Sunday, November 25, 2018

သောတာပန်ပုဂ္ဂိုလ်နှင့် ပတ်သက်၍ ဖြစ်နိုင်တာ မဖြစ်နိုင်တာ

# သောတာပန်ပုဂ္ဂိုလ်နှင့် ပတ်သက်၍
    ဖြစ်နိုင်တာ မဖြစ်နိုင်တာ #

  မြတ်စွာဘုရားက
ဖြစ်နိုင်တာနဲ့ မဖြစ်နိုင်တာ ဒီနှစ်ခုကို

ဘာနဲ့ဆက်စပ်ပြီး ဟောသေးသလဲလို့
ဆိုရင် သောတာပန်ပုဂ္ဂိုလ်နဲ့

ပတ်သက်ပြီး ဟောသေးတယ်။
သောတာပန်ပုဂ္ဂိုလ်နဲ့ ပတ်သက်ပြီးတော့

ဖြစ်နိုင်တာနဲ့ မဖြစ်နိုင်တာကို ဘုန်းကြီး
တို့တတွေ မှတ်သားရမှာ ဖြစ်တယ်။

  ဒိဋ္ဌိသမ္ပန္နလို့ ခေါ်တဲ့ မှန်ကန်တဲ့ အမြင်
တစ်ခုကို ရရှိထားတဲ့ သောတာပန်ပုဂ္ဂိုလ်

တစ်ယောက်ဟာ သင်္ခါရတရားကို
နိစ္စလို့ ဘယ်တော့မှ မရှုမှတ်တော့ဘူး။

သင်္ခါရတရားမှန်သမျှကို နိစ္စ လို့
ဘယ်တော့မှ မမြင်ဘူး။

အဲဒီတော့ ဒိဋ္ဌိသမ္ပန္နပုဂ္ဂိုလ်အနေနဲ့
သောတာပန်ပုဂ္ဂိုလ် အနေနဲ့

သင်္ခါရတရားကို အနိစ္စ လို့ ရှုတာဟာ
ဖြစ်နိုင်တယ် သင်္ခါရတရားကို အနိစ္စ လို့

ရှုတာဟာ မဖြစ်နိုင်ဘူး။ သောတာပန်
ပုဂ္ဂိုလ်ဟာ သင်္ခါရမှန်သမျှကို

အနိစ္စလို့ပဲ မြင်တယ်။ နိစ္စ လို့
မြင်တယ်ဆိုတာ မဖြစ်နိုင်ဘူးတဲ့။

ပုထုဇဉ်ပုဂ္ဂိုလ် တစ်ယောက်က
သင်္ခါရတရားကို မြဲတယ် လို့ မြင်တာ

ဖြစ်နိုင်တယ်တဲ့။ ဒါကတစ်ခု။

  သောတာပန်ပုဂ္ဂိုလ်အနေနဲ့ သင်္ခါရ
တရားကို သုခလို့မြင်တာဟာ

မဖြစ်နိုင်ဘူးတဲ့။ ဒုက္ခ လို့ မြင်တာသာ
ဖြစ်နိုင်တယ်။

ပုထုဇဉ်ပုဂ္ဂိုလ် တစ်ယောက်အနေနဲ့က
တော့ သင်္ခါရတရားကို သုခ လို့

မြင်တာ ဖြစ်နိုင်တယ်တဲ့။ ဒါလည်း
ဖြစ်နိုင်တာနဲ့ မဖြစ်နိုင်တာတစ်ခု။

  နောက်တစ်ခါ သောတာပန်ပုဂ္ဂိုလ်
တစ်ယောက်အနေနဲ့ သဘာဝတရားတွေကို

အတ္တ လို့ မြင်တာဟာ မဖြစ်နိုင်ဘူး။
ပုထုဇဉ်တစ်ယောက်အနေနဲ့

သဘာဝတရားတွေကို အတ္တ လို့ ယူဆတာ
တွေးခေါ်တာ ဖြစ်နိုင်တယ်တဲ့။ ဒါတစ်ခု။

  ဒါတွေကို သိလိုက်လို့ရှိရင် သောတာပန်
ပုဂ္ဂိုလ်ဟာ ဘယ်လောက်ထိအောင်

အသိဥာဏ်ဘက်က ခိုင်မာသွားတယ်
ဆိုတာ ဘုန်းကြီးတို့ ထင်ထင်ရှားရှား

သိနိုင်တာပေါ့။ ပုထုဇဉ်ပုဂ္ဂိုလ်တွေက
အသိဥာဏ်နဲ့ ပတ်သက်ပြီးတော့

ခိုင်မာမှု မရှိကြဘူးတဲ့။

  နောက်တစ်ခုက သောတာပန်ပုဂ္ဂိုလ်
တစ်ယောက်က အမိကိုသတ်တယ် ဆိုတဲ့

မာတုဃာတကကံ ကျူးလွန်တာ
မဖြစ်နိုင်ဘူးတဲ့။

ပုထုဇဉ်တစ်ယောက်ကသာ မာတုဃာတက
အမိကို သတ်တယ်ဆိုတဲ့ကံ ကျူးလွန်တာ

ဖြစ်နိုင်တယ်တဲ့။

  တစ်ဖန် သောတာပန်ပုဂ္ဂိုလ် တစ်ယောက်
က အဖကိုသတ်တဲ့  ပိတုဃာတကကံ

ကျူးလွန်တာ မဖြစ်နိုင်ဘူးတဲ့။ ပုထုဇဉ်
တစ်ယောက်ကသာ အဖကိုသတ်တဲ့

ပိတုဃာတကကံ ကျူးလွန်တာ
ဖြစ်နိုင်တယ်တဲ့။

  နောက်တစ်ဖန် သောတာပန်ဖြစိပြီးသား
ပုဂ္ဂိုလ်တစ်ယောက်က ရဟန္တာပုဂ္ဂိုလ်ကို

သတ်တဲ့ အရဟန္တဃာတကာကံ
ကျူးလွန်တာ မဖြစ်နိုင်ဘူးတဲ့။

ပုထုဇဉ်တစ်ယောက်ကသာ အရဟန္တဃာ-
တကကံ ရဟန္တာကို သတ်တယ်ဆိုတဲ့ကံ

ကျူးလွန်တာ ဖြစ်နိုင်တယ်တဲ့။

  သောတာပန်ပုဂ္ဂိုလ် တစ်ယောက်အနေနဲ့
ပြစ်မှားလိုတဲ့ စိတ်နဲ့ မြတ်စွာဘုရားကို

သွေးစိမ်းတည်အောင် လုပ်တယ်
ဘုရားကို ထိခိုက်ဒဏ်ရာရအောင်

လုပ်တယ် ဆိုတာ မဖြစ်နိုင်ဘူးတဲ့။
ပုထုဇဉ်တစ်ယောက် အနေနဲ့ကတော့

ဖြစ်နိုင်တယ်တဲ့။

  တစ်ဖန် သောတာပန်ပုဂ္ဂိုလ် တစ်ယောက်
အနေနဲ့ သံဃာကို သင်းခွဲတယ် ဆိုတာ

မဖြစ်နိုင်ဘူးတဲ့။ ပုထုဇဉ်တစ်ယောက်
အနေနဲ့က သံဃာသင်းခွဲတယ် ဆိုတာ

ဖြစ်နိုင်တယ်တဲ့။ ဖြစ်နိုင်တာနဲ့
မဖြစ်နိုင်တာလေးတွေကို မြတ်စွာဘုရားက

ရှင်းပြီးတော့ ဒီလိုဟောထားတယ်။

  နောက်တစ်ဖန် သောတာပန်ပုဂ္ဂိုလ်
တစ်ယောက်ဟာ ဘဝသံသရာမှာ

၈ -ဘဝမြောက်ထိ နေတယ်ဆိုတာ
မဖြစ်နိုင်ဘူးတဲ့။

သောတာပန်ဟာ ၇ - ဘဝဆိုတာ
အလွန်ဆုံးပဲတဲ့။

၈ - ခုမြောက်ဘဝ ဘယ်တော့မှ
သန္ဓေ မတည်တော့ဘူး။

ပရိတ်ကြီးထဲမှာလည်း ပါတယ်မဟုတ်လား။
* န တေ ဘဝံ အဋ္ဌမ မာဒိယန္တိ * တဲ့။

ရတနာသုတ်မှာပါတယ်။ သောတာပန်
ပုဂ္ဂိုလ်တစ်ယောက်ဟာ သံသရာထဲမှာ

ဘယ်လောက်ပဲ ပမာဒတရားရဲ့ လွှမ်းမိုးမှုကို
ခံနေရပါစေ  သံသရာထဲမှာ

၈ - ခုမြောက်ဘဝမှာ သန္ဓေတည်တယ်
ဆိုတာ မရှိဘူးတဲ့။

ဒါကြောင့် သောတာပန်ပုဂ္ဂိုလ် တစ်ယောက်
အနေနဲ့ ၈ - ခုမြောက်ဘဝကို

ရယူတယ် ဆိုတာ လုံးဝမဖြစ်နိုင်ဘူး။
ပုထုဇဉ်တစ်ယောက် အနေနဲ့

၈ -ခုမြောက် ဘဝဆိုတာ ဖြစ်နိုင်တယ်လို့
ဒီလို ဖြစ်နိုင်တာနဲ့ မဖြစ်နိုင်တာတွေကို

မြတ်စွာဘုရား ဟောကြားထားတာ
့ဖြစ်ပါတယ်။

  ဒါကြောင့်မို့ တရားချစ်ခင် သူတော်စင်
ပရိသတ်အပေါင်းတို့သည် သံသရာမှာ

အလွန့် အလွန် အရေးပါလှတဲ့
ဝိပဿနာဥာဏ်နဲ့ ပတ်သက်ပြီးတော့

သင်္ခါရတရားတွေကို အနိစ္စ သင်္ခါရတရား
တွေကို  ဒုက္ခ သဘာဝတရားမှန်သမျှ

အနတ္တ လို့ အခိုင်အမာ ရှုနိုင်တာဟာ
သောတာပန်ပုဂ္ဂိုလ် ဖြစ်သွားမှ

အခိုင်အမာ ဖြစ်တယ်။ သောတာပန်
မဖြစ်သေးသမျှ တို့ ဒီဘဝမှာ

သင်္ခါရတရားမှန်သမျှ မမြဲဘူးလို့
သိနေပေမယ့်လို့

တခြား ဘဝရောက်သွားတဲ့အခါ ဒီအသိဟာ
ခိုင်မြဲမှာ မဟုတ်ဘူး။

ဒါကြောင့်မို့ ဒီဘဝမှာပဲ ခိုင်မြဲအောင်လုပ်ဖို့
လိုအပ်တယ် လို့ ဒီလို အသိတရားဝင်ရမယ်။

  သောတာပန် မဖြစ်သေးလို့ရှိရင်
ကျွတ်တန်းဝင်လောက်တဲ့ အသိဥာဏ်ရှိတဲ့

ပုဂ္ဂိုလ်တောင်မှာပဲ အင်မတန်မှ ကြီးလေးတဲ့
ပြစ်မှုကြီးတွေကို ကျူးလွန်မိတတ်သေးတယ်။

အင်မတန် ကြီးလေးတဲ့ ပြစ်မှုဆိုတာ
အာနန္တရိယကံ - သေသည်၏ အခြားမဲ့မှာ

လုံးဝ အကျိုးပေးမယ့်ကံ မြန်မာစာမှာ
ပဉ္စာနန္တရိယ လို့ ပြောတယ်။ပဉ္စဆိုတာ ၅မျိုး အာနန္တရိယ ဆိုတာ
သေသည်၏ အခြားမဲ့မှာ

အကျိုးကို ထုတ်လုပ်မယ့်ကံ။

  အဲဒါတွေက ဘာတုန်းဆိုတော့
မာတုဃာတက အမိကိုသတ်ခြင်း

ပိတုဃာတက အဖကိုသတ်ခြင်း
အရဟန္တဃာတက ရဟန္တာကို သတ်ခြင်း

လောဟိတုပ္ပါဒက မြတ်စွာဘုရားကို
ဒဏ်ရာရစေ၍ သွေးစိမ်းတည်အောင်

လုပ်ခြင်း သံဃဘေဒက သံဃာသင်းခွဲ
ခြင်းလို့ ဆိုတဲ့ ဒီကံ ၅ မျိုးဟာ

အကုသိုလ်ကံတွေထဲမှာ အပြစ်အကြီးဆုံး
ကံတွေလို့ ဒီလို သတ်မှတ်ထားတယ်ပေါ့။

ဒီအထဲမှာ တစ်ခုထပ်ထည့်လိုက်လို့ရှိရင်
နိယတိမိစ္ဆာဒိဋ္ဌိ ကံကလည်း

အပြစ်ကြီးတဲ့ ကံတစ်မျိုးပဲ။

  သောတာပန် ဖြစ်သွားလို့ရှိရင်
ဒီလောက် ကြီးလေးတဲ့ ပြစ်မှုကြီးကို

မကျူးလွန်တော့ဘူးတဲ့။ ပုထုဇဉ်
ဖြစ်နေသေးလို့ရှိရင် ဒီဘဝမှာ

သူတော်ကောင်း ဖြစ်ပေမဟ့်လည်း
နောင်ဘဝကျရင်တော့ ပတ်ဝန်းကျင်ကို

မကျော်လွှားနိုင်သည့် အတွက်ကြောင့်
ဒီ အာနန္တရိယကံ - ကြီးလေးတဲ့

ကံကြီးတွေကို ကျူးလွန်မိကောင်း
ကျူးလွန်နိုင်လိမ့်ဦးမယ်တဲ့။

ပုထုဇဉ်ဘဝဆိုတာ အင်မတန်မှ
အပြစ်ကြီးတယ်။

  * ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ '

No comments:

Post a Comment