Wednesday, November 28, 2018

တောင်းလို့သာရရင် ခင်ဗျားတို့ကို ကူပြီးတောင်းပေးပါရဲ့

"တောင်းလို့သာရရင် ခင်ဗျားတို့ကို ကူပြီးတောင်းပေးပါရဲ့"
<<<>>><<<>>><<<>>>(မိုးကုတ်ဆရာတော်ဘုရားကြီး)

ဒကာတွေ ဒကာမတွေ လူ့ပြည်လာပြီးသကာလ
အိမ်ထောင်ပြုခြင်း သားသမီးမွေးခြင်း သားသမီးတွေကိုလုပ်ကျွေးခြင်း
ဒါချည်းလုပ်ဖို့ လာတာမဟုတ်ပါဘူး..တဲ့..
ဒုက္ခဝဋ်မှ ကျွတ်ချင်လို့
အပါယ်လေးပါးမှ တက်ပြီးသကာလ လာခဲ့ကြရတာ..
ဒီကျမှ ယောင်ချာချာ ဘဝတဏှာက လှည့်စားလိုက်
ပတ်ဝန်းကျင်က လှည့်စားလိုက်နဲ့ ဒကာဒကာမတွေမှာ
မရစဖူး အရထူးတဲ့ဘဝကြီးကို ဖြုန်းလိုက်တဲ့အတွက်
အနာကြီးနာနေတယ်ဆိုတာ သိအောင်လည်း လုပ်ကြပါ..

သားနဲ့သမီးနဲ့ ဆွေနဲ့မျိုးနဲ့ဆိုတာ
တစ်စ တစ်စ လုပ်ရတာပဲဆိုပြီး
ဒီတစ်စတစ်စ လုပ်တာနဲ့ပဲ အညွန့်တုံးသွားကြတာ..

ကိုယ်က ဒယ်အိုးနှုတ်ခမ်းလျှောက်ပြီးတော့ နေသာနေတယ်..
ဒီဘက်ကျရင် မီးထဲ..
ဟိုဘက်ကျရင် ဆီပူထဲ..
ဒါကိုလည်း နေသာနေကြတာပဲ..

ဒီပုံစံနဲ့ အသေဦးသွားခဲ့သော်
ကိလေသာမကုန်ခဲ့သော်
ဘဝကတစ်ဖန်လာဦးမှာ..
အခုနေသေရင် အားလုံးထားခဲ့ရမယ်..
သံသရာမှာ ခင်ဗျားတို့မရဖူးတာဆိုလို့ နိဗ္ဗာန်ပဲရှိပါတော့တယ်..

တစ်ကယ်တော့ နိဗ္ဗာန်ဆိုတာ နီးနီးလေးပါ..
နီးရက်သားနဲ့ မရောက်တာ ကွေ့ပတ်သွားနေလို့ပါ..
တဏှာနဲ့ ကွေ့သွားလိုက်..
လောဘနဲ့ ကွေ့သွားလိုက်..
ဒေါသနဲ့ ကွေ့သွားလိုက်..
မောဟနဲ့ ကွေ့သွားလိုက်..ပေါ့..
ဒါကြောင့်နီးရက်နဲ့ ဝေးနေကြတာပါ..

အဆုံးစွန်သောဘဝဆိုတာ ဘယ်လောက်ကြာမှ ဆုံးမယ်မသိဘူး..
တို့ဒကာတွေ သံသရာမှာ ကြာချင်သလောက်ကြာ
အဆုံးတော့ မီမှာပဲလို့ အောက်မေ့နေကြသလား မပြောတတ်ဘူး..
ရယ်စရာကောင်းနေတော့တယ်..
ကိုယ်က မဆုံးချင်ရင်
ဘယ်တော့မှ  မဆုံးဘူးဆိုတာ တထစ်ချ မှတ်လိုက်ကြပါ..
သံသရာဆိုတာ ကိုယ်ဆုံးချင်တဲ့အချိန် ဆုံးနိုင်တယ်..
နိဗ္ဗာန်ဟာ ဆုံးတဲ့အချိန်ရတာပဲ..
ဒါကြောင့် ဒီနေ့ကစပြီး ရှေးမူတွေ ဖျက်ကြ..
"သူများယောင်လို့ယောင် အမောင်တောင်မှန်းမြောက်မှန်းမသိ"
ဆိုသလို ဖြစ်နေကြမယ်..
နိဗ္ဗာန်ဆိုတာ ပါးစပ်ကပဲ တောင်းလို့ရတာမျိုး မဟုတ်ဘူး..
တောင်းလို့ရရင် ကူပြီးတောင်းပေးပါရဲ့..

                                             ( မိုးကုတ်ဆရာတော်ဘုရားကြီး)

No comments:

Post a Comment