Saturday, November 24, 2018

ပြီးပြည့်စုံတဲ့ ကံ~ကံ၏ အကြောင်း အကျိုး

+   ပြီးပြည့်စုံတဲ့ ကံ~ကံ၏ အကြောင်း အကျိုး  +

ကမ္မဝါဒီက ကံကို ရှိတယ်လို့လက်ခံတယ် ၊
ကမ္မဿကတသမ္မာဒိဋ္ဌိ က  ကံရဲ့ အကျိုးတရား ရှိ
တယ်လို့ လက်ခံတယ် ၊
ဒါမှန်ကန်တဲ့ အမြင်ပါ ။
သို့သော် … ပြည့်စုံလုံလောက်တဲ့ အမြင်တော့ မဟုတ်သေးဘူး ။ 
မျက်စိတစ်ဖက်ပဲ ကောင်းသေးတယ် ။
နောက်တဖက်က ပိတ်နေသေးတယ်ဆိုတဲ့ သဘောမျိုးပေါ့ ။
             
  တစ်ပိုင်းက သမ္မာဒိဋ္ဌိ ၊ နောက်တစ်ပိုင်းကို
ကြည့်လိုက်ပြန်တော့ သတ္တဝါတွေရှိတယ်၊ သတ္တဝါ
တွေကိုပဲမြင်တယ် ။
ရုပ်၊ နာမ် ၊ဓမ္မ ၊ သင်္ခါရကို မမြင်သေးဘူးဆိုရင် အဲ့ဒီအပိုင်းဟာ မိစ္ဆာဒိဋ္ဌိ ဖြစ်နေသေးတယ် ။
  နိဗ္ဗာန်ကို မြင်ဖို့ရာ
နောက်ထပ် မျက်စိတစ်ဖက် ပွင့်လာဖို့ အထူးလိုအပ်ပါတယ်။
အဲ့ဒါကတော့
ဝိပဿနာသမ္မာဒိဋ္ဌိ ပဲဖြစ်ပါတယ် ။

    အပြင်က ပညတ်လို့ခေါ်တဲ့ အကာတွေကို
ဖယ်ရှားပြီး တကယ့် အနှစ်အသားအစစ် ကိုကြည့်ဖို့ လိုအပ်တယ်။

အဲ့ဒါမှ တကယ့် ဝိပဿနာသမ္မာဒိဋ္ဌိ ရဲ့ အခြေခံ ဖြစ်ပါတယ်။
လူရဲ့ခန္ဓာကိုယ်ကြီးဟာ စက်ရုပ်နဲ့ အလွန်တူပါတယ် ။
စက်ရုပ်ကြီးလိုပဲ အစိတ်အပိုင်း တစ်ခုဆီ တပ်ဆင်ထားတဲ့ ရုပ်ကိုယ်ကာယကြီးဟာ
ဘာမှ မမြင်ရှာ မသိရှာပါဘူး ။ သိနေတာက
စိတ်ကလေးက သိတယ် ။စိတ်ကလေး မရှိရင် ကိုယ်ခန္ဓာကြီးဟာ မလှုပ်ရှားနိုင်တော့ဘူး ။ မတူညီတဲ့ ဒီသဘာဝကြီး နှစ်ခု ပေါင်းစပ်နေမှ လှုပ်ရှားနေတဲ့ သဘောဖြစ်တာပါ ။

    စိတ်ကလေးဟာ အာရုံ ရှိရာဘက်ကို ညွတ်
ညွတ် သွားတတ်လို့နာမ (နာမ်) လို့ခေါ်တယ် ။ ရုပ် ဆိုတာက ဆန့်ကျင်ဘက် အကြောင်းတရားတွေနဲ့
တွေ့တဲ့အခါ ပြောင်းလဲ ပျက်စီးတတ်တယ် ။
အေးရင်တစ်မျိုး ပူရင်တစ်မျိုး ၊ ထမင်းဆာရင် တစ်မျိုး ၊
ခြင်ကိုက်ရင် တစ်မျိုး  စသဖြင့် ထင်ထင် ရှားရှား
ပြောင်းတတ်တဲ့ အပြောင်းမျိုးကို
ရုပ်လို့ခေါ်ပါတယ်။

            ရုပ်တရားကြီးဟာ ဓာတ်ကြီးလေးပါး နဲ့ ဖွဲ့စည်းထားပြီး ကံ၊ စိတ် ၊ဥတု အာဟာရတို့ကို မှီ
လို့ အသက်ရှင် ရပ်တည်ကြီးထွား လာခဲ့ကြတာ ။
နာမ်တရား ကတော့ အဝိဇ္ဇာနှင့်တဏှာ ဝဋ်မြစ် နှစ်
ခု ကြောင့် ကြောင်းကျိုး ဆက်စပ် ဖြစ်ပေါ်လာရပါ
တယ် ။ တစ်ခါတစ်ရံ ဘဝကို အဝိဇ္ဇာက ဦးဆောင်
ပြီး တခါတရံ တွယ်တာမှု့တဏှာက ဦးဆောင်နေ
ပြန်ပါတယ် ။

                အရက်သမားတစ်ယောက်ဟာ အရက်
မကောင်းမှန်းသိပေမဲ့ တဏှာက ဦးဆောင်နေတော့
မဖြတ်နိုင်တော့ဘူး ။ ပထမ တုန်းကတော့ ကောင်း
မယ် ထင်လို့ လုပ်ကြည့်လိုက်တာ အဲ့ဒီတုန်းက
အဝိဇ္ဇာက ဦးဆောင်ပါတယ် ။

               'ကံ'မြေပြင်မှာ ပေါက်လာရတဲ့ သန္ဓေစိတ်
ကလေးက စ,ခဲ့တဲ့ ဘဝမှာ ရုပ်အခြေခံ လေးတွေနဲ့
ကလလရေကြည် ကို ဖွဲစည်းပြီး ရုပ်တွေ နာမ်တွေ
ဖြစ်ပေါ်လာကာ သစ်ပင်မှာ အမြစ်ထွက် အကိုင်း
ထွက်သလို  တည်ဆောက်ခဲ့ကြပါတယ် ။
                 ထွက်လာတဲ့ အခါ အာယာတန ၆ပါး ၊
ပြင်ပ အာရုံတွေနှင့် ဆက်သွယ်မှု့ရလာတော့
သဠာယတန ပစ္စယာ ဖေဿာ ၊
ကောင်း မကောင်း ခံစားမှု့ ဝေဒနာတွေ ဖြစ်လာတော့
ဝေဒနာပစ္စယာ တဏှာ
ဖြစ်လာပြန်တယ် ။ တဏှာကနေ စိတ်ထဲစွဲလန်းလာ
တော့ ဥပါဒါန ပစ္စယာ ဘဝေါ ကနေ ဇာတိ ဇရာ
မရဏ သေခြင်းမှာ  ဘဝတစ်ခု ဆုံးရပြန်တယ် ။

              မြတ်စွာဘုရားက အကြောင်းနဲ့ အကျိုးကို
ဆက်စပ်ပြီး ပဋိစ္စသမုပ္ပါဒ် မှာ ဘဝကို သရုပ်ဖော်
ထားတာပါ။နာမ်နဲ့ ရုပ်ကို ခွဲခြမ်းသိမြင်တဲ့ 'နာမရူပ -
ပရိစ္ဆေဒဥာဏ်'၊ မှန်ကန်တဲ့ အကြောင်းတရားကို သိ
မြင်တဲ့ ပစ္စယပရိဂ္ဂဟဥာဏ် ၊ ဒီ ဥာဏ်နှစ်ပါးနဲ့ ပြည့်
စုံ တဲ့သူဟာ မြတ်စွာဘုရားရဲ့ သာသနာမှာ  ထောက်
တည်ရာတွေ ရပြီတဲ့ ။

      ဒါကြောင့်မို့ ကမ္မဿကတသမ္မာဒိဋ္ဌိလည်း
မိမိတို့ရဲ့သန္တာန်မှာ ပြည့်စုံစေရပါမယ် ၊
နောက် တစ်ဖက်ကလည်း
ဝိပဿနာ သမ္မာဒိဋ္ဌိ ရဲ့အခြေခံ ဖြစ်တဲ့
နာမရူပပရိစ္ဆေဒဥာဏ် နဲ့ ပစ္စယပရိဂ္ဂဟဥာဏ်
နှစ်ပါးကိုလည်း ရင့်သန်အောင် လုပ်ကြရပါမယ် ။
          ဒါမှလည်း ဒီသာသနာတော်ကြီးမှာ
လူဖြစ်ရတဲ့ အဓိပ္ပါယ်ပြည့်စုံကြမှာ ဖြစ်ပါတယ် ။

      ပါချုပ် ဆရာတော်ဘုရားကြီး၏ နိဗ္ဗာန်တံခါးကြီး ဖွင့်တော်မူပါမှ ကောက်နှုတ်ခြုံငုံ၍
ပူဇော်ဝေမျှ လိုက်ပါတယ် ၊ အမှားအယွင်းများ
ပါရှိ ခဲ့ပါလျှင် တောင်းပန်ပါသည်ရှင် ။
ဓမ္မမိတ်ဆွေ များ ဥာဏ်နှစ်ပါး အသီးသီး ရရှိကြ၍
နိဗ္ဗာန်တံခါးဝသို့ အရောက်သွားနိုင်ကြပါစေရှင် ။

ဒေါ်အဝေရာ ရေးသား ပူဇော်ပါသည် ။
( ဓါတ်ပုံနှင့် ခေါင်းစဉ် ~ စိတ်၏ စေ ရာ )

No comments:

Post a Comment