Saturday, November 24, 2018

မြတ်ဗုဒ္ဓသည် လူ၊တိရစ္ဆာန်တို့ကိုစီးတော်မူသလော။

မြတ်ဗုဒ္ဓသည် လူ၊တိရစ္ဆာန်တို့ကိုစီးတော်မူသလော။
=============================

#        ၁၃၄၂ ခုနှစ် ဧကံ သမယံ တစ်ကြိမ်သောအခါ အောက်ဖော်ပြပါပြဿနာတစ်ရပ်ပေါ်လာ သောကြောင့်ဆူးလေစေတီတော် မြတ်ဂေါပကအဖွဲ့က သြ၀ါဒါစရိ ယဆရာတော်ကြီးများအားပင့်ဆောင်၍ သြ၀ါဒခံယူရန် လျှောက်ထားကြသည် မှာ-

ဆရာတော် အရှင်မြတ်တို့ဘုရား ၊ကုလားအမျိုးသားတစ်ဦးက ဥဒေါင်းငှက်ရုပ်ကျောပေါ်၌ထိုင်နေ တော်မူသော ဥာဏ်တော် ၁၂လက်မခန့်ရှိ ဗုဒ္ဓပုံတော်မြတ်တစ်ဆူကို ရဟန်းရှင်လူတို့ပူဇော်စေရန် ဆူးလေစေတီတော် တောင်ဘက်ဆောင်းတန်း၌ ထားရှိပါသည် ။ထို ဥဒေါင်းငှက် တိရိစ္ဆာန်ပေါ်၌မြတ်စွာဘုရားတက်စီးသတင်းသုံးနေထိုင်တော်မူခြင်းမှာအပ် ၊မအပ် ၊လျော် ၊မလျော်ဆုံးမ သြ ၀ါဒပေးတော်မူကြပါဘုရား ။

©     ထိုအခါ ကမ္ဘာ့ဗုဒ္ဓဘာသာ သာသနာပြုအဂ္ဂမဟာပဏ္ဍိတဆရာတော် ဦးသေဋ္ဌိလ ကစတင်၍ အဂ္ဂမဟာပဏ္ဍိတ မူလ ပဋ္ဌာန်းဆရာတော် ဦးနာရဒ ၊ စင်္ကာပူဆရာတော်ဦးဝိသာရဒ ၊ဘုံပျံဆရာ တော် ဦးပညာသာမိ စသော ဆရာတော်ကြီးအသီးတို့က ဤပုံတော်မျိုးကို မတွေ့ဘူးကြောင်း ၊သင့်လျော်မည်မထင်ကြောင်းနှင့် သာသြ၀ါဒပေးတော်မူကြသည် ။

ယင်းနောက်ကြားဖောက်၍ ရန်ကုန် ဗဟန်း အောင်မြေဘုံကျောင်းဆရာတော်က ဆင်စီးသော ဗုဒ္ဓပုံတော်မျိုးကို အများ အပြားတွေ့နေရကြောင်း ၊ဆင်စီးသော ဘုရားပုံတော်များလက်ခံကိုးကွယ်နေကြပြီဖြစ်၍ အခြားသတ္တ၀ါများအတွက်လည်း စဉ်းစားကြရမည်ဖြစ်ကြောင်းနှင့်ဆင်ခံဘုရား ကို အထောက်အထားပြုကာ တင်ပြလာလေသည် ။

©      ထိုအခါ ဆရာတော်ကြီးများအားလုံးယင်းအဆိုကို စိတ် ၀င်စားစွာအမျိုးမျိုး စဉ်းစားဆင်ခြင်သုံးသပ်တော်မူ ကြကာ အစည်းအဝေးခန်းမကြီးတစ်ခုလုံး တစ်ခဏမျှ ဆိတ်ငြိမ်သွားလေသည် ။ဤအချိန်ကား မိမိသြ ၀ါဒ ပေးရန်ကျရောက်လာသော အလှည့်အကြိမ်ဖြစ်၏ ။ ထို့ကြောင့် မိမိက ဆိတ်ငြိမ်မှု့ကို လှုပ်ရှားစေကာ တင်ပြရသည်မှာ -

ဆရာတော်မြတ်အရှင်ဘုရားတို့ဘုရား--တပည့်တော်များ ၏ ဖခင်ဖြစ်တော်မူသော မြတ်ဗုဒ္ဓသည် သတ္တ၀ါများအားမနှိပ်စက် ၊မညှင်းဆဲ ၊မဆင်းရဲစေသော အ၀ိဟိံသ၀ါဒီ ၊သတ္တ၀ါများဆင်းရဲတာကိုသူမတူအောင်ကြီးမားစွာသနားတော်မူသော မဟာ က ရုဏာဝါဒီ အယူရှိတော်မူသော အရှင်မြတ်ကြီးသာဖြစ်တော်မူပါသည် ။

©      ထေရ၀ါဒ ပိဋကတ်တော်များမှာ မြတ်စွာဘုရားဒေသစာရီ ကြွချီတော်မူသောအခါဆင်၊မြင်း ၊ ကျွဲ ၊ နွား ၊ ဂဠုန် ၊နဂါး စတဲ့ ထိုထို သတ္တ၀ါများကို စီးတော်မူ၍ ကြွချီတော်မူတာ ၊ဘယ်နေရာမှပါ ရှိတာမတွေ့ရဟု မှတ်ထင်မိပါသည်ဘုရား ။

ဒီလို ဆင်ရုပ်တွေပေါ်မှာ မြတ်စွာဘုရားထိုင်နေတော်မူတဲ့ပုံဟာ မြတ်စွာဘုရားသခင်၏ မဟာကာရုဏိကနာထဂုဏ်တော်မြတ် ဖျက်ဆီးနှိမ့်ချခြင်းသည်ဖြစ်၍ ဤဆင်စီး ဆင်ခံ အဆိုကို စဉ်းစား နေစရာ မလိုတော့ပါဘူး ဘုရား ။အမှန်မှာ မြတ်စွာဘုရား ဒေသစာရီကြွတော်မူသောအခါခြေကြောင်း ခရီး ၊ ကောင်းကင်ခရီး ဖြင့်သာ ကြွချီတော်မူပါတယ်ဘုရား ။

©    ထို့ကြောင့် ဒီဥဒေါင်းငှက်ရုပ်ပေါ်မှာ ဗုဒ္ဓဘုရားထိုင်နေတော်မူတဲ့ပုံကို လက်မခံသင့်ကြောင်း၊ အကယ်၍ ဒီပုံတော်ကို လက်ခံတည်ထားလိုက်ပါကာ နောင်သောအခါ ဟင်္သာစီးတဲ့ပုံတွေ၊မြင်းစီးပုံ ၊ ကျွဲ ၊နွား ၊ဂဠုန် ၊ နဂါး စီးတဲ့ပုံတွေ ထွင်ထွင်ပြီး စီးပွားရေးသမားများက ပြုလုပ်လာကြမည်ကိုစိုးရိမ်မကင်းဖြစ်၍ဤဥဒေါင်း စီးပုံကို လက်မခံရန် လေးနက်စွာ တားမြစ်တင်ပြပါသည် ဘုရား ။

သြ၀ါဒ စရိယ ဆရာတော်အားလုံးက မိမိအဆိုကိုလက်ခံ၍ ဥဒေါင်းစီးတော်ပုံကို ဥဒေါင်းပေါ်မှ ချ၍ ကိုးကွယ် ကြရန်ဆုံးဖြတ်တော်မူကြသည် ။ကိုးကွယ်မှု့အ ယူဝါဒမှန်ကန်ကြပါစေ ။

အရှင်သြဘာသာဘိဝံသ ( သုတေသနသမ္မာ မဂ္ဂင်္ ပဉှာကျမ်း )

No comments:

Post a Comment