Thursday, November 29, 2018

ဘယ်သူ့မှ မချစ်နဲ့ ဘယ်သူ့မှမမုန်းနဲ့

ဘယ်သူ့မှ မချစ်နဲ့ ဘယ်သူ့မှမမုန်းနဲ့
💝💝💝💝💝💝💝💝💝💝💝💝

အပေါင်းအဖော်နဲ့ နေခြင်းရဲ့
ဒုတိယအပြစ်က…
မိမိရဲ့ အပေါင်းအဖော်က ချစ်စရာဖြစ်နေခဲ့ရင်  ဒါမှမဟုတ်
မိမိကချစ်စရာပဲလို့ နှလုံးသွင်းမိခဲ့ရင် ချစ်သွားတတ်တယ် ဆိုတဲ့အပြစ်ပါပဲ။
မြင်ပါများရင် ကြင်နာသွားတယ်
ဆိုတဲ့ စကားလိုပါပဲ။

💝အမြင် အကြား အသုံးအဆောင်
အထိအတွေ့ ဆိုတဲ့ ရောနှောခြင်း ငါးမျိုးထဲက တစ်မျိုးမျိုးနဲ့ဒါမှမဟုတ် တစ်မျိုးထက်ပိုတဲ့
ရောနှောခြင်းမျိုးနဲ့ ရောနှောဖန်များလာရင်
ချစ်ခြင်းတရားဆိုတာ မွေးဖွားလာတက်စမြဲပါ။
တစ်ချို့ဆို မြင်မြင်ချင်း ကြားကြားချင်း ချစ်သွားတတ်ကြတာမျိုးတောင်ရှိပါတယ်။
လူသားတိုင်းရဲ့ နှလုံးသားမှာ
သံယောဇဉ် ဓာတ်ခံ ဆိုတာရှိပြီးသားပါ။
အဲဒီ့သံယောဇဉ်ဓာတ်ခံဟာ နွယ်နဲ့သဘော တူပါတယ်။ နီးစပ်ရာကို ရစ်ပတ်တွယ်နှောင် တတ်တာမျိုးပါ။

💝လူတစ်ယောက်ယောက်နဲ့ ပေါင်းဖော်ယှဉ်တွဲမှု များလာရင် အထိအတွေ့များလာရင်
အဲဒီလူကို သံယောဇဉ်နွယ်က
ရစ်ပတ်လိုက်တော့မှာ သေချာပါတယ်။
လူသားတွေရဲ့ စိတ်သန္တန်မှာ ဆားနဲ့တူတဲ့ တဏှာဓာတ်ကလည်း
ကိန်းအောင်းနေပြန် ပါတယ်။
ဆားဟာ အချဉ်သီးနဲ့တွေ့ရင်
ချက်ချင်းအရည်ပျော်သလို
တဏှာဆိုတဲ့ ဆားဟာလည်း  ချစ်စရာ အပေါင်းအဖော် ဒါမှမဟုတ် ချစ်စရာလို့ နှလုံးသွင်းမိတဲ့ …
အပေါင်းအဖော်ဆိုတဲ့ အချဉ်သီးနဲ့တွေ့ရင် ချစ်ခြင်းတရားဆိုတဲ့ အရည်တွေပျော်ကျ ရတော့တာပါပဲ။
ချစ်ခြင်းဆိုတာ ဖြစ်လာခဲ့ရင်
စိတ်ဟာ လောဘ ဆိုတဲ့ အစွန်းတစ်ဖက်ကို ရောက်သွားပါပြီင်္။

💝အပေါင်းအဖော်နဲ့နေုခြင်းရဲ့ တတိယအပြစ်က မိမိရဲ့ အပေါင်းအဖော်က မုန်းစရာဖြစ်နေခဲ့ရင်
ဒါမှမဟုတ် မိမိက မုန်းစရာပဲလို့နှလုံးသွင်းမိ
ခဲ့ရင် မုန်းသွားတတ်တယ်  ဆိုတဲ့အပြစ်ပါပဲ။
လူအမျိုးမျိုး နတ်အထွေအထွေ
ဆိုတဲ့ စကားလိုပါပဲ ။

💝လူသားတွေဟာ တစ်ယောက်နဲ့
တစ်ယောက် စိတ်နေ သဘောထားခြင်း ၊အကျင့်စရိုက်လက္ခဏာခြင်း မတူညီကြပါဘူး။
တူပါတယ်လို့ ဆိုကြသူတာတောင် ထပ်တူထပ်မျှတော့ မဖြစ်နိုင်ပါဘူး။
မတူညီသူတွေရဲ့ ပေါင်းဆုံခြင်းဟာအမုန်းတရားတွေကို လမ်းဖွင့်ပေးနေမှာ သေချာပါတယ်။
ပြဿနာအမျိုးမျိုးကိုလည်း
လက်ယပ်ခေါ်နေမှာ မလွဲပါဘူး။

💝(အစုရှိရင် အမှုရှိတယ်)ဆိုတဲ့ စကားလို အပေါင်းအဖ်ာနဲ့ ရောနှော နေထိုင်ခြင်းဆိုတာ ဖြစ်လာခဲ့ရင် ပြဿနာတစ်ခုမဟုတ် တစ်ခုကို အမြဲရင်ဆိုင်နေရမှာပါပဲ။
စိတ်သဘောထားခြင်း မတိုက်ဆိုင်တဲ့သူတွေ အကျင့်စရိုက်ခြင်း ကွဲပြားတဲ့သူတွေနဲ့
အတူ နေရရင် ပြဿနာ ပိုများပါတယ်။

💝ပြဿနာဖြစ်တာနဲ့အမျှ ပြဿနာရဲ့နောက်မှာ အမုန်းတရားက ထက်ကြပ်မကွာ လိုက်ပါလာ တော့မှာပါပဲ။
တစ်ယောက်ကို တစ်ယောက် နားလည် ခွင့်လွှတ်ခြင်းများစွာနဲ့
သိပ်ချစ်ကြတဲ့သူတွေ တောင်
တစ်ချိန်မဟုတ် တစ်ချိန်မှာ
ပြဿနာတစ်ခု မဟုတ် တစ်ခု ထဖြစ်ပြီး တစ်ယောက်နဲ့ တစ် ယောက် မမြင်ချင် မကြားချင်လောက်အောင် မုန်းတီးသွားတတ်ကြပါသေးတယ်။

💝အစစအရာရာ သတိကြီးစွာ ထားပြီး
အသိဥာဏ်နဲ့ ဆင်ဆင်ခြင်ခြင် နေနိုင်ပါမှ
သည်းခံခြင်းတရားကို မြဲမြဲလက်ကိုင်ထားပြီး စောင့်ထိန်းနိုင်ပါမှ တန်ကာကျပါတယ်။

💝အပေါင်းအဖော်နဲ့ မွေ့ပျော်မှုများခြင်းဟာ ပြဿနာကို သန္ဓေတည်စေပြီး အမုန်းတရား တွေကို မွေးဖွားရှင်သန်စေနိုင်ပါတယ်။
မုန်းခြင်းဆိုတာ ဖြစ်လာခဲ့ရင်
စိတ်ဟာ ဒေါသ ဆိုတဲ့ အစွန်းတစ်ဖက်ကို ရောက်သွားပါပြီ။

💝ချစ်ခြင်းဖြစ်တော့ လောဘအစွန်း
မုန်းခြင်းဖြစ်တော့ ဒေါသအစွန်း
ဒီလိုဆို ချစ်ခြင်းမုန်းဖြင်း ဖြစ်နေတာဟာ အစွန်းလမ်းနှစ်ဖက်က လျှောက်နေတာနဲ့ အတူတူပဲပေါ့ ။

💝မြတ်စွာဘုရားရှင်က ဓမ္မစကြာဒေသနာတော်
မှာ အစွန်းနှစ်ဖက်ကိုရှောင်ပြီးတော့ အလယ်လမ်း
ကနေ လျှောက်ရမယ်လို့ ညွှန်ကြားထားပါတယ်။
ကိုယ်က ချစ်ခြင်း မုန်းခြင်းတွေ ဖြစ်ပြီးတော့ အစွန်းနှစ်ဖက်က လျှောက်နေပြီဆိုရင်…

💝အလယ်လမ်းကလျှောက်ရမှ ရောက်နိုင်တဲ့ နိဗ္ဗာန်ဆိုတဲ့ လမ်းဆုံးပန်းတိုင်ကို မရောက်နိုင် တော့ပါဘူး ။
အစွန်းနှစ်ဖက်က လျှောက်နေပြီဆိုတော့မှ အစွန်းနှစ်ဖက်ရဲ့ ဟိုဖက်မှာ ချောက်တွေပဲ ရှိတော့တယ်။
ဘာချောက်တွေလဲလို့တော့ မမေးနဲ့။
ငရဲ တိရိစ္ဆာန် ပြိတ္တာ အသူရကာယ်
လို့ ခေါ်တဲ့ အပါယ်လေးပါးချောက် ။

💝ပဋိသန္ဓေ အို နာ သေလို့ခေါ်တဲ့ ဇာတိ ဇရာ
ဗျာဓိ မရဏချောက် အဲဒီချောက်တွေထဲကို ကျလိမ့်မယ်။ အဲဒါတွေ အသာထား။
လောလောဆယ်ကျမယ့် ချောက်တွေကတော့ သောက ပရိဒေ၀ ဒုက္ခ ဒေါမနဿ ဥပါယာသ လို့ခေါ်တဲ့ ချောက်တွေပဲ။
စိုးရိမ်ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းထန်စွာပူပန်ခြင်းလို့ခေါ်တဲ့  ချောက်တွေထဲကိုတော့ ခုလောလောဆယ် ကျမှာ သေချာတယ်။

💝ဒါကြောင့် ချစ်ခြင်း မုန်းခြင်းတွေကို ဖြစ်စေ
တတ်တဲ့ အပေါင်းအဖော်နဲ့ ရောနှောခြင်းကို ရှောင်ကြဉ်ပြီးတော့ တစ်ယောက်တည်းနေပါ။
ချစ်တဲ့သူတွေနဲ့လည်း
ဘယ်တော့မှ မပေါင်းဖော်ကြနဲ့။
မုန်းတဲ့သူတွေနဲ့လည်း
ဘယ်တော့မှ မပေါင်းဖော်ကြနဲ့။

💝ချစ်တဲ့ သူတွေကု မမြင်ရရင် ဆင်းရဲတယ် မုန်းတဲ့သူတွေကု မြင်ရရင် ဆင်းရဲတယ်
လို့ အဓိပ္ပာယ် သက်ရောက်တဲ့ တရားဂါထာ တစ်ပုဒ်ကို မြတ်စွာဘုရားရှင်က ခုလိုမိန့်ကြား တော်မူခဲ့ပါတယ်။

💝(မာ ပိယေဟိ သမာဂဥ္ဆိ အပ္ပိယေဟိ ကုဒါစနံ
ပိယာနံအဒဿနံ ဒုက္ခံ အပ္ပိယာနဉ္စ ဒဿနံ )
ဆိုလိုတာကတော့ ဘယ်သူ့ကိုမှလည်း မချစ်နဲ့ ဘယ်သူ့ကိုမှလည်းမမုန်းနဲ့ လို့ ဆိုလိုပါတယ်။

💝ချစ်ရတဲ့သူရှိရင် အဲဒီချစ်ရတဲ့သူတွေနဲ့
ခွဲခွာရတဲ့အခါ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်ရတတ်ပါတယ်။
မုန်းရတဲ့သူရှိရင် အဲဒီ မုန်းရတဲ့သူတွေနဲ့ တွေ့ဆုံရတဲ့အခါ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်ရတတ်ပါတယ်။

💝ဘယ်သူ့ကိုမှ (မချစ်ရင်တော)့
(ပိယောဟိ ၀ိပ္ပယောဂ ဒုက္ခေ) ချစ်သူကွဲ
ဆင်းရဲဆိုတာ လုံးဝမရှိနိုင်တော့သလို
ဘယ်သူ့ကိုမှ (မမုန်းရင်တော့)
(အပ္ပိယေဟိ သမ္မယောဂဒုက္ခ) မုန်းသူတွဲ ဆင်းရဲဆိုတာလည်း လုံးဝမရှိနိုင်တော့ပါဘူး။
ချစ်ရတာလည်း ဒုက္ခ
မုန်းရတာလည်း ဒုက္ခပါပဲ။
ချစ်သူကို မတွေ့ရရင် စိတ်ပူလောင်ရသလို
မုန်းသူကို မြင်ရလည်းစိတ်ဆင်းရဲရပါတယ်။
ဆရာတော် အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)

No comments:

Post a Comment