Friday, November 23, 2018

အတွင်းလောက

💢 အတွင်းလောက 💢

ပစ္စည်းဥစ္စာတို့၊ ရာထူးတို့ဆိုတာ outer world (အပြင်လောက)ဖြစ်တယ်။ စိတ်အေးချမ်းမှု၊ အသိဥာဏ်ဆိုတာ အတွင်းလောကဖြစ်တယ်။ အပြင်လောကဆိုတာ အများနဲ့ဆိုင်တယ်။ ကိုယ်တဦးတည်းပိုင်မဟုတ်ဘူး။ အချိန်မရွေး သူများလက်ထဲရောက်သွားနိုင်တယ်။ အသိဥာဏ်နဲ့စိတ်အေးချမ်းမှု(inner world)ဟာ အများပိုင်အများဆိုင်မဟုတ်ဘူး။ ဘယ်သူမှ ယူသွားလို့မရဘူး။ ဒါကြောင့် ကိုယ့်ရဲ့(inner world) အတွင်းလောကပြည့်စုံဖို့ကို အလေးထားရမယ်။

💐💐💐
အတွင်းလောကဖြစ်တဲ့ စိတ်ကိုလေ့လာကြည့်တဲ့အခါမှာ အင်မတန်အံ့သြမိတယ်။ ဆိုပါတော့- အာရုံတခုကိုမြင်တဲ့အခါမှာ အဲဒီအာရုံကလေးကို သဘောကျတဲ့စိတ်လေးဖြစ်လာတာကို သေသေချာချာစောင့်ကြည့်ဖူးတယ်။ ဘယ်သူမဆိုဖြစ်တယ်။ ဒါပေမဲ့ ကြည့်တဲ့အလေ့အကျင့်မလုပ်ရင် သေသေချာချာမြင်မှာမဟုတ်ဘူး။ အာရုံတခုကိုမြင်တာနဲ့စိတ်ကလေးတခုဖြစ်လာတာ တော်တော်အံ့သြစရာကောင်းတယ်။ မြင်ဘူးရင် တကယ်အံ့သြသွားမှာ။

💐💐💐
စိတ်နေသဘောထားနဲ့အသိဥာဏ် အဆင့်အတန်းမြင့်လေလေ အဲဒီအတွင်းလောက၊ အတွင်းမှာရှိနေတဲ့ဘဝ၊ စိတ်ထဲမှာရှိနေတဲ့ဘဝ(inner life)ကို ပိုပြီးတန်ဖိုးထားလေလေပဲ။

💐💐💐
တခုခုကိုသိဖို့အတွက်က စိတ်နဲ့မှပဲသိလို့ရတယ်နော်။ မျက်စိက မြင်ရုံသာမြင်တယ်၊ ဘာမှသိတာမဟုတ်ဘူး။ စိတ်ကသိတာပဲ။ အဲဒီသိမှုကိုဖြစ်ပေါ်စေနိုင်တဲ့စိတ်၊ သတိ,သမာဓိကို အားကောင်းလာအောင် မပြုစုမပျိုးထောင်ဘဲနဲ့ပစ်ထားမယ်ဆိုရင် ဧကန်မုချ ကိုယ့်လောကကြီး ကြာလေအဓိပ္ပာယ်မဲ့လေဖြစ်သွားလိမ့်မယ်။ ဘဝဟာ ကြာလေအဓိပ္ပာယ်မဲ့လေဖြစ်သွားလိမ့်မယ်။ အဲဒီတော့ စိတ်ဓာတ်အဆင့်အတန်း၊ သတိသမာဓိအဆင့်အတန်း၊ အသိဥာဏ်အဆင့်အတန်း၊ မေတ္တာကရုဏာအဆင့်အတန်းနိမ့်သွားလေလေ လောကကြီးက အဓိပ္ပာယ်နဲသွားလေလေပဲ။ လောကကြီးရဲ့အဓိပ္ပာယ်က အပြင်မှာမရှိဘူး၊၊ ကိုယ့်စိတ်နေသဘောထား၊ ကိုယ့်အသိဥာဏ်၊ ကိုယ့်ရဲ့မေတ္တာကရုဏာ၊ ကိုယ့်သတိသမာဓိ၊ ဒါတွေအပေါ်မှာမူတည်တယ်။

💐💐💐
အသိဥာဏ်နဲ့စိတ်ဓာတ်မြင့်သွားလေလေ၊ လောကကြီးဟာ ပိုပြီးတော့နက်နဲလာလေလေ၊ အဓိပ္ပာယ်တွေ အင်မတန်နက်နဲလာလေလေပဲ။ အသိဥာဏ်နဲ့စိတ်ဓာတ် အဆင့်အတန်းမြင့်မားရင်မြင့်မားသလောက် ပိုပြီးနက်နဲသိမ်မွေ့တာကို နားလည်မယ်။

💐💐💐
တခုခုကို နဲနဲလေးပိုသဘောပေါက်လာတိုင်း ကိုယ့်လောကကြီးဟာ ပိုပြီးတော့ကြီးလာတယ်။ ကိုယ့်လောကဟာ ပိုပြီးတော့အနှစ်သာရရှိလာတယ်၊ အဓိပ္ပာယ်ပိုရှိလာတယ်၊၊ ကိုယ့်လောကဘယ်လောက်ကျယ်တယ်ဆိုတာ ကိုယ့်သဘောထားဘယ်လောက်ကြီးတယ်၊ ကိုယ့်အသိဥာဏ်ဘယ်လောက်ကြီးတယ်ဆိုတာပေါ်မှာ မူတည်ပါတယ်။ သဘောထားသေးရင် ကိုယ့်လောကကျဉ်းမြောင်းတယ်။ တကယ်တော့လူတဦးစီဟာ ကိုယ့်စိတ်နဲ့ကိုယ့်အသိဥာဏ်နဲ့ ကိုယ်မြင်ရ၊သိရ၊ခံစားရတဲ့ ကိုယ့်လောကထဲမှာ ကိုယ်နေကြတာပါ။ စိတ်ဓာတ်ချင်း၊အသိဥာဏ်ချင်းမတူရင် လောကချင်းလည်းမတူနိုင်ပါဘူး။✌🏾️✌🏾

🍃ဆရာတော်ဦးဇောတိက🍃
   🍂(မဟာမြိုင်တောရ)🍂

  💧တွေးမိတိုင်းပျော်တယ် 💧
  📝စာအုပ်မှကူးယူဖော်ပြပါသည်၊၊📝

No comments:

Post a Comment