Sunday, November 25, 2018

ဆန်လမ်း စုန်လမ်း

#ဆန်လမ်း ⏫
#စုန်လမ်း   ⏬

                    #ဝိပဿနာရှုရမှာက အခုခန္ဓာမှာ ပေါ်ဆဲ _ ပေါ်ဆဲဖြစ်တဲ့ ရုပ်နာမ်ပေါ်မှာ ပစ္စုပ္ပန်တည့်အောင် ရှုမှတ်ရမှာပဲဆိုတာ
မှတ်လိုက်ကြ ။

                    အခု စားချင်စိတ်ပေါ်ရင် အခု ဥာဏ်နဲ့ လိုက်ပေး ၊ စွဲလမ်းစိတ်ပေါ်လည်း ဥာဏ်နဲ့လိုက် ၊ ဘယ်စိတ်လာလာ ဥာဏ်နဲ့သာ လိုက်ရမယ် ၊
#အရှိနောက်က_အသိကိုက်ပါစေ ၊ အရှိနောက်က အသိကိုက်ရမယ် ဆိုတာ မှတ်ထားကြပါ ၊ ဒါမှ အရှိနဲ့ အသိ ပစ္စုပ္ပန် တိုက်ဆိုင်မယ် ၊ " အခု ဖြစ်ဆဲပစ္စုပ္ပန် ဆတ်ဆတ်မှာ ခန္ဓာပဋိစ္စသမုပ္ပါဒ် နားလည်ရမယ် ၊ ဒါနားမလည်ရင် ဒိဋ္ဌိမပြုတ်ပဲ ဝိပဿနာ ရှုလို့ နိဗ္ဗာန်မရဘူး " ။

                    ဆာတယ် ဆိုတော့ စားချင်စိတ်ပေါ် တဏှာလာတာပဲ ၊ ဒီတဏှာကို ဖြစ်ပျက် ရှုပေး ၊ ရှုပေးတော့ တဏှာ ချုပ်ပြီး မဂ်ပေါ်လာတာပဲ ၊ တဏှာချုပ်တော့ တဏှာနိရောဓော နိဗ္ဗာနံ ၊ နိဗ္ဗာန်ပါ ပေါ်လာတယ် ၊ သဘောပါကြရဲ့လား ၊ ဒါကြောင့် ပေါ်လာရင် ရှုဥာဏ်လိုက်ပေးရမယ် ဆိုတာ မှတ်လိုက်ကြ ၊
" #ရှုဥာဏ်လိုက်တဲ့_မဂ္ဂင်အလုပ်က_ဆန်လမ်း ၊
  #ဆန်လမ်းလိုက်မှ_ဒုက္ခကင်းမယ် ၊
  #ဒုက္ခကင်းချင်ရင်_ချမ်းသာကြိုက်တာမှန်ရင် •••
  #ဒီဆန်လမ်းဖြစ်တဲ့_မဂ္ဂင်လမ်းကြိုးစားရမယ် "

                    စိတ်တွေ လာသမျှ အောက်ကိုသာ စုန်လေ့ရှိတယ် ၊ မေ့လျော့ ပေါ့တန်ပြီး အမှတ်မဲ့ နေမိရင် စုန်ရဖို့ အပြင်မရှိဘူး ၊
#စုန်လမ်းက_အပါယ်လေးပါးဆိုတာ ဆုံးဖြတ်ချက်ချကြ ။

                    ရေစုန်နဲ့ ရေဆန် လှေလှော်ရာမှာ ကြည့်ပါ ၊ ဘယ်ဟာက ပိုပြီး ခက်သလဲ ၊ ရေစုန်က ထိုင်လိုက်ရုံနဲ့ ရတယ် ၊ ရေဆန်ကျတော့ အားအင်ကို အင်မတန် ထုတ်ပြီး လှော်ရတယ် ၊ ဒီသဘော အတိုင်းပဲ ဒကာတို့ တတွေလည်း တရားနာသွားဖို့ ဆိုတော့ မရဘူး ၊ ပွဲသွားကြစို့ ဆိုတော့ ရတယ် ၊ ကြပ်ကြပ် စဉ်းစားကြ ၊
#နိဗ္ဗာန်လမ်းဆိုတာ_ဆန်လမ်း ၊ အတော်ခဲခဲ ရင်းရင်း အစွမ်းကုန် အားထုတ်ပြီး ကြိုးစားနိုင်မှ တော်ရုံကျမယ် ။

( #မိုးကုတ်ဆရာတော်ဘုရားကြီး)

No comments:

Post a Comment