး၏။
     တစ်နေ့တွင် အရှင်သာရိပုတ္တရာသည် ပဏ္ဍိတ
သာမဏေအားပရိက္ခရာယူစေ၍ နေမြင့်မှဆွမ်းအလို့ငှာ
ကြွလာလေသည်။သာမဏေလည်း လမ်းခုလတ်၌
ရေသွယ်မြောင်းကိုမြင်လေရာ မေးမြန်းတော်မူ၏။
"ငါ့ရှင်သာမဏေ ဤအရာကားရေသွယ်မြောင်းဖြစ်၏"
"အရှင်ဘုရား ဤရေသွယ်မြောင်းဖြင့် မည်သည့်အမှု
ကိစ္စကို ပြုလုပ်ပါသနည်း"
"ငါ့ရှင်သာမဏေ ဤမြောင်းမှရေကို လိုရာအရပ်တွင်
ထုတ်ဆောင်၍ စိုက်ပျိုးမှုတို့ကို ပြုလုပ်၏။"
"အရှင်ဘုရား  ရေတွင်စိတ်ရှိပါသလား"
"ငါ့ရှင် ရေတွင်စိတ်မရှိပါ"
"အရှင်ဘုရား စိတ်မရှိသောရေကို မိမိအလိုရှိရာသို့
ယူဆောင်နိုင်ပါသလော"
"ငါ့ရှင် သာမဏေ ယူဆောင်နိုင်ပေ၏"
ထိုအခါ သာမဏေက တွေးတောကြံဆလေ၏။
"စိတ်မရှိသောရေကို လိုရာအရပ်သို့ စီးဝင်စေပြီး
အလိုရှိရာ အသုံးချနိုင်လျှင် စိတ်ရှိသော မိမိ၏စိတ်ကို
မိမိအလိုသို့ လိုက်ပါစေပြီး တရားတော်ကို အားထုတ်
ခြင်းငှာ အဘယ်ကြောင့် မစွမ်းနိုင်ဘဲ ရှိရမည်နည်း"
    ရှေ့ဆက်သွားရာ ရေအမေးအဖြေနည်းတူ
မြှားတံအမေးအဖြေ,သစ်ရွေးအမေးအဖြေတို့ကို
ဆင်ခြင်ပြီး အရှင်မြတ်အား တောင်းပန်ကာ
ကျောင်းသို့ပြန်လိုကြောင်း လျှောက်ထားလေသည်။
အရှင်မြတ်လည်း သာမဏေ၏ သပိတ် သင်္ကန်းကို
လှမ်းယူ၍ ခွင့်ပြုလေသည်။
"အရှင်ဘုရား တစ်ပည့်တော်အတွက် ဆွမ်းယူဆောင်
ခဲ့ပါလျှင် ငါးကြင်းသားအရသာ ဆောင်ယူခဲ့ပါဘုရား"
"ငါ့ရှင် ငါးကြင်းသားအရသာ ဘယ်မှာရနိုင်မည်နည်း"
"အရှင်ဘုရား ကောင်းမှုကုသိုလ်ကံကြောင့် ရနိုင်
ပါလိမ့်မည်"
     ရှင်သာမဏေလည်း တိုက်ခန်းဝင်ကာ မိမိခန္ဓာ
ကိုယ်ကို ဥာဏ်ဖြင့်ရှု့၏။ဆင်ခြင်သုံးသပ်၏။
သိကြားမင်း မြကျောက်ဖျာပူလောင်လာ၏။ဆင်ခြင်
သော် ပဏ္ဍိတသာမဏေ တရားအားထုတ်နေသည်
ကို သိမြင်၍ နတ်မင်းကြီးလေးပါးအား စောင့်ရှောက်
စေသည်။နေ နတ်သား,လ နတ်သားတို့အား နေ လ
တို့ကို ဆွဲငင်ထားစေသည်။ကိုယ်တိုင်လည်း
စောင့်ရှောက်၏။
      သာမဏေ၏စိတ်သည် တည်ကြည်ခြင်းဖြစ်၏။
ထိုနောက် ဖိုလ်သုံးပါးသို့ ဆိုက်ရောက်လေသည်။
     ရှင်သာရိပုတ္တရာအား ဆွမ်းလှူနေကျအိမ်မှ
ငါးကြင်းသားဖြင့်ဆွမ်းကပ်ကာ ငါးကြင်းသားဟင်းကို
လည်း လောင်းလှူလိုက်လေသည်။
    ဤတွင် ဘုရားရှင်သည် ပဏ္ဍိတသာမဏေ၏
အားထုတ်မှုကိုသိမြင်တော်မူပြီးဖြစ်၏။ရှင်သာရိပုတ္တရာ
ငါးကြင်းသားယူဆောင်လာသည်ကိုလည်းသိ၏။
ထိုအနေအထားအတိုင်း သာမဏေထံသွားပါက
တရားမပြီးဆုံးနိုင်သည်ကို သိမြင်၍ ရှင်သာရိပုတ္တရာ
အား ပဋိသန္ဓာရစကားပြောကြားပြီး ပုစ္ဆာလေးပုဒ်ကို
မေးတော်မူ၏။ဖြေဆိုချိန်တွင် သာမဏေလည်း
အရဟတ္တဖိုလ်သို့ ဆိုက်ရောက်လေသည်။
ထိုအခါ ဘုရားရှင်လည်း
"ချစ်သား  သာရိပုတ္တရာ သင်၏တစ်ပည့် သာမဏေ
အား ဆွမ်းကိုပေးလော့"
  ရှင်သာရိပုတ္တရာလည်း တံခါးကိုခေါက်၍ သာမဏေ
အား ဆွမ်းစားရန်သပိတ်ပေးလိုက်လေသည်။
   သာမဏေဆွမ်းစားပြီး၍ သပိတ်တို့ကို ဆေးကြော
ပြီးမှ နေ နတ်သား,လ နတ်သားတို့သည် နေ လ တို့
ကိုလွှတ်၏။နတ်မင်းကြီးများလည်းပြန်သွား၏။
    နေမွန်းတည့်ချိန်ရောက်မှ ချက်ချင်းလျောကျ
စောင်းသွား၍ ရဟန်းတို့ အံ့သြကုန်၏။
ဘုရားရှင်အားလျှောက်လေသော်
"ရဟန်းတို့ ပဏ္ဍိတသာမဏေအား နေနတ်သား
လနတ်သားတို့သာမက သိကြားမင်းနှင့်ငါဘုရားရှင်
ကိုယ်တိုင်ပင် စောင့်ရှောက်တော်မူရ၏"ဟု
မိန့်ဆိုလေသည်။
     ဤအကြောင်းအရာအား လေ့လာခြင်းဖြင့်
၁။ မဟာဒုတ်တို့ ဇနီးမောင်နှံသည် မိမိ၏ လုပ်အား
    ချွေးဖြင့်ရလာသော လှူဖွယ်ပစ္စည်းကို
    သဒ္ဒါတရားထက်သန်စွာဖြင့် ကဿပဘုရားရှင်
    အား လှူဒါန်းရခြင်း
၂။ မဟာဒုတ်တို့ဇနီးမောင်နှံ၏ သဒ္ဒါတရားထက်သန်
    ကြီးမားမှုသည် လက်ငင်းအကျိုးပေးပြီး ရတနာ
    မိုးများရွာချခြင်း
၃။ သေလွန်သော် နတ်ပြည်သို့လားရောက်ရပြီး
    မဟာဒုတ်၏ ကုသိုလ်ကောင်းမှုသည် ဂေါတမ
    ဘုရားရှင်လက်ထက်တော်တွင် လူလာဖြစ်ရပြီး
    ၇ နှစ်အရွယ် သာမဏေဖြင့် အရဟတ္တဖိုလ်
     ရရှိခြင်း စသည်တို့သည် ဒါန၏ ကောင်းကျိုးများ
ဖြစ်၍ ဒါနကိုအခြေခံအကြောင်းပြု၍ ဝိပဿနာ
ကျင့်ကြံအားထုတ်ကာ အရဟတ္တဖိုလ်ရရှိခြင်းဖြစ်၍
ဒါနကိုလည်း မပယ်သင့်ကြောင်း ရေးသား
လိုက်ရပေသည်။
====တရားရတနာ====

No comments:

Post a Comment