Friday, November 30, 2018

️၀ိဇ္ဇာနှင့်နေ သေမှာမကြောက်

♦️၀ိဇ္ဇာနှင့်နေ သေမှာမကြောက်♦️

🔸ဝေဘူဆရာတော်ဘုရားကြီး🔸

🔹ဘုရားရှင်အဆုံးအမ ရလို့  ခုလို ရုပ်နာမ်ပေါ်မှာ နေတာကို
ဘာနဲ့ နေတယ် ခေါ်သလဲ။

🔸၀ိဇ္ဇာနဲ့ နေတာပါဘုရား။

🔹ဘုရားရှင် အဆုံးအမနဲ့ မနေရင်ကောဗျာ။

🔸အ၀ိဇ္ဇာနဲ့ နေတာပါဘုရား။

🔹အေး...၀ိဇ္ဇာနဲ့ နေလို့  သေရင် ဘယ်သွားသလဲ။

🔸ကောင်းရာသုဂတိပါဘုရား။

🔹အ၀ိဇ္ဇာနဲ့ နေလို့  သေရင်ကော။

🔸အပါယ် သွားရမှာပါဘုရား။

🔹ကဲ ဒါဖြင့် အသက် ၇၀-ကျော် အဖိုးကြီး တယောက်
ဘုရားဝတ်တက်ပြီး နေတယ်၊သို့ သော်လည်း စိတ်ကတော့
ဟိုရောက်သည်ရောက် ရောက်နေတယ်၊
ဘုရားရှင်ရဲ့ ကျေးဇူးတော် ဂုဏ်တော်မှာ စူးစူးစိုက်စိုက် မနေပါဘူးတဲ့ ၊
အဲဒီ အချိန်မှာသေသွားရင် အဖိုးကြီး ဘယ်များ ရောက်လေမလဲ။

🔸အပါယ် သွားရမှာပါဘုရား။

🔹အေး...ဟုတ်ကဲ့ လားနော်။
စဉ်းစားပြီးမှပြော၊သူကဘုရားဝတ်တက်နေတာ။
သေရင် ဘယ်ရောက်မတုန်း၊ အဲဒီအဖိုးကြီး။

🔸အပါယ်ရောက်မှာပါဘုရား။

🔹အေး...ဘာဖြစ်လို့ လဲ။

🔸စိတ်က ဟိုရောက် သည်ရောက် ရောက်နေလို့ ပါဘုရား။

🔹သြော်...ဟုတ်လား၊အပါယ်က ဘယ်နှစ်မျိုး ရှိလဲဗျာ။

🔸ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသုရကာယ် လေးမျိုးပါဘုရား။

🔹အေး...ဒို့ ကတော့ ဘုရားရှင် ပြောတဲ့အတိုင်း ပြောရမှာပဲဗျာ။
အ၀ိဇ္ဇာနဲ့ နေတယ်ဆိုတော့ ဘာတွေနဲ့ နေတုန်းဗျာ။

🔸လောဘ, ဒေါသ, မောဟ တွေနဲ့ ပါဘုရား။

🔹လောဘ ဆိုတာ ဘာတုန်း။

🔸လိုချင်တာပါဘုရား။

🔹အေး..ငါ ကတော့ အများနားလည်အောင် ရှင်းရှင်း ဗမာလိုပဲပြောမယ်။
ပါဠိ လိုဆိုရင် နင်တို့  နားရှုပ်ကုန်မှာစိုးလို့ ။

🔹လောဘဆိုတာ နှစ်သက်စုံမက်နေသမျှ ပေါ့ ဟယ်။
အဲဒီ လိုချင်မှု နှစ်သက်မှု လောဘစိတ်နဲ့ သေရင်
ပြိတ္တာ ဖြစ်တတ်တယ်ဆို မဟုတ်လား။

🔸မှန်ပါ့ ဘုရား။

🔹ဒေါသ ဆိုတာကောဟယ်။

🔸ရန်ဖြစ်တာပါ ဘုရား။

🔹အေး...နင်တို့ က ရန်ဖြစ်ရင် ဒေါသပဲလို့ ပြောကြတယ်။
ဒေါသဆိုတာ ရချင်တာလဲမရ၊ ရပြန်တာလဲ မလို ၊ နှစ်သက်မှု မဖြစ်သမျှ ဒေါသ၊ အဲဒီ ဒေါသစိတ်နဲ့ သေရင် ငရဲ ရောက်တတ်တယ်တဲ့ ။

🔸မှန်ပါ့ ဘုရား။

🔹မောဟ ဆိုတာ ဒါနမှု,သီလမှု,ဘာဝနာမှု တွေကို မသိတဲ့ စိတ်
အဲဒီ မောဟစိတ်နဲ့ သေရင် တိရစ္ဆာန်ဖြစ်တယ်တဲ့ ။
အဲဒါ သတိထားကြ။

🔹ကြိုက်ရာရွေး ဘယ်သွားကြမလဲ

🔹ဘုရားရှင်ရဲ့ အဆုံးအမနဲ့ နေရင် ခန္ဓာကိုယ်မှာ ဘယ်နတ် ဘယ်ဗြဟ္မာမှ
ပြုပြင်စီရင်ဖန်တီးမှု မပြုရဘဲ ဖြစ်ပျက်နေတဲ့  အဲဒီ ရုပ်ပေါ် နာမ်ပေါ်မှာ
စိတ်ကလေးထားပြီး ခန္ဓာကိုယ်ရဲ့ ဖြစ်တာပျက်တာကို သိနေတဲ့ စိတ်ကလေး
နဲ့ သေရင် နောက်ဆုံး နိဗ္ဗာန်မရောက်သေးတောင်
လူ,နတ်,ဗြဟ္မာ တော့ဖြစ်မှာပဲ။ အဲဒီတော့ ဘယ်သွားကြမလဲ။

🔸နိဗ္ဗာန် သွားမှာပါဘုရား။

🔹အေး...ကိုယ်သွားချင်တဲ့စီကို သွားဖို့  သူများ မေးဖို့ ကို လိုသေးသလားဗျာ။

🔸မလိုပါဘုရား။

🔹အေး..ကိုယ့်ဟာကိုယ်''ငါဝိဇ္ဇာနဲ့ နေတာပါဗျာ''လို့ ကော
ပြောဖို့ လိုသေးသလား။

🔸မလိုပါဘုရား။

🔹သူများကိုကော ''ငါဘာနဲ့ နေတာလဲ'' ''၀ိဇ္ဇာနဲ့ လား၊ အ၀ိဇ္ဇာနဲ့ လား''လို့ 
မေးရဦးမှာလား။

🔸မမေးရပါဘုရား။

🔹အေး..ဟုတ်တယ်၊ ကိုယ့်ဟာကိုယ်သိတယ်ဗျ။
ဒါကြောင့် သံသရာတလျှောက်လုံး ဖြည့်ကျင့်လာတဲ့ ပါရမီတွေက
ပြည့်စုံလုံလောက်ကြပါတယ်ဗျာ၊ ၀ီရိယနဲ့ သာ ထူထောင်ကြဗျ။

🔹ဘုရားရှင် ရွှေလက်ထက်တော်က ရှေး အရှင်ကောင်း အရှင်မြတ်များ အလိုရှိရာဗောဓိနဲ့ အသီးသီး နိဗ္ဗာန် စံဝင်ကြွသွားကြဘိ သကဲ့ သို့ 
အချိန် အခါ ဘ၀ မြင့်မြတ်တာသိလို့ ထပ်တူညီမျှ ဆောင်ကြပါလျှင် --

#သမာပတ်ရှစ်ဖြာအထိမပြီးစီးနိုင်တာမရှိ၊

#၀ီရိယသန်သန်နှင့်မှန်မှန်ကြီး

#အချိန်အနည်းငယ်မျှအချည်းနှီးမဖြစ်ရအောင် စိစစ်ကာ

#မိမိလဲဆောင်တပါးသူများကိုလဲတိုက်တွန်း နှိုးဆော်ပြီး

#ပျော်ပျော်ကြီးဆောင်ကြတာအောင်ကြပြီ

#၀မ်းမြောက်ကြ ဗျား...။

သာဓု...သာဓု...သာဓု...။။

Hla Shein

#ရွှေဘိုအောင်မြေရိပ်သာ
🔹ကျေးဇူးတော်ရှင်ဝေဘူဆရာတော်ဘုရားကြီး။
🔹။ဓမ္မာစရိယဦးဌေးလှိုင၏် သန္ဒိဌိကတရားတော်များမှထုတ်နုတ်ပူဇော်ပါသည်။

No comments:

Post a Comment