●○●○ အနေတတ်၍ အသေမြတ်ကြပါစေခြင်းအကျိုးငှာ
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
🔅 တရားအားထုတ်တယ်ဆိုတာ သောတာပန်ဖြစ်ဖို့ ၊
သကဒါဂ်မ်ဖြစ်ဖို့ ၊ အနာဂမ်ဖြစ်ဖို့ ၊
ရဟန္တာဖြစ်ဖို့ မဟုတ်သေးဘူး ။
ပထမ အသေတတ်အောင်လို့ ၊ အသေတတ်ဖို့ အရေးကြီးတယ် ။
သေတတ်ရင် နိဗ္ဗာန်ရဖို့နီးပါတယ် ၊ ဆုတောင်းနေစရာမလိုပါဘူး ။
◇ ◇ ◇ ◇ ◇
🔅 အာနာပါနသတိကိုယူ အတိတ်ကိုလည်းမတွေးနဲ့ ၊
အနာဂတ်ကိုလည်း မစဉ်းစားနဲ့ ။
မသိဘဲနဲ့ မဝင်စေနဲ့ ၊ မသိဘဲနဲ့ မထွက်စေနဲ့
ဝေဒနာဆိုတာ မြဲနေတဲ့တရားမဟုတ်ဘူး ၊
သူ့သဘောနဲ့သူပျက်မှာ ။
အရိုးကြေကြေ အရေခန်းခန်း ၊ လူသေရင်သေ
မသေရင် ကိလေသာသေဆိုတဲ့ ဒီစိတ်ကိုထား ။
◇ ◇ ◇ ◇ ◇
🔅 ဝေဒနာရဲ့ သဘောလေးကို အစ, အလယ်, အဆုံး
မျက်ခြည်မပြတ်လိုက်ကြည့် ၊ ငါ့သဘောမလုပ်နဲ့
ငါမရှိတာ အရှိထင်ပြီဆိုရင် ငါခံရပြီသာမှတ် ၊
သူ့သဘောတွေ့ပါများရင် ငါပြုတ်သွားလိမ့်မယ် ။
◇ ◇ ◇ ◇ ◇
🔅 အခု အဓိဌာန်ပြည့်ပါတော့မယ် ၊ ဝေဒနာပေါ်မှာ ဥပါဒါန်ရှိသေးလား ၊
အခု နှလုံးသွင်းနေတာ အာနာပါနသတိလား ၊ ဈာန်စိတ်လား ၊
ရုပ်လက္ခဏာ နာမ်လက္ခဏာလား ၊ တစ်ခုခုတော့ ဖြစ်နေမှာပဲ ။
🔅 ဘယ်စိတ်ဖြစ်ရင် ဘယ်ရောက်မယ်ဆိုတာ ကိုယ့်ဟာကိုယ် ဧကန်သိပါတယ် ။
ခန္ဓာပျက်ချိန်မှာ ဖြစ်ပေါ်တဲ့ ပစ္စုပ္ပန်စိတ်ဟာ အရေးကြီပါတယ် ၊
ပစ္စုပ္ပန်က ဖြတ်တတ်ရမယ် ။
◇ ◇ ◇ ◇ ◇
🔅 ဝိပဿနာဆိုတာ အသေတတ်အောင်
အသေမြတ်အောင် ကျင့်တဲ့တရား ။
တော်တော်ကြာသေရမှာ သေခါနီးဆဲဆဲ ဒီဝေဒနာလာလိမ့်မယ် ၊
အခုကတည်းက ကြိးစားပြီးတော့ အလေ့အကျင့်လုပ်ထား ၊
သေပင်သေရငြားသော်လည်း အသိလေးနဲ့သေတတ်ဖို့ အရေးကြီးပါတယ် ။
◇ ◇ ◇ ◇ ◇
🔅 ဝိပဿနာတရားဆိုတာ ကံငယ်တွေကို အကုန်ကြေတယ် ၊
တံငါ, မုဆိုး တစ်သက်လုံးလုပ်ခဲ့ပါစေ ၊ တစ်သက်လုံး လူသတ်ခဲ့ပါစေ ၊
ကံကြီးငါးပါးသာ မထိုက်စေနဲ့ ၊ ဝိပဿနာတရား. ကျင့်ကြံအားထုတ်ပြီး
ဝိပဿနာဉာဏ် ၊ ဝိပဿနာစိတ်ဖြစ်ရင် အကုန်ကြေတာပါပဲ ။
◇ ◇ ◇ ◇ ◇
🔅 အခုလို တရားထိုင်တယ်ဆိုတာ အရင်ဘဝကထိုင်ခဲ့လို့ အခုဘဝမှာလည်း
ထိုင်တာ ၊ အရင်ဘဝက မထိုင်ခဲ့ရင် အခုဘဝမှလည်း ထိုင်မှာမဟုတ်ဘူး ။
မထိုင်တဲ့အပြင် တရားထိုင်တဲ့ပုဂ္ဂိုလ်များကို အရူးလို့တောင် ပြောကြသေး
တယ် ။ အရူးတွေပါကွာတဲ့ ။ အဲဒီလို ကိုယ့်အပြစ်ကိုမရှုဘဲ သူများကို အ
ပြစ်ရှာပြီး အတင်းပြောတတ်တဲ့ ပုဂ္ဂိုလ်များကတော့ လေးဘက်ထောက်ပြီး
ယက်ဆင်းရမယ်မှတ် ။
◇ ◇ ◇ ◇ ◇
🔅 ကြက်ကလေး ငှက်ကလေး သတ်စားတာက
အပါယ်ကျပေမယ့် စားရသေးတယ် ။
တရားအားထုတ်နေကြတဲ့ ပုဂ္ဂိုလ်များကို ဝေဖန်ကဲ့ရဲ့နေကြတဲ့ ပုဂ္ဂိုလ်များ
ကတော့ မစားရ မသောက်ရပဲနဲ့ အပါယ်ကျကုန်ကြမယ် ။
◇ ◇ ◇ ◇ ◇
🔅 ဘိုင်စကုတ်တောင် ( ၃ ) နာရီကြာအောင် ကြည့်နိုင်သေးတာပဲဗျာ ၊
အပါယ်ဘေးကလွတ်အောင် ( ၃ ) နာရီ တရားမထိုင်နိုင်ကြဘူးလား ။
ရှေ့စိတ်ကတော်ချင်ရင် နောက်စိတ်ကတွန်းတင် ၊
တော်ချင်တဲ့စိတ်က အဝိဇ္ဇာ ၊ အကုသိုလ်စိတ် ၊ အပါယ်သွားမယ့်စိတ် ။
တွန်းတင်တဲ့စိတ်က ဝိဇ္ဇာစိတ် ၊ နိဗ္ဗာန်သွားမယ့်စိတ် ။
◇ ◇ ◇ ◇ ◇
🔅 အခုကတည်းက ဒီဝေဒနာကို နိုင်အောင်တိုက်ထား ၊
ဒီဝေဒနာကိုမှ မနိုင်လို့ရှိရင် သေရမှာ ကြောက်လိမ့်မယ်ဗျား ။
သေခါနီး ကုသိုလ်စိတ်နဲ့သေမလား အကုသိုလ်စိတ်နဲ့ သေမလား ။
သေတတ်ရင် နိဗ္ဗာန်ရဖို့နီးပါတယ် ၊ ဆုတောင်းနေစရာ မလိုပါဘူး ။
◇ ◇ ◇ ◇ ◇ ◇
No comments:
Post a Comment