Friday, November 30, 2018

ဆင်းရဲသား သုံးဦး

🔺❝ ဆင်းရဲသား သုံးဦး ❞

❓အထွေအထူးမဟုတ်ပါဘူးဗျာ..
ဗြဟ္မစိုရ်တရားလေးပါးအကြောင်းဟောပြီး
မေးတဲ့ဖြေတဲ့အချိန်မှာ မေးသူက-

❓သူများပစ္စည်းတွေ မတရားသိမ်းယူပြီး ချမ်းသာနေသူ
တစ်ဦးက စတော့ရှယ်ယာကစားတော့ သောက်သောက်လဲ ရှုံးပြီး နှလုံးရောဂါနဲ့ သေသွားတယ်ဆိုရင်..
အဲဒီလိုဒုက္ခိတသတ္တဝါအပေါ် ဘယ်လိုလုပ်ကရုဏာထားနိုင်မလဲ❓
ပြီးတော့ အာဏာနဲ့လုပ်ပိုင်ခွင့်တွေကိုင်ထားပြီး
လယ်ယာမြေတွေ,နိုင်ငံပိုင်သယံဇာတတွေ သိမ်းယူပြီး
ချမ်းသာနေကြသူတွေကိုရော အသိမ်းခံဆင်းရဲသား
ပြည်သူတွေက ဘယ်လိုလုပ် မုဒိတာပွားနိုင်မလဲ❓

ဗုဒ္ဓဘာသာဝင်တို့ရဲ့ ဗြဟ္မစိုရ်တရားဟာ ဒီနေ့ခေတ်နဲ့
အံဝင်ဂွင်(ခွင်)ကျ ဖြစ်သေးရဲ့လား❓
အဲဒါ နဲနဲရှင်းပေးပါ-ဆိုပြီး မေးထားတာလေးကို
ရှင်းပြခဲ့တာလေး ရေးလိုက်တာပါ။


ဗြဟ္မစိုကိုဟောတဲ့ထဲမှာပြောခဲ့ပါပြီ..
မဟာဗျူဟာ,နည်းဗျူဟာနဲ့ ခံစစ်ဗျူဟာဆိုတာ။

*သတ္တဝါအားလုံး ဆင်းရဲကင်းပါစေ
ချမ်းသာကြပါစေ-ဆိုတဲ့'မေတ္တာ'က
ထားရှိရမည့်'မဟာဗျူဟာ စိတ်ဓာတ်ဖြစ်ပါတယ်။
မဟာဗျူဟာဆိုတာ နည်းဗျူဟာနဲ့ လက်တွေ့သရုပ်ဆောင်ကျင့်သုံးနိုင်မှ အမှန်လို့ဆိုနိုင်ပါတယ်။

ဗြဟ္မစိုရ်လေးပါးမှာ-
မေတ္တာက မဟာဗျူဟာဖြစ်ပြီး ကျန်သုံးပါးက
နည်းဗျူဟာဖြစ်ပါတယ်။
ဗြဟ္မစိုရ်ဆိုတာ ကိုယ့်ဝန်းကျင်မှာတွေ့ရတဲ့ သတ္တဝါ
အားလုံးတို့အပေါ် ကျင့်သုံးရတဲ့တရားပါ။

ဘယ်ဝန်းကျင်မှာမဆို..
ဘယ်သတ္တဝါမျိုးမှာမဆို
သတ္တဝါအားလုံးကို ခြုံကြည့်လိုက်ရင်..
'ဒုက္ခိတသတ္တဝါ'နဲ့'သုခိတသတ္တဝါ'လို့ နှစ်မျိုးပဲရှိပါတယ်။

မေတ္တာတရားထားရှိသူမှန်ရင်..
ဒုက္ခိတသတ္တဝါအပေါ် ကရုဏာဗြဟ္မစိုရ်နဲ့..
သုခိတသတ္တဝါအပေါ် မုဒိတာဗြဟ္မစိုရ်နဲ့
နည်းဗျူဟာကျကျ ကျင့်သုံးသရုပ်ဆောင်ရတာပါ။

ခုမေးတဲ့ပြဿနာက ဒုက္ခိတသတ္တဝါကိုအဓိကအခြေခံနေပါတယ်၊
ဒုက္ခိတသတ္တဝါအမျိုးမျိုးရှိတတ်ပုံကို
"ဒုက္ခသစ္စာ"နဲ့တွဲပြီး ညှိယူကြည့်ရအောင်ပါ။

ဒုက္ခသစ္စာမှာ-
အပ္ပိယေဟိ သမ္ပယောဂေါ=မကျေနပ်စရာတွေကြုံနေရလို့ ကြောက်နေရတာ၊
ပိယေဟိ ဝိပ္ပယောဂေါ=ကျေနပ်စရာတွေ မပြည့်စုံလို့ မျှော်နေရတာ-ဆိုတဲ့ဒုက္ခသည်နှစ်မျိုးက ဘဝအတွက်
တကယ်ချို့တဲ့နေတဲ့ သမရိုးကျ(သမားရိုးကျ)ဒုက္ခသည်တွေပါ။
ဒီဒုက္ခသည်မျိုးကိုပဲ ချို့တဲ့မှုအရထပ်ခွဲလိုက်ရင်..

ဘာလုပ်လို့ ဘာကိုင်ရမယ်မသိဖြစ်နေတဲ့
"မသိဆင်းရဲ ဒုက္ခသည်"နဲ့
စား,ဝတ်,နေရေးအခက်ကြုံနေရတဲ့
"မရှိဆင်းရဲ ဒုက္ခသည်"ဆိုပြီး အကြမ်းဖျင်း နှစ်မျိုးပဲ
ရှိပါတယ်။
ဒီသမရိုးကျဒုက္ခသည်နှစ်မျိုးကိုတော့ မုဒိတာနဲ့
မဖြစ်မနေ ကျင့်သုံးသရုပ်ဆောင်ရမှာပါ။
ကျင့်သုံးဆောက်တည်ရမည့်နည်းကို ရှေးလူကြီးသူမများက-
"နှုတ်ကူ လက်မ"ဆိုတဲ့ ဆိုရိုးစကားလေးနဲ့
ညွှန်ပြခဲ့ပါတယ်။
မသိဆင်းရဲသားကို နှုတ်နဲ့ကူပေးရမယ်၊
မရှိဆင်းရဲသားကို လက်နဲ့မရမယ်..တဲ့။
'လက်မတယ်'ဆိုတာ သူလိုတဲ့ပစ္စည်းကို ကိုယ်က
လက်နဲ့ယူသွားပြီးပေးရမယ်ပြောတာပေါ့၊
ဒါက သမရိုးကျပါ။

ဒုက္ခသစ္စာမှာ နောက်ထပ်လာတာက-
"ယံ ပိစ္ဆံ နလဘတိ=အလိုမပြည့်မှု"တဲ့၊
ဒီဒုက္ခသည်မျိုးက
"မရှိဆင်းရဲဒုက္ခသည်"လဲမဟုတ်ဘူး၊
"မသိဆင်းရဲဒုက္ခသည်"လဲမဟုတ်ဘူး၊
"မပြည့်ဆင်းရဲ ဒုက္ခသည်"ဖြစ်လို့ ဘယ်တော့မှ
မငြိမ်းနိုင်,မအေးနိုင်ဘူး။

စောစောကပြောတဲ့
စတော့ဈေးရှုံးပြီး အသက်ပါသွားသူတို့..
သူများပစ္စည်း မတရားသိမ်းပြီးကြီးပွားနေသူတိုဆိုတာ
တကယ်တော့"မပြည့်ဆင်းရဲဒုက္ခသည်တွေပါ။

မဟတ္တမဂန္ဒီပြောတဲ့စကားတစ်ခုရှိတယ်..
"အိန္ဒိယနိုင်ငံဟာ ပြည်သူတွေရဲ့လိုအပ်ချက်အတွက်
လုံလောက်အောင် ဖြည့်ပေးနိုင်ပါတယ်၊
လိုချင်မှုကိုတော့ ဖြည့်မပေးနိုင်ပါဘူး"တဲ့။
သူပြောတဲ့ထည်းမှာ-
လိုအပ်ချက်ဆိုတာက
မရှိဆင်းရဲနဲ့ မသိဆင်းရဲကိုပြောတာ၊
လိုချင်မှုဆိုတာ မပြည့်ဆင်းရဲကိုပြောတာပါ။

ဒီ"မပြည့်ဆင်းရဲဒုက္ခသည်"မျိုးကိုတော့-
မေးခွန်းရှင်ပြောသလိုပဲ "ကရုဏာ,မုဒိတာ"ဗြဟ္မစိုရ်တို့နဲ့
သရုပ်ဆောင်နိုင်ကြဖို့ မလွယ်ပါဘူး၊
ဒီပုဂ္ဂိုလ်မျိုးကိုသရုပ်ဆောင်ရမှာက-
"သဗ္ဗေသတ္တာ ကမ္မဿကတာ"ဆိုတဲ့"ဥပေက္ခာဗြဟ္မစိုရ်"
ပါပဲ၊"သူ့ကံနဲ့သူ"လို့သာ ဥပေက္ခာပြုထားလိုက်ပါ..တဲ့။

ဥပေက္ခာဟာ "ဗြဟ္မစိုရ်ရဲ့ခံစစ်ဗျူဟာတရား"လို့
သင်တန်းမှာပြောခဲ့သလိုပဲ နောက်ဆုံးခံစစ်ပါ၊
ဒီခံစစ်ကျိုးပေါက်သွားရင်တော့ ဗြဟ္မစိုရ် တပ်ပျက်ပြီလို့သာ
မှတ်ပါ။
ဗြဟ္မစိုရ်မိုး ခေါင်သွားပြီဆိုရင်တော့ လူ့မျိုးစေ့မှန်တွေ
မပေါက်ရောက်နိုင်တော့တဲ့အတွက်-
"အပြစ်ကင်းခြင်း,ချမ်းသာခြင်း"ဆိုတဲ့ လူ့ဂုဏ်သိက္ခာတွေ,
လူ့သင်္ကေတတွေ အားလုံးဆိတ်သုဉ်းပြီး
တိရစ္ဆန်များနဲ့မခြား ဖြစ်သွားပါလိမ့်မယ်။

မေးခွန်းရှင်သိလိုတဲ့
"ဗြဟ္မစိုရ်တရားဟာ ခုခေတ်နဲ့ အံဝင်ခွင်ကျ ဖြစ်သေးရဲ့လား"ဆိုတာကတော့..
လူ့ဂုဏ်သိက္ခာနဲ့လူ့သင်္ကေတကို တန်ဖိုးထားရကောင်းမှန်း
သိနေသေးသမျှ ဗြဟ္မစိုရ်တရားတိုင်းဟာ အံဝင်ခွင်ကျ
အမြဲဖြစ်နေပါလိမ့်မယ်..
ဗြဟ္မစိုရ်တရားတွေ အံဝင်ခွင်ကျမဖြစ်တော့ဘူးဆိုရင်လဲလူ့ဂုဏ်,လူ့သင်္ကေတ
ပျောက်ပြီလို့သာ ပြောပါရစေ..။

                   အပ္ပမာဒေန မ္ပာဒေထ...!!!
၂၃.၁၀.၁၆၊ကန်ဦးကျောင်း၊ရန်ကုန်၊ရွှေပြည်ကြီး။
☸️🔆 🍰🍮🍦🍞🍅🍒🍇🍋🍓🌻🌺🌷🌹🌸💐☸️

No comments:

Post a Comment