Thursday, November 29, 2018

ဝိပဿနာမရှုပဲ အခြားနည်းဖြင့် ကိစ္စပြီးသလော?

ရုပ်နာမ် အဖြစ်အပျက် အနိစ္စ ဒုက္ခ အနတ္တဆိုတဲ့ ဒုက္ခသစ္စာကို ကိုယ်ပိုင်ဉာဏ်ဖြင့် သိအောင်ရှုခြင်း၊ အရိယမဂ်ဖိုလ်ကို ဖြစ်စေခြင်းမရှိပဲ ဆင်ခြင်ရုံမျှစသော အလွယ်နည်းဖြင့် ကိစ္စပြီးတယ်လို့ ယုံကြည်ယူဆ ပြောဆိုတာလည်း သီလဗ္ဗတပရာမာသထဲ အတွင်းဝင် မ၀င် ဆင်ခြင်ဆုံးဖြတ်ဖို့ လိုပါတယ်။

မြတ်စွာဘုရားရှင်က -
“ပဉ္စသု ဥပါဒါနက္ခန္ဓေသု - ငါးပါးကုန်သော ဥပါဒါနက္ခန္ဓာတို့၌၊ ဥဒယဗ္ဗယာနုပဿိနော - အဖြစ်အပျက်ကို ရှုလျက်၊ ၀ိဟရတော - နေစဉ်၊ တဿ - ထိုငါ၏၊ စိတ္တံ - စိတ်သည်၊ န စိရေဿဝ - မကြာမီပင်လျှင်၊ အနုပါဒါယ - မစွဲလမ်းမူ၍၊ အာသဝေဟိ - အာသ၀ ကိလေသာတို့မှ၊ ၀ိမုစ္စိ - လွတ်မြောက်ခဲ့လေပြီ၊ ၀ါ - လွတ်မြောက်လျက် သမ္မာသမ္ဗုဒ္ဓ - ဘုရားအဖြစ်သို့ ရောက်ခဲ့လေပြီ” လို့ မိမိကိုယ်တော်တိုင် တကယ်ဖြစ်ပျက်နေတဲ့ ရုပ်နာမ်တွေ၏ အဖြစ်အပျက်ကို ရှုလျက် ၀ိပဿနာမဂ္ဂင်များကို ပွားစေပြီး အရဟတ္တမဂ်ဖိုလ်သို့ ရောက်လျက် ဘုရားဖြစ်ခဲ့ပုံကို အထင်အရှားဟောတော်မူထားပါတယ်။ (ဒီဃနိကာယ မဟာဝဂ္ဂ မဟာပဒါနသုတ်)

ဓမ္မစက္ကပ္ပ၀တ္တနသုတ်မှာလည်း အဲဒီလို ၀ိပဿနာမဂ္ဂင် ပွားစေခဲ့ပုံကို (မဇ္ဈိမ ပဋိပဒါ တထာဂတေန အဘိသမ္ဗုဒ္ဓါ) စသည်ဖြင့် အထင်အရှား ဟောထားပါတယ်။ နောက်ပြီးတော့ မဂ္ဂသစ္စာဆိုတဲ့ မဂ္ဂင်ရှစ်ပါးကို မိမိသန္တာန်၌ ဖြစ်ပွားစေရမယ် ဆိုတာကိုလည်း ဓမ္မစက္ကပ္ပ၀တ္တနသုတ်စသည်မှာ အထင်အရှားဟောထားပါတယ်။

ဥပါဒါနက္ခန္ဓာဆိုတာ မြင်ခိုက် ကြားခိုက်စသည်မှာ ထင်ရှားဖြစ်ပေါ်နေတဲ့ ရုပ်နာမ်တရားတွေ၊ အဲဒီတရားတွေကို ပေါ်တိုင်း ပေါ်တိုင် မရှုမိယင် တဏှာ ဒိဋ္ဌိတို့ဖြင့် စွဲလမ်းတယ်၊ ရှုပြီး အဲဒီတရားတွေ၏ အဖြစ် အပျက် အနိစ္စ စသည်ကို သိယင် ပုဗ္ဗဘာဂမဂ်ဆိုတဲ့ ၀ိပဿနာမဂ္ဂင်တွေဖြစ်ပွားတယ်။ အဲဒီဝိပဿနာမဂ္ဂင်တွေ ရင့်သန်ပြည့်စုံတဲ့အခါကျမှ အရိယမဂ်လေးပါးဆိုတာ ဖြစ်တယ်။ အဲဒါဟာ ဘုရားရဟန္တာ အရိယာအလောင်းလျာတိုင်း၏ သန္တာန်မှာ ဖြစ်ရိုး ဖြစ်စဉ်ဘဲ။ အဲဒီ ဖြစ်ရိုးဖြစ်စဉ်အရ ၀ိပဿနာမရှုလျှင် အနုလောမဆိုတဲ့ ၀ိပဿနာဉာဏ်ဟာ မဖြစ်နိုင်ဘူး၊ အနုလောမဉာဏ်မဖြစ်ယင် ဂေါတြဘူဉာဏ်ဆိုတာလည်း မဖြစ်နိုင်ဘူး၊ မဂ်လေးပါးမဖြစ်ယင် ဖိုလ်လေးပါးဆိုတာလည်း မဖြစ်နိုင်ဘူး။ အဲဒါဟာ အနုလောမ၀ိပဿနာက မိမိ၏အခြားမဲ့၌ ဂေါတြဘူကို ဖြစ်စေတယ်၊ ဂေါတြဘူက မိမိ၏အခြားမဲ့၌ အရိယမဂ်ကို ဖြစ်စေတယ်၊ အရိယမဂ်က မိမိ၏အခြားမဲ့၌ အရိယဖိုလ်ကို ဖြစ်စေတယ်လို့ ဟောထားတဲ့ ပဋ္ဌာန်းပါဠိတော်ဖြင့် အလွန်ထင်ရှားပါတယ်။

ဒါကြောင့် “၀ိပဿနာမရှုပဲ အခြားနည်းဖြင့် ကိစ္စပြီးတယ်” လို့ဟောပြောတဲ့ ၀ါဒဟူသမျှဟာ ယခုပြဆိုခဲ့တဲ့ မဟာပဒါနသုတ်၊ ဓမ္မစက္ကပ္ပ၀တ္တနသုတ်စသည်တို့နှင့်လည်း ဆန့်ကျင့်တယ်၊ ပဋ္ဌာန်းပါဠိတော်နှင့်လည်း ဆန့်ကျင့်တယ်၊ မဟာသတိပဋ္ဌာနသုတ် စသည်တို့နှင့်လည်း ဆန့်ကျင့်တယ်၊ အဲဒီ ဘုရားဟော ဗုဒ္ဓတရားတော်ဆိုတဲ့ ဗုဒ္ဓသာသနာတော်နှင့် မဆန့်ကျင့်ပဲ တသားတည်း ညီညွတ်အောင် ဗုဒ္ဓသာသနာဝင် ပုဂ္ဂိုလ်တိုင်း အထူးသတိပြုသင့်ပါတယ်။

မဟာစည်ဆရာတော်ဘုရားကြီး၏ မဟာသမယသုတ်မှကောက်နုတ်ဖော်ပြပါသည်။

No comments:

Post a Comment