Thursday, November 29, 2018
ကာမဂုဏ်မစွန့်ဘဲ ကျင့်လို့ရတဲ့ တရား
ကာမဂုဏ်မစွန့်ဘဲ ကျင့်လို့ရတဲ့ တရား
==========================
ဗုဒ္ဓမြတ်ဘုရားက အနာဂါရလမ်း ၊ အာဂါရလမ်း ဟူ၍ လမ်းနှစ်သွယ် ကို ဥဂ္ဂသေနသူဋ္ဌေး တောင်းပန်လျှောက်ထားခြင်းကြောင့် ဟောပြခဲ့သည်။
သူဋ္ဌေးက “အရှင်ဘုရား တပည့်တော်၏ မယားသည် တပည့် တော် ခရီးထွက်သွားလျှင် တပည့်တော်လာမည့်လမ်းကို တမ်းတ၍ ထမင်းမစား ဟင်းမစား လေသာ ပြတင်းက ဘယ်ကိုမှမကြည့်ဘဲ တပည့်တော်ကို မျှော်တ၍သာ နေပါ၏၊
လင်၏၀တ္တရားကိုလည်း ကျေပြွန်ပါ၏၊ သည်လောက် လင်ကိုချစ်သော မယားကိုလည်း တပည့်တော် မပစ်နိင်ပါ၊ ကျေးကျွန် သင်းပင်း ရတနာ၊ ရွှေ၊ ငွေ၊ ဆင်၊ မြင်း၊ ကျွှဲ၊ နွား၊ တို့ကိုလည်း မစွန့်ပစ်နိင်ပါ ။
၎င်းစည်းစိမ်ကြီးကိုပစ်၍ ရဟန်းလည်း မပြုနိင်ပါ။
ဆင်းရဲသော ဘ၀နှင့် အပါယ်လားမည် ကိုလဲ မလိုလားပါ။
လောကီ စည်းစိမ်ကို ခံစား၊စံစားလျှက် ကာမဂုဏ်ကို လက်မလွှတ်ဘဲ နိဗ္ဗာန်ကို ရောက်လို ပါသည်၊” ဟုလျှောက်ထားလေ၏….။
ဤအခါ ဘုရားရှင်က ကာမဂုဏ် တန်းလန်းနှင့် ပုဂ္ဂိုလ်များ ကျင့်ကြံ၍ နိဗ္ဗာန်သို့ သွားသော ဘုံစဉ်စံစခန်း သောတာပန်ဖြစ်သော အာဂါရ လမ်းစဉ်ကို ဟောကြားတော်မူလေသည်။
ဤသောတာပန်ဘုံစဉ်စံလမ်းသည် ရှေးဦးစွာ ဉာတပရိညာစခန်း တည်းဟူသော ရုပ၊်နာမ် ခန္ဓာ ၊ပဋိစ္စသမုပ္ပါဒ်၊ ဓာတ်သစ္စာတရားတို့ကို သင်ကြားပြီးလျှင် တက်မြောက်သောအခါ အိမ်ထောင်မှုကိစ္စ များကိုမပယ်ချဘဲ ဤရုပ်ကောင်၊ နာမ်ကောင်၊ ခန္ဓာကောင်၊ ပဋိစ္စသမုပ္ပါဒ်၊ ကောင်သာရှိသည်ဟု ထင်အောင်၊မြင်အောင် မိမိခန္ဓာပေါ်မှာ ပုံမှန်နေထိုင် စားသောက်ရင်း ရှုကြည့်၍ ပုဂ္ဂိုလ် ငါ သူတပါး အမြင်ပျောက်ပြီး ဓာတ်ကောင်၊ ရုပ်နာမ်ကောင်မှန်း သိသည်ကိုပင် အတ္တပျောက်၍ အနတ္တပေါက်သူ သောတာပန်ဖြစ်သူဟု ခေါ်နိင်ပေမည်။
အပါယ်ကိုတကယ်ကြောက် သူဖြစ်ကြကုန်သော သူတော်ကောင်းတို့သည် မိမိတို့၏သားမယား စည်းစိမ် ကာမဂုဏ် တို့ကို မစွန့်ပစ်ရဘဲ ခံစား စံစား ၍နိဗ္ဗာန်သို့သွားသော သိကြားမင်း၊ ၀ိသာခါကျောင်းအမ၊ တို့ဥပမာစံထား၍ သောတာပန် ဖြစ်ခြင်း တရားကိုလိုလားကျင့်ကြံပါက သမထလမ်းများလို ရသေ့ ရဟန်းပြုလုပ်ပြီး သမာဓိအထူးထူထောင်ကာ ကျင့်ရသော လမ်းမဟုတ် နိဗ္ဗာန်သို့အကြာဆုံး ခုနှစ်ဘ၀ နှင့် သွားနိင်သောနည်းလမ်း ဖြစ်ပေသည်။
သောတာပန်ဆိုသောစကား၊ ကလျာဏဆိုသောစကား၊ စူဋ္ဌသောတာပန်ဆိုသော စကား၊ သဘော တူတူု ဖြစ်သည်၊ ဤပုဂ္ဂိုလ် သုံးမျိုးဖြစ်မှ ကျင့်စဉ်လမ်းကိုကျကျ နနသိရုံရှိသေးသည် ဤပုဂ္ဂိုလ်မျိုးသည် သမထလမ်းများ ကဲ့သို့ ကမ္မဋ္ဌာန်းထိုင် ကျင့်ရသည်မဟုတ်၊ ရုပ်နာမ် ခန္ဓာဓာတ်သစ္စာ တရားတို့ကို သင်ရင်းကြားရင်း မေးမြန်းရင်း တရားနာရင်းဖြစ်ကြသော ဒဿနဘုမ္မိ ဒဿန ကိစ္စသာဖြစ်၍ အမြင်မှန် အယူမှန်လျှင် သောတာပန်ဖြစ်လေသည်။
***သောတာပန်ဖြစ်ခြင်း အင်္ဂါလေးပါး***
(သုတ်ပါထေယျ၊ပါဋ္ဌိတော်)
*စတ္တာရိမာနိ ဘိက္ခဝေ သောတာပတ္တိ ယင်္ဂါနိ၊ ကတမာနိ စတ္တာရိ၊
သပ္ပုရိသသံသေဂေါ သဒ္ဓမ္မသ၀နံ ယောနိသော မနသိကာရော ဓမ္မာနုဓမ္မပဋိပတ္တီတိ။
*သံသရာဝဋ်ကျော့ကွင်း ညွတ်မှ ကင်းလွတ်လိုငြား အိုချစ်သားတို့၊ လေးပါးသော တရားတို့သည်၊ သောတာပန် ဖြစ်ဖြင်း အကြောင်း အင်္ဂါတို့တည်း၊ အဘယ်အကြောင်း တရားလေးပါး တို့နည်းဟုမှုကား။
#ရုပ် နာမ် ခန္ဓာ ဓာတ်သစ္စာတို့၌ ကျွမ်းကျင် လိမ်မာသော သူတော်ကောင်း တို့နှင့် ပေါင်းဖော်ရခြင်းတပါး..။
#ရုပ်၊နာမ်၊ ခန္ဓာ၊ ဓာတ်သစ္စာ၊ တို့နှင့် စပ်သော တရားစကားကို ကြားနာ နာခံ မှတ်သား သင်ကြား ရခြင်းသည် လည်းတပါး။
#ရုပ်ဓာတ် နံဓာတ် ခန္ဓာဓာတ် ပရမတ်တရားတို့ကို မြင်အောင် ထင်အောင် အသင့်အတင့် နှလုံးသွင်းရခြင်း သည်လည်းတပါး။
#မဂ်ဥာဏ်၊ ဖိုဥာဏ်၊ နိဗ္ဗာန်တရားတို့ကို ရခြင်း၏ အကြောင်းဖြစ်သော သက္ကာယဒိဋ္ဌိကို ပယ်ရှား ရခြင်းလည်း တပါး။
စသည်တို့သည်သောတာပန်ဖြစ်ခြင်း အင်္ဂါလေးပါးပေတည်း။
ရုပ် နာမ်၊ ခန္ဓာ ဓာတ်သစ္စာတို့ကို ဟောပြော ပြနိင်သော သူတော်ကောင်းနှင့် ပေါင်းမိခြင်း၊ရုပ်နာမ် ခန္ဓာ ဓာတ်သစ္စာတို့ကို မိမိက ကြားနာ နာခံ သင်အံ ကျက်မှတ်ခြင်း၊ မိမိစိတ်ကို ကောင်းစွာအသင့်အတင့် နှလုံးသွင်းနိင်ခြင်း၊ ဤအင်္ဂါသုံးပါးနှင့်ပြည့်စုံသော်လည်း၊ မဂ်ဥာဏ် ဖိုဥာဏ် နိဗ္ဗာန် တရားတော် မြတ်ကိုရခြင်း၏ အကြောင်းဖြစ်သော သက္ကာယဒိဋ္ဌိ တရားကို မပယ်သတ် နိင်က မဂ် ဖို နိဗ္ဗာန်ကို မရနိင်ဟူ၏၊ ဤလေးပါး တပါးပါး ပျက်ကွက်က သောတာပန်မဖြစ်နိင်၊
သောတာပတ္တိမဂ် ဆိုသော စကားသည်၊ မဂ္ဂေါ၊ သံသရာနယ် စခန်းမှ ထွက်လမ်းတည်းဟူသော ခရီးအစ သို့။ သောတော၊ စီးဝင်ခြင်းသည်၊ ပတ္တိ၊ ရောက်ကုန်၏ တနည်း သောတ နား၊ မဂ္ဂ၊ မဂ်တရား၊ ပတ္တိ၊ေ၇ာက်ခြင်း၊ အဓိပ္ပါယ်မှာ  သံသရာကို ထွက်တက်သော မဂ်တရား နားသို့ ရောက်သူဟု ခေါ်သည်။
ကျမ်းကိုး။---။ သောတာပန်လမ်း အလင်းကျမ်း
( မူကြိုဆရာ )
No comments:
Post a Comment