Thursday, November 22, 2018

ဒီမိုကရေစီအပြောင်းအလဲအတွက် ဘာတွေလုပ်ဖို့ လိုသေးလဲ

ဒီမိုကရေစီအပြောင်းအလဲအတွက် ဘာတွေလုပ်ဖို့ လိုသေးလဲ

အာဏာရှင်စနစ်ဆိုးကို အနှစ် ၅၀ ကျော် ခါးစီးခံခဲ့ရတဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီအပြောင်းအလဲတွေ စလုပ်နေတာ ၈ နှစ်နီးပါးရှိလာပါပြီ။ သမ္မတ-ဦးသိန်းစိန် လက်ထက်မှာ စတင်ခဲ့တဲ့၊  နုနယ်တဲ့ ဒီမိုကရေစီကို   “ပြောင်းလဲချိန်တန်ပြီ” ဆိုတဲ့ ကျွေးကြော်သံနဲ့တက်လာတဲ့ NLD-အရပ်သားအစိုးရ လက်ထက်မှာ ပိုပြီးရှင်သန်အား ကောင်းအောင် အရှိန်အဟုန်နဲ့ ကျိုးစားနေတာ တွေ့ရပါတယ်။ ဒါပေမဲ့ NLD-အစိုးရသက်တမ်း ၃-နှစ်နီးပါး ကာလမှာ ခရီးမပေါက်တဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး၊ တိုးတက်မှုနည်းတဲ့ ငြိမ်းချမ်းရေး၊ ရခိုင်အရေးကြောင့်ဖြစ်လာတဲ့ နိုင်ငံတကာဖိအား၊ ပိုဆိုးလာတဲ့ သတင်းမီဒီယာ လွတ်လပ်ခွင့်နဲ့ ဆုတ်ယုတ်လာတဲ့ တိုင်းပြည်စီးပွားရေး အခြေအနေတွေကြောင့်၊ ဒီမိုကရေစီခရီးဟာ ရှေ့မတိုးဘဲ တန့်နေတယ်လို့  ထောက်ပြသူတွေ ရှိလာပါတယ်။ ပညာရှင်တွေထောက်ပြသလို အပြောင်းအလဲတွေဟာ တစ်ကယ်ဘဲ ရပ်တန့်နေပြီလား၊ ဘာတွေက အတားအဆီးဖြစ်နေသလဲ။ ဒီမိုကရေစီခရီး ရှေ့ဆက်နိုင်ဖို့အတွက် ဘာတွေလုပ်ဖို့ လိုနေလဲ။

ခရီးမပေါက်တဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး

နိုင်ငံရေးသုတေသီ ဦးမင်းဇင်ကတော့ ရွေးကောက်ပွဲမတိုင်ခင်က NLD-ရဲ့ ကြွေးကြော်သံတစ်ခုဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး လမ်းကြောင်းဟာ အာဏာရပြီးတဲ့နောက်မှာ ပြောင်းလဲသွား တယ်လို့ ထောက်ပြဝေဖန်ပါတယ်။ ရွေးကောက်ပွဲမတိုင်ခင် NLD-ရဲ့ စဉ်းစားချက်က “ဖွဲ့စည်းပုံပြင် ဆင် ရေးကို ငြိမ်းချမ်းရေးနဲ့ချိတ်ဆက်ထားစရာမလိုဘူး။ ၂၀၀၈-ဖွဲ့စည်းပုံဟာ ပြောင်းကိုပြောင်းရမယ်၊ အရပ် သားအစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားတွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေဝါဝင်တဲ့ ၄-ပွင့်ဆိုင်ဆွေး နွေးပွဲ တွေကတစ်ဆင့် ဒါမှမဟုတ် လူထုဆန္ဒသဘောထားကို ကောက်ယူပြီး လူထုဆန္ဒကတစ်ဆင့် ပုဒ်မ-၄၃၆ လိုဥပဒေတွေကို ပြင်ရမယ်လို့ NLD-က စဉ်းစားခဲ့တယ်။ နောက်ပိုင်း အာဏာရပြီး ချိန်မှာတော့ အဲဒီစဉ်းစားပုံကို လက်တွေ့အကောင်အထည် မဖေါ်တော့ဘဲ ဦးသိန်းစိန်အစိုးရလက်ထက် ချမှတ်ခဲ့တဲ့ ငြိမ်းချမ်းရေးအရင်ရအောင်ယူ၊ ငြိမ်းချမ်းရေးရပြီးမှ အားလုံးသဘောတူညီချက်နဲ့ ဖွဲ့စည်း ပုံပြင်မယ်ဆိုတဲ့ လမ်းကြောင်းကို ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD-ခေါင်းဆောင်တွေ ပြောင်းလဲ tရွေးချယ်ခဲ့တယ်” လို့ ဦးမင်းဇင်က ဆိုပါတယ်။ ငြိမ်းချမ်းရေးခရီးတန့်နေတဲ့အခါမှာတော့ ပြည်သူလူထု မျော်လင့်ထားတဲ့ ၂၀၀၈-ဖွဲ့စည်းပုံ ပြင်ဆင်ရေးဟာလည်းရှေ့မဆက်နိုင်ဘဲ ခရီးမတွင်ဖြစ်နေပါတယ်။

တိုးတက်မှုနှေးတဲ့ ငြိမ်းချမ်းရေး

NLD-အရပ်သားအစိုးရဟာ စတင်အာဏာယူတဲ့အချိန်ကစပြီး တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေးရရှိဖို့ကို ပထမဦးစားပေးအဆင့် သတိကြီးစွာထားဆောင်ရွက်နေပေမဲ့ အခု ၃-နှစ်နီးပါး ကြာတဲ့အထိ တိုးတက်မှုနှေးကွေး နေဆဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့လက နေပြည်တော်မှာလုပ်ခဲ့တဲ့ အစိုးရနဲ့  NCA လက်မှတ်ထိုး တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ သီးသန့်ထိပ်သီး ဆွေး နွေးပွဲမှာလည်း သိသာ ထင်ရှားတဲ့ သဘောတူညီချက် တစ်စုံတစ်ရာမရခဲ့ပါဘူး။  အဲဒီဆွေးနွေးပွဲမှာ တပ်မတော်ဘက်က “ခွဲမထွက်ရေးနဲ့ တစ်ခုတည်းသောတပ်မတော်ကိစ္စ” ကို ပြည်ထောင်စုသဘောတူစာချုပ်မှာ တားမြစ် ချက်အဖြစ်၊ ထည့်သွင်းဖို့  အဓိကထားပြောကြားခဲ့ပြီး၊ တိုင်းရင်းသားတွေဘက်ကတော့ အဲဒီ အချက် တွေကို ချက်ချင်းလက်မခံသေးဘဲ တိုင်းရင်းသားတွေရဲ့လိုအပ်ချက်တွေဖြစ်တဲ့  ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်နဲ့ ပြည်နယ်တွေရဲ့ ကိုယ်ပိုင်အခြေခံဥပဒေရေးဆွဲရေးကိစ္စတွေ၊ ပြည် ထောင်စုသဘောတူစာချုပ်မှာ ချန် လှပ်ခံထားရမှာကို  စိုးရိမ်ပူပန်နေပါတယ်။ ၂၀၁၇ မေလ ၂၁ ရာစု ပင်လုံအစည်းအဝေးကတည်းကရှိခဲ့တဲ့ ဒီအငြင်းပွားမှုဟာ အခုချိန်ထိ ပြေလည်မှုမရသေးဘဲ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်အတွက် ကြီးမားတဲ့စိန်ခေါ်မှုအဖြစ် ဆက်လက်တည်ရှိနေဆဲပါဘဲ။ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ကတော့ ‘‘ခွဲမထွက်ရေးက အရေးကြီးသလို၊  ခွဲမထွက်ချင်တဲ့ ခွဲထွက်စရာမလိုတဲ့ ပြည်ထောင်စုကြီးဖြစ် လာအောင် အားလုံးလက်တွဲပူးပေါင်းပြီး အကောင်အထည်ဖော်ဖို့’’  မျမျတတ တိုက်တွန်းခဲ့ပါတယ်။ ငြိမ်းချမ်းရေးကို အကြောင်းပြလက်နက်ကိုင်ပြီး ‘သူတစ်လူ ငါတစ်မင်း’၊ ‘နယ်တစ်နယ်  ဓားတစ်စင်း’ စနစ်တည်ထောင်တာတွေလုပ်ရင် နည်းလမ်းပေါင်းစုံသုံးပြီး တားဆီးသွားရမယ်-ဆိုတဲ့ ကာကွယ်ရေး ဦးစီးချုပ်ရဲ့ သတိပေးချက်အပေါ်မှာလည်း အပေါ်စီးဆန်တဲ့စကားအဖြစ်  တိုင်းရင်းသားတွေလက်က ခံစားချက်ဖြစ်ခဲ့ပါတယ်။ တပ်မတော်နဲ့ တိုင်းရင်းသားအဖွဲ့တွေအကြား အကြီးမားဆုံးကွာဟချက်တွေကို အခုနိုဝင်ဘာလထဲမှာ ဆက်လက်ညှိုနှိုင်းဖို့ သဘောတူခဲ့ကြပေမဲ့ NCA-လက်မှတ်ထိုး အင်အားကြီး လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်တဲ့  KNU ဘက်က ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ ဆွေးနွေးမှုတွေကို ယာယီ ရပ်ဆိုင်းကြောင်း ကြေငြာလိုက်ချိန်မှာတော့ ငြိမ်းချမ်းရေး မျော်လင့်ချက်ဟာ လတ်တလောမှာ မှေးမှိန် သွားခဲ့ပါတယ်။

ပိုဆိုးလာတဲ့ မီဒီယာလွတ်လပ်ခွင့်

သမ္မတဟောင်း ဦးသိန်းစိန်အစိုးရလက်ထက်မှာ ဆက်သွယ်ရေးဥပဒေနဲ့ တရားစွဲဆိုခံရမှု ၁၁ မှုရှိပြီး၊ လက်ရှိ NLD အစိုးရလက်ထက်မှာ ဆက်သွယ်ရေးဥပဒေ မပြင်ဆင်ရသေးခင်က တရားစွဲဆိုခံရမှု ၈၇ မှုနဲ့၊ ဥပဒေပြင်ဆင်ပြီးမှ တရားစွဲဆိုခံ ရမှု ၂၁ မှု၊ စုစုပေါင်း ၁၀၈-မှုရှိကြောင်း The Voice အဖွဲ့က အခုနှစ် မတ်လမှာ အစီရင်ခံစာထုတ်ပြန်ခဲ့ပါတယ်။ အဲဒီအမှုတွေအပြင် သတင်းမီဒီယာလောကကို အုတ်အော်သောင်းနင်းဖြစ်စေခဲ့တဲ့ ရန်ကုန်တိုင်းစာရင်းစစ်ချုပ် အစီရင်ခံစာပါ ရန်ကုန်တိုင်းအစိုးရအဖွဲ့ ဆောင်ရွက်ချက်တွေအပေါ် သတင်းဆောင်းပါး ရေးသားမှုကြောင့် Weekly Eleven ဂျာနယ် အယ်ဒီ တာ သုံးဦးကို နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ တရားစွဲမှု၊ ထောင်ချောက်ဆင်ဖမ်းဆီးခဲ့တယ်လို့ အများယုံကြည်ထားတဲ့ ရိုက်တာသတင်းထောက်နှစ်ဦးကို နိုင်ငံ တော်လျှို့ဝှက်ချက် အက်ဥပဒေနဲ့ ထောင်ဒဏ်ခုနစ် နှစ်ချမှတ်မှုတွေကြောင့်၊ လက်ရှိ NLD-အစိုးရအပေါ် ပြည်တွင်းရော ပြည်ပမှာပါ ဝေဖန်သံတွေ ဆူဆူညံညံထွက်ပေါ်ခဲ့ပါတယ်။ သုတေသီတစ်ချို့ကတော့ NLD-အစိုးရလက်ထက်မှာ သတင်းမီဒီယာအမှောင်ခေတ် ရောက်ပြီလား-လို့တောင် မေးခွန်းထုတ်တာတွေ ရှိလာပါတယ်။

ဆုတ်ယုတ်လာတဲ့ စီးပွားရေး

အောက်တိုဘာ ၄ ရက်နေ့ထုတ် ကမ္ဘာ့ဘဏ်ရဲ့ အရှေ့အာရှပစိဖိတ်ဒေသ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု အစီရင်ခံစာက မြန်မာနိုင်ငံရဲ့ ပြည်တွင်းထုတ်ကုန်ပမာဏ(ဂျီဒီပီ) ဟာ အခု ၂၀၁၈-ခုနှစ်မှာ ၀.၅ ရာခိုင်နှုန်း ကျဆင်းခဲ့တယ်လို့ ဆိုပါတယ်။ ကမ္ဘာ့ဘဏ်ဟာ ပြီးခဲ့တဲ့မေလ အစီရင်ခံစာမှာတုန်းက မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ အခု ၂၀၁၈-ထဲမှာ  ၆.၇% တိုးတက်မယ်လို့ ခန့်မှန်းခဲ့ပါတယ်။ ဒါပေမဲ့  ရခိုင်အရေး အကျိုးဆက်အပါအ၀င် မွန်၊ တနင်္သာရီ၊ ကရင်နှင့် ပဲခူးအရှေ့ခြမ်းရေကြီးမှု၊ ကုန်ဈေးနှုန်း မြင့်တက်မှု၊ ပြီးခဲ့တဲ့သြဂုတ်လကစပြီး မယုံကြည်နိုင်လောက်အောင် ဒေါ်လာဈေး၊ ရွှေဈေးနဲ့ လောင်စာ ဆီဈေးမြင့်တက်မှု၊ နောက်ဆက်တွဲအကျိုးဆက် မြန်မာကျပ်ငွေတန်ဖိုးကျဆင်းပြီး အကြီးအကျယ် ငွေကြေးဖောင်းပွမှုတွေကြောင့် အခု ၅-လအကြာမှာ မြန်မာ့စီးပွားရေးတိုးတက်ရမဲ့အစား ၀.၅% ကျဆင်းသွားတာလို့ ကမ္ဘာ့ဘဏ်အစီရင်ခံစာက ဆိုပါတယ်။ အာရှဖွံ့ဖြိုးရေးဘဏ်ကတော့ မြန်မာနိုင်ငံရဲ့ ငွေကြး ဖောင်းပွမှုဟာ ၂၀၁၈ ထဲမှာ  ၆.၂ % ရှိတယ်လို့  ခန့်မှန်းထားပါတယ်။ အမေရိ ကန်နဲ့ တရုတ်အကြား ကုန်သွယ်ရေးစစ်ပွဲကြောင့် အမေရိကန်ဒေါ်လာတန်ဖိုး ပိုမိုခိုင်မာလာခြင်းနဲ့ ဖွံ့ဖြိုးဆဲတိုင်းပြည်အများစုရဲ့ ဘဏ္ဍာရေးဈေးကွက် မတည်ငြိမ်မှုတွေကလည်းမြန်မာ့စီးပွားရေးအပေါ် အတိုင်းအတာတစ်ခုအထိ သက်ရောက်မှုရှိခဲ့တယ်လို့ အာရှဖွံ့ဖြိုးေ ရးဘဏ်အစီရင်ခံစာက ဆိုပါတယ်။ ပြည်တွင်းစီးပွားရေးပညာရှင်တွေကတော့ အစိုးရဘတ်ဂျက်လိုငွေများလာခြင်း၊ ငွေကြေးဖောင်းပွခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းနည်းပါး ခြင်း၊ သွင်းကုန်ပစ္စည်းများအပေါ် တင်းကျပ်လာခြင်းတို့ကြောင့်  ဖြစ်တယ်လို့ ထောက်ပြဝေဖန်ပါတယ်။ NLD ပါတီ ဗဟိုစီးပွားရေးကော်မတီဥက္ကဋ္ဌ ဦးဟံသာမြင့်ကတော့ ကုန်ဈေးနှုန်းမြင့်တက်မှုဟာ  ယခင်နှစ်တွေမှာ ၁၀% ကျော်ရှိခဲ့ပြီး  လက်ရှိ NLD အစိုးရလက်ထက်မှာ  ၆ % ကနေ  ၇ ရာခိုင်နှုန်းသာရှိတယ်လို့ ငြင်းချက်ထုတ်ထားပါတယ်။

ဘာတွေလုပ်ဖို့ လိုသေးလဲ

နိုင်ငံရေးသုတေသီ ဦးမင်းဇင်ကတော့ NLD-ရဲ့ အဓိကရွေးကောက်ပွဲကြွေးကျော်သံတစ်ခုဖြစ်တဲ့  အခြေခံဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်ရင်၊ ငြိမ်းချမ်းရေးနဲ့ နွယ်စရာမလိုဘဲ သူ့နည်းသူ့ဟန်နဲ့ စေ့စပ်ညှိနှိုင်းပြီး ပြင်လို့ရတာတွေ အများကြီးရှိတယ်လို့ ထောက်ပြပါတယ်။ “ NLD သာပြင်ချင်တယ်ဆို ရင် လွှတ်တော်ထဲမှာ တပ်နဲ့ညှိနှိုင်းပြီး ပြင်နိုင်တာတွေ အများကြီးရှိတယ်။” လို့ သူက ဆိုပါတယ်။ နိုင်ငံရေးသုတေသီတစ်ချို့ကလည်း NLD-အစိုးရဟာ ဘယ်အချိန်ရမယ်မှန်းမသိတဲ့ ငြိမ်းချမ်း ရေး ကို စောင့်နေစရာမလိုဘဲ ဖွဲ့စည်းပုံပြင်ဆင်ရေးကို ရတဲ့အနေအထားကနေ ရသလောက် လုပ်သင့်တယ်လို့ အကြံပေးတာတွေ ရှိပါတယ်။ ခက်ခဲလှတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်ရင်တော့ နိုင်ငံေ ရးသုတေသီ ဦးမင်းဇင်က အပစ်အခတ်ရပ်စဲရေးလို ချက်ချင်းနဲ့အမြန်လုပ်ဆောင်ရမဲ့ကိစ္စမျိုးကို ချက်ချင်း”သေနတ်သံတိတ်၊ မီးခိုးတိတ်” လုပ်ဆောင်ရမှာဖြစ်ပြီး ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်  ရေးလို ကိစ္စမျိုးကိုတော့ “မျှခြေတွေကို ထိန်းညှိုပြီး” အချိန်ယူလုပ်ဆောင်ရမယ်၊ NLD-အစိုးရမှန်းထားသလို သူ့အစိုးရသက်တမ်း ၅-နှစ်အတွင်းမှာ ချက်ချင်းအမြန်လုပ်လို့မရနိုင်ဘူးလို့ အကြံပေးထားပါတယ်။ စာရေးဆရာ ကျော်ဝင်းကတော့ “စစ်အာဏာရှင်စနစ်ကနေ  ဒီမိုကရေစီစနစ်ကို ကူးပြောင်းရာမှာ အဆင့် ၆-ဆင့် သတ်မှတ်ထားပြီး မြန်မာနိုင်ငံဟာ လက်ရှိအဆင့်-၄ ဖြစ်တဲ့  ဒီမိုကရေစီနည်းကျအစိုးရ တက်လာတဲ့ကာလကနေ နောက်ဆုံးအဆင့်တွေဖြစ်တဲ့ ဒီမိုကရေစီတည်ဆောက်ခြင်းကာလနဲ့ ဒီမို ကရေစီအပြည့်အ၀ရရှိတဲ့ ကာလတွေကို တက်လှန်းနိုင်ဖို့ဆိုရင် စီးပွားရေးတိုးတက်ဖို့က အရေးကြီးတဲ့ အဆုံးအဖြတ် ဖြစ်လိမ့်မယ်လို”့ ဆိုပါတယ်။ ဒါ့ကြောင့် NLD-အစိုးရအနေနဲ့ စီးပွားရေးတိုးတက်ဖို့ကို ငြိမ်းချမ်းရေးနဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စတွေနဲ့တန်းတူ ပထမဦးစားပေးအဆင့်မျိုးနဲ့ တစ်ပြိုင်ထဲ ဆောင်ရွက်ဖို့လိုတယ်လို့ တိုက်တွန်းထားပါတယ်။ တစ်ချိန်တည်းမှာဘဲ ဒီမိုကရေစီနိုင်ငံတစ်ခုရဲ့ စံတန်ဖိုးဖြစ်တဲ့ သတင်းမီဒီယာလွတ်လပ်ခွင့်ကိုလည်း NLD-အစိုးရအနေနဲ့ ပစ်ပယ်ထားလို့မရကြောင်း နိုင်ငံရေးသုတေသီတွေနဲ့ သတင်းစာပညာရှင်တွေက အကြံပြုတိုက်တွန်းထားပါတယ်။ 

အေးအေးမွန်

#DVB #DEBATE #DEMOCRACY #TRANSATION

No comments:

Post a Comment