★ တစ်ရာတမ်း ★
အသက်တစ်ရာတမ်း ရောက်လာတဲ့အချိန် လောကမှာ ဂေါတမမြတ်စွာဘုရား ထင်ရှားပွင့်လာတယ်ဆိုတာ အားလုံး ဗုဒ္ဓဘာသာဝင်တွေ သိတဲအတိုင်းပဲ။ ဂေါတမမြတ်စွာဘုရားဟာ ဒုစရိုက်တွေ အားလုံးစုံပြီးတော့ ကိုယ်ကျင့်တရားတွေ အလွန်ပျက်ပြားနေတဲ့အချိန်မှာ ပွင့်လာရတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ထိုခေတ်အခါကို "ယုဂ" လေးပါးနဲ့ကြည့်မယ်ဆိုရင် "ယုဂ"ဆိုတဲ့ နှစ်အပိုင်းအခြားကြီးနဲ့ တွက်ကြည့်မယ်ဆိုလို့ရှိရင် "ကလိယုဂ"လို့ခေါ်တဲ့ အင်မတန်မှဆိုးဝါးတဲ့ ခေတ်ကြီးထဲမှာ ဂေါတမမြတ်စွာဘုရားပွင့်တာ။
ကလိယုဂ် ဆုတ်ကပ်ကာလမှာ ဂေါတမမြတ်စွာဘုရားပွင့်လို့ အဋ္ဌကထာကျမ်းကြီးတွေကို ဖွင့်ဆိုတဲ့ ဋီကာဆရာကြီးတွေက ဘယ်လိုတင်စားပြီးတော့ ပြောတုန်းဆိုလို့ရှိရင် "ဂေါတမမြတ်စွာဘုရား ပွင့်လာတာဟာ မီးပုံထဲကပွင့်လာတဲ့ ကြာပန်း" ပါတဲ့။ အဲဒီတော့ မီးနှင့်ကြာဆိုတာက အတူနေလို့ရကောင်းတဲ့ဟာမှ မဟုတ်ဘဲ။ ဘုရားပွင့်တာ မီးပုံထဲကပွင့်ရတာ။ ရေထဲကပွင့်တာ မဟုတ်ဘူး။ ဒီလိုတင်စားပြီးတော့ ရေးထားကြတယ်။ "မီးပုံထဲက ပွင့်လာတဲ့ ကြာပန်းကြီး" တဲ့။
ဂေါတမမြတ်စွာဘုရားကို ဘာဖြစ်လို့ မီးပုံထဲကပွင့်လာတဲ့ ကြာပန်းကြီးလို့ ပြောရတုန်းဆိုလို့ရှိရင် တကယ့်ခေတ်ဆိုးထဲ ပွင့်လာလို့ပါ။ ဘယ်လောက်ထိအောင်ဆိုးတုန်းဆိုတော့၊ ဥပမာ - လေးချောင်းထောက် စားပွဲကြီးမှာ ခြေထောက်လေးချောင်းလုံး စုံနေတဲ့အချိန် ချထားလိုက်ရင် ငြိမ်နေတာပဲ။ ရွှေခေတ်မှာ လူတွေဟာ အားလုံး လေးပုံပုံ လေးပုံလုံး လူကောင်းကြီးပဲ။ အကုန်လုံး သာယာငြိမ်းချမ်းတယ်။
အေး၊ အဲဒီကနေပြီ ခြေထောက်လေးချောင်းမှ တစ်ချောင်းကျိုးသွားလို့ စားပွဲကြီးဟာ နည်းနည်းလှုပ်လာသလို လူလေးပုံမှာ တစ်ပုံလောက်က အကျင့်ပျက် လာပြီဆိုလိုရှိရင် မငြိမ်တော့ဘူး။ နောက်တစ်ခု လေးချောင်းထောက်စားပွဲမှ နောက်ခြေထောက်တစ်ချောင်း ထပ်ပြီးတော့ကျိုးသွားပြီး ခြေထောက်နှစ်ချောင်းထဲနှင့် ဆိုလို့ရှိရင် စားပွဲကြီးဟာ စောင်းသွားပြီ။
အဲဒီထဲမှာ နောက်တစ်ချောင်းထပ်ပြီးကျိုးလိုက်တဲ့အခါကျတော့ စားပွဲကြီးဟာ တစ်ချောင်းထဲထောက်နေရတဲ့ အခြေအနေမျိုးလို လူတွေ လေးပုံမှာသုံးပုံက အကျင့်ပျက်နေတဲ့ အချိန်မျိုးမှာ ဂေါတမဘုရား ပွင့်တော်မူရတာဖြစ်တယ်။
ဒီလို ကလိယုဂ် ဆုပ်ကပ်ကာလဆိုတာ လူ့လောကမှာ လေးပုံတစ်ပုံပဲကောင်းတယ်။ ကျန်တဲ့သုံးပုံးက တရားပျက်နေပြီလို့ဆိုလိုတာ။
အဲဒီလို ခေတ်ဆိုးကြီးထဲမှာ မြတ်စွာဘုရားပွင့်လာရတာဖြစ်ပါတယ်။ မြတ်စွာဘုရားပွင့်လာသည်အတွက်ကြောင့်၊ ဘုရားရဲ့ တရားစွမ်းအားတွေကြောင့် လူတွေရဲ့သက်တမ်း တစ်ရာတမ်းဟာ ကနေ့ထိအောင်ပဲ တည်တံ့နေတယ်။ တစ်ရာနီးနီး၊ တစ်ရာကျော်ကျော် အသက်ရှည်တဲ့ပုဂ္ဂိုလ်တွေ တွေ့နိုင်သေးတာပေါ့။ ဘုရားပွင့်ထားတဲ့
အရှိန်လေးကြောင့်မို့လို့ပါ။
ဒါကြောင့် မြတ်စွာဘုရားက ..
"အတ္တဒီပါ ဘိက္ခဝေ ဝိဟရထ အတ္တသရဏာ အနည သရဏာ။ ဓမ္မဒီပါဘိက္ခဝေ ဝိဟရထ. ဓမ္မသရဏာ အညသရဏာ"
လို့ ဟောပါတယ်။ မိမိသည်သာလျှင် မိမိ၏ကိုးကွယ်ရာဖြစ်ကြပါစေ၊ မိမိကျင့်သုံးတဲ့တရားသည်သာ မိမိရဲ့ကိုးကွယ်ရာ ဖြစ်ကြပါစေ။
ကုသိုလ်တရားတွေကို ဆောက်တည်ခြင်းဖြင့် လူရဲ့သက်တမ်းဟာ တိုးတက်နိုင်သလို အကုသိုလ်တရားတွေကို ဆက်လက်လုပ်ကိုင်နေခြင်းဖြင့် လူရဲ့သက်တမ်းတွေဟာ ကျဆင်းသွားနိုင်တယ်။
ဒါကြောင့်မို့လို့ မြတ်စွာဘုရားက ကိုယ့်ကိုယ်ကို အားကိုးတဲ့အနေနဲ့ ဓမ္မကိုသာလျှင် ကိုးကွယ်ကြဖို့၊ ဓမ္မသည်သာလျှင် မိမိတို့ရဲ့
ကိုးကွယ်ရာဖြစ်တယ်လို့ဟောတ်ာမူပါတယ်။
ယနေ့လူသားများရဲ့ မနက်ဖြန်ကမ္ဘာကို သံဝေဂကြီးစွာယူပြီး တရားဓမ္မကို ကျင့်သုံးခြင်းဖြင့်သာလျှင် အခြေအနေဆိုးတွေကလွတ်မြောက်ပြီးတော့ အခြေအနေကောင်းတွေကို ဖန်တီးနိုင်မှာဖြစ်တဲ့အကြောင်း အားလုံးသော သူတော်စင်အပေါင်းတို့သည် တရားတော်ကို လိုက်နာကျင့်သုံးနိုင်ကြပါစေကုန်သတည်း။
သာဓု သာဓု သာဓု
(ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ)
No comments:
Post a Comment