Saturday, November 24, 2018

မြတ်​စွာဘုရားက စိတ်ကိုဦးတည်ပြီးတော့ ဆုံးမတယ်။

#မြတ်​စွာဘုရားက စိတ်ကိုဦးတည်ပြီးတော့ ဆုံးမတယ်။
လူတိုင်းလူတိုင်းမှာ " စိတ်​ပူတယ်​၊ စိတ်​ညစ်​တယ်​၊
စိတ်သောကရောက်တယ် " ဆိုတာတွေမှာ ထွက်ပေါက်
အဖြေတွေ ရှိတယ်တဲ့။ အဲဒီအဖြေနဲ့ဖြေရှင်းသွားလို့ရှိရင်
စိတ်ပူမှုကို လျှော့ချနိုင်တယ်။ စိတ်သောကကို လျှော့ချ
နိုင်တယ်။ နောက်ဆုံးမှာ ဖယ်ရှားပစ်နိုင်တဲ့ နည်းစနစ်ကို
မြတ်​စွာဘုရားက ဟောတယ်။

#စိတ်ကိုစိတ်နဲ့ပဲ ပြန်လည်ကုစားတာ၊ ရေကြောင့်ဖြစ်တဲ့
အညစ်အကြေးကို ရေနဲ့ဆေးရင် ပျောက်သလိုပဲ။ စိတ်ကို
စိတ်နဲ့ပြန်ပြီးတော့ ကုစားတဲ့ နည်းစနစ်ဆိုတာ အပြင်က
ဘာတစ်ခုမှ မပါဘူးနော်။ ဆေးသောက်စရာ မလိုဘူး။
စိတ်ကို စိတ်နဲ့ပဲ ပြန်ကုစားတာ။ အဲဒါကို နာမည်တစ်မျိုးနဲ့
ပြောလို့ရှိရင် ကမ္မဋ္ဌာန်း အားထုတ်တယ်လို့ ပြောတယ်။
ကမ္မဋ္ဌာန်းထိုင်တယ်။ အခုခေတ်ပြောတဲ့ တရားစခန်းဝင်
တယ်ပေါ့။ (၁၀ )ရက်စခန်းတို့၊ (၇)ရက်စခန်းတို့ ရိပ်သာ
မှာဝင်တယ်။ တရားအားထုတ်တယ်၊ စိတ်ကိုစိတ်နဲ့ပဲ
ကုစားတဲ့ အလုပ် လုပ်တာပဲ။ အဲဒီလို ကုစားတဲ့အခါမှာ
သမာဓိစွမ်းအားနဲ့ ကုစားတာကတစ်မျိုး၊ စိတ်​ကို အာရုံ
တစ်ခုထဲမှာ စုစည်းတာ၊ စုစည်းထားတဲ့အချိန်မှာတော့
စိတ်က ငြိမ်ကျသွားလို့ရှိရင် အေးချမ်းမှာတော့ သေချာတယ်။

#ဒါကြောင့်မို့ သမာဓိကောင်းနေလို့ရှိရင် တရားထိုင်တဲ့နေရာ
မှာ တစ်နာရီလည်း ကြာတယ်မထင်ဘူး။ ဘာဖြစ်လို့တုန်းဆိုရင်
စိတ်ကိုအာရုံတစ်ခုတည်းမှာ စုစည်းထားတဲ့အတွက်ကြောင့်
ညောင်းတာ၊ ကိုက်ခဲတာတွေကို အကုန်ကျော်လွှားပြီး အေး
ချမ်းတဲ့ အနေအထားတစ်ခု ရတယ်။ " သမာဓိ " ဖြုတ်လိုက်ရင်
တော့ ဒါတွေ မရှိပြန်ဘူး။

#သမာဓိစွမ်းအားကို အခြေခံပြီး တဆင့်လုပ်ရမယ့် အရာက
ဘာတုန်းဆိုတော့ contemplation လို့ ခေါ်တယ်။
ရုပ်နာမ်ဓမ္မသဘာဝတရားတွေကို ဆင်ခြင်သုံးသပ်ရမယ်။
အမှန်အကန်သိအောင် check up လုပ်ရမယ်နော်။
မဟာသတိပဋ္ဌာနသုတ်မှာ မြတ်​စွာဘုရား ဟောထားတဲ့
" စိတ္တာနုပဿ နာ " ဆိုတာ စိတ်ကို check up လုပ်တာပဲ။
အဲသလိုလုပ်မှလည်း အဖြေထုတ်လို့ ရတယ်လေ။ အဖြေထုတ်
နိုင်မှ ဖြေရှင်းချက် ဖြေဆေးဆိုတာ ရှိမယ်။

#ပြဿ နာတစ်ခုကို မစူးစမ်းလို့ရှိရင် အဖြေထုတ်နိုင်မှာ မဟုတ်ဘူး။
အဖြေမထုတ်နိုင်ရင် ဒီပြဿ နာဟာ တန်းလန်းပဲနေမှာပေါ့။ အေး..
ဒါကြောင့်မို့ ဘယ်အရာပဲဖြစ်ဖြစ် အချက်(၃)ချက်နဲ့ ရှုမြင်သုံးသပ်
ဖို့ လိုအပ်တယ်။ (၁) ကိုယ့်သန္တာန်မှာ ဖြစ်နေတဲ့ အရာတွေဟာ
ကျေနပ်စရာ ကောင်းတာတွေရှိတယ်။ အဿာဒ လို့ ခေါ်တယ်။
ကျေနပ်စရာကောင်းတာက အဿာဒ။ (၂) အပြစ်အနာအဆာတွေ
ရှိတယ်။ အာဒီနဝ။ ( ၃ ) ထွက်ပေါက် ရှိတယ်။ နိဿ ရဏ။
ဒီ သုံးချက်ကို နားလည်ဖို့ လိုတယ်။
ကဲ... ကိုယ့်ရဲ့ ရုပ်ခန္ဓာကြီးဆိုပါစို့။
မျက်လုံးကိုပဲ ကြည့်ရအောင်၊ မျက်လုံးရဲ့ကျေနပ်စရာက ဘာလဲ ???
မျက်လုံးနဲ့ပတ်သက်ပြီးတော့ အပြစ်အနာအဆာက ဘာလဲ ???
အဲဒီမျက်လုံးမှ ထွက်မြောက်မှုက ဘာလဲ ???

#(၁)မျက်လုံးနဲ့ပတ်သက်ပြီး ကျေနပ်စရာက ဘာတုန်းဆိုရင်
မျက်လုံးရှိလို့ မြင်စရာတွေ မြင်ရတယ်၊ ပညာသင်လို့ ရတယ်။
စာအုပ်​စာတမ်း​တွေ ဖတ်လို့ရတယ်၊ ဘုရားဖူးလို့ ရတယ်။
စိတ်ပျော်စရာကောင်းတဲ့ အာရုံလေးတွေ ကြည့်ရတယ်။
မြင်ရတယ်။ ဟော မျက်လုံးရဲ့အသုံးက ကျေနပ်စရာ
မကောင်းဘူးလား၊ ကောင်းတယ်နော်။
မျက်စိကောင်းတဲ့ပုဂ္ဂိုလ်တွေဟာ ကမ္ဘာလောကကြီးရဲ့
အလှအပတွေ ခံစားနိုင်တယ်။ အကုန်လုံး ကြည့်နိုင်တယ်။
မျက်စိနဲ့ ပညာတွေ ရှာနိုင်တယ်။ စေတီပုထိုးတွေ ဖူးမြင်နိုင်တယ်။
ဒါ မျက်လုံးက အကျိုးကျေးဇူးတွေ၊ ကျေနပ်စရာလေးတွေ။

#(၂) ဒါဖြင့် မျက်လုံးရဲ့အပြစ်အနာအဆာ မကျေနပ်စရာက
ဘာတုန်းဆိုရင် တဖြည်းဖြည်း မှုန်လာတတ်တာက မကျေနပ်စရာပဲ။
တခါတခါ မျက်စိကြီးနီရဲနေအောင် ကျိန်းတတ်တာက မကျေနပ်စရာ
ပဲနော်။ မျက်မှန်တပ်ရတာလည်း မကျေနပ်စရာပဲ။ မှုန်လာတော့
မျက်မှန်တပ်ရတယ်။ နောက်ဆုံး တိမ်ဖုံးသွားတာလည်း မကျေနပ်စရာပဲ။
အဲဒီလို မျက်စိရဲ့အပြစ်အနာအဆာ၊ မတည်မြဲတဲ့သဘော၊ ပြောင်းလွဲ
ဖောက်ပြန်တတ်တဲ့သဘော၊ တစ်​မျိုးတစ်​ဖုံ ဖြစ်တတ်တဲ့ သဘောတွေက
မျက်စိမှာ ကျေနပ်စရာ မကောင်းဘူး။ မျက်စိရဲ့ အပြစ်တွေပဲ။

#ပစ္စည်းလေးတစ်ခု တွေ့တဲ့အခါ ကျေနပ်စရာ၊ မကျေနပ်စရာ
(၂)ခု ရှိတာပဲ။ ဘယ်အရာပဲဖြစ်ဖြစ် ကားတစ်စီးဝယ်လည်း
ဒီအတိုင်းပဲပေါ့။ ကျေနပ်စရာကောင်းတယ်၊ ဒီကားက ကျေနပ်စရာ
မကောင်းဘူး၊ ခဏခဏ ပျက်တယ်နော်။ ဒီလိုဟာမျိုးပေါ့။

#(၃) မျက်စိက ထွက်ပေါက်ဆိုတာတော့ ဘာလဲ ???
မျက်လုံးပေါ်မှာ တွယ်တာနေတဲ့ တွယ်တာနေမှု အဲဒီတွယ်တာမှု
တဏှာကို မဖယ်နိုင်သေးသမျှ ဒီပြဿ နာကို မရှုင်းနိုင်ဘူး။
ဒါကြောင့်မို့ မျက်စိပေါ်မှာ တွယ်တာခြင်းဆိုတဲ့ တဏှာကို
ဖယ်ရှားခြင်းသာ ထွက်ပေါက်ပဲ။

#ဘယ်အရာပဲဖြစ်ဖြစ် ဒီအတိုင်းပဲကြည့်။
မြတ်​စွာဘုရား ဟောတဲ့အခါမှာ အဿာဒ ဆိုတဲ့ စကားလုံးနဲ့
ဟောတယ်။ " ကျေနပ်စရာ "_ အာဒီနဝ ဆိုတာနဲ့ပတ်သက်ပြီး
ဟောတယ်၊ "အပြစ်အနာအဆာ " _ နိဿ ရဏ ဆိုတဲ့ စကားလုံး
နဲ့ ဟေတယ်။ "ထွက်ပေါက် "ဘယ်အရာပဲဖြစ်ဖြစ် ဒီလိုရှိနေတာကို
မြင်တတ်ရတယ်။ အဲဒီလို မြင်တတ်လာတဲ့အခါ ဘယ်ကိစ္စပဲဖြစ်ဖြစ်
"ထွက်ပေါက် " ဆိုတာ ရှိလာတယ်။
အဲဒီ ရှိလာတဲ့ "ထွက်ပေါက်ကလေး " တွေကနေ ထွက်ဖို့လိုတာပဲ။
မထွက်ဘဲနဲ့ ဒီထဲနေရင် ဒီပြဿ နာနဲ့ လုံးလည်ခတ်နေမှာပဲနော်။
အဖြေမရှာနိုင်ဘူးတဲ့။

#ဆရာတော်ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ

#Posted_by_Words_of_Buddha

No comments:

Post a Comment