Sunday, November 18, 2018

သမထနှင့် ၀ိပဿနာ

သမထနှင့် ၀ိပဿနာ
■■■■■■■■■■
ပါမောက္ခချုပ်ဆရာတော်
အရှင်နန္ဒမာလာဘိဝံသ

.

ဒီကနေ့ခေတ်မှာ ကမ္ဘာအနှံ့ ကျယ်ကျယ်ပြန့်ပြန့် meditation ဆိုပြီးတော့ သမထ အားထုတ်တဲ့ အစဉ်အလာတွေဟာ နိုင်ငံတကာမှာလည်း လိုက်နာကျင့်သုံးနေကြတယ်။

ဟိုနိုင်ငံမှာလည်း meditation၊ ဒီနိုင်ငံမှာလည်း meditation လို့ ဆိုပြီးတော့ meditation လုပ်ငန်းတွေဟာ ခုအခါမှာ popular ဖြစ်လာတယ်လို့ ပြောရမယ်။ အဲဒီ meditation တွေဟာ ဘာရည်ရွယ်ချက်နဲ့ လုပ်ကြတာလဲလို.. ရည်ရွယ်ချက်ထားပုံချင်း မတူဘူးပေါ့။ တချို့က meditation လုပ်တာဟာ သံသရာဝဋ်ဒုက္ခမှ ကျွတ်လွတ်ပြီး နိဗ္ဗာန်မဂ်ဖိုလ်ချမ်းသာကို မျက်မှောက်ပြုဖို့ဆိုတဲ့ အလွန်မြင့်မားတဲ့ ရည်ရွယ်ချက်နဲ့ အားထုတ်တဲ့ ပုဂ္ဂိုလ်ရှိသလို တချို့ကလည်းပဲ စိတ်ဖိစီးမှုဒဏ်တွေ မခံနိုင်လို့ စိတ်ဖိစီးမှုဒဏ်တွေ လျော့ကျသွားစေရန် စိတ်ငြိမ်သက်မှု ရရုံ ရည်ရွယ်ပြီးတော့ meditation လုပ်ကြတာတွေက များတယ်။ ရည်ရွယ်ချက်ချင်း မတူဘူးပေါ့။

သို့သော် သမထဆိုတာ ဘာလဲ၊ ၀ိပဿနာဆိုတာ ဘာလဲ။ meditation ဆိုတဲ့ကမ္မဋ္ဌာန်းအလုပ်သည် သမထရယ်၊ ၀ိပဿနာရယ် ဆိုပြီး ကျင့်စဉ် ၂ မျိုး ကွဲပြားနေတယ်တဲ့။
ဒီစကားလုံး ၂ ခုဟာ ဗုဒ္ဓဘာသာ အသိုင်းအ၀ိုင်းမှာရော ဗုဒ္ဓဘာသာမဟုတ်တဲ့ ကမ္မဋ္ဌာန်းဘာဝနာ စိတ်ဝင်စားတဲ့ ပုဂ္ဂိုလ်တွေရဲ့ အသိုင်းအ၀ိုင်းမှာရော လူသိများနေတဲ့ စကားလုံး ၂ ခု ဖြစ်တယ်။ သမထနှင့် ၀ိပဿနာ။ သို့သော် သမထဆိုတာ ဘယ်လိုကျင့်ရသလဲ။ ၀ိပဿနာဆိုတာ ဘယ်လိုကျင့်ရသလဲလို့ လူတိုင်း သိကောင်းချင်မှ သိမယ်။

မိမိလုပ်နေတဲ့ meditation သည် သမထ meditation လား၊ ၀ိပဿနာ meditation လား ဆိုတာလည်း ကွဲကွဲပြားပြား သိကောင်းမှ သိလိမ့်မယ်။ အဲတော့ ဒီ ၂ ခုဟာ ရှင်းရှင်းလင်းလင်း ကွဲကွဲပြားပြားလည်း သိထားဖို့ မလိုအပ်ဘူးလား။

သမထ ဆိုတာ...
----------------------

ဒါကို ရှင်းလင်းပြောပြဖို့ရန်အတွက် ရှေးဦးစွာ သမထဆိုတာ ဘာလဲဆိုတာ သိဖို့လိုတယ်။ သမထလို့ ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်က ဆန့်ကျင်ဘက်တရားများကို ငြိမ်သက်သွားအောင် ပြုလုပ်ခြင်းလို့ အဓိပ္ပါယ်ရတယ်။ ငြိမ်သက်စေခြင်း။ တနည်းအားဖြင့် ပြောမယ်ဆိုလို့ရှိရင် စိတ်ရဲ့ ယောက်ယက်ခတ်နေမှုကို ငြိမ်သက်စေခြင်း။
လူတွေမှာ စိတ်ထဲမှာ excitation လို့ခေါ်တဲ့ စိတ်ရဲ့လှုပ်ရှားမှု၊ ယောက်ယက်ခတ်မှုတွေ ရှိတတ်တယ်ပေါ့။ အာရုံနဲ့ တွေ့လို့ လောဘဖြစ်ရင်လည်း စိတ်လှုပ်ရှားတာပဲ၊ ယောက်ယက်ခတ်တာပဲ၊ ဒေါသဖြစ်ရင်လည်း ယောက်ယက်ခတ်တာပဲ၊ မောဟဖြစ်ရင်လည်း တွေဝေပြီး ယောက်ယက်ခတ်တာပဲ၊ ဒီလို စိတ်ယောက်ယက်ခတ်မှုမျိုးတွေကို ငြမ်သက်ပျောက်ကင်းစေနိုင်တဲ့ ကမ္မဋ္ဌာန်းအကျင့်ကို သမထလို့ ခေါ်တယ်။ ဒါ့အပြင် အဆိုပါ သမထအကျင့်ဖြင့် ရလာတဲ့ သမာဓိစွမ်းအားဟာလည်း ယောက်ယက်ခတ်တဲ့ စိတ်အခြေအနေများကို ပျောက်ကင်းစေနိုင်သည့်အတွက် တကယ့် သမထဖြစ်တယ်။

ဒါကြောင့် ကမ္မဋ္ဌာန်းကျင့်စဉ်နဲ့ သမာဓိ ၂ မျိုးလုံးကိုပင် သမထလို့ယခေါ်ရမှာဖြစ်တယ်။ စာပေကျမ်းဂန်များမှာ
ပစ္စနီကဓမ္မေ သမေ-တီတိ သမထော လို့ ဖွင့်ဆိုကြတယ်။ ဆန့်ကျင်ဘက် တရားများကို ငြိမ်သက်ပျောက်ကင်းနိုင်တဲ့ တရားကို သမထလို့ ဆိုလိုတာ ဖြစ်တယ်။

ဝိပဿနာဆိုတာ...
------------------

ဝိပဿနာဆိုတာ ဘာလဲမေးရင် ၀ိပဿနာဆိုတာ ထူးခြားတဲ့ ဥာဏ်အမြင်လို့ အဓိပ္ပါယ်ရတယ်။
ဝိ- အထူးထူးအပြားပြားသော အခြင်းအရာအားဖြင့်၊ ပဿနာ – ရှုမြင်တတ်သော ဥာဏ်ကို ၀ိပဿနာဟု ခေါ်ဆိုခြင်းဖြစ်၏။ တစ်နည်းအားဖြင့် ၀ိပဿနာဆိုတာ ထူးခြားစွာ သိမြင်တတ်သော ဥာဏ်ကို ခေါ်တာဖြစ်တယ်။
ဘယ်လိုထူးခြားစွာ မြင်တတ်သလဲဆိုရင် သာမန်အားဖြင့် လူတွေက ဘ၀ကို ချမ်းသာတယ်၊ ကိုယ်ပိုင်တယ်လို့ မြင်ကြတယ်။ အဲဒီအမြင်တွေနဲ့ မတူဘဲ ဘ၀ဆိုတာ မမြဲဘူး၊ ဆင်းရဲတယ်၊ ကိုယ်မပိုင်ဘူးလို့ မြင်တယ်။ အဲဒီလို မြင်တဲ့ အသိဥာဏ်မျိုးကို ၀ိပဿနာလို့ ခေါ်တယ်။
စာပေကျမ်းဂန်များမှာ အနိစ္စာဒိဝသေန ၀ိဝိဓေဟိ အာကာရေဟိ ဓမ္မေ ပဿတီတိ ၀ိပဿနာ လို့ ဖွင့်ဆိုကြတယ်။ အနိစ္စ စသည်နှင့်ဆက်စပ်ပြီး အမျိုးမျိုးသော အခြင်းအရာတွေနဲ့ ဓမ္မတို့ကို ရှုမြင်တတ်သော ဥာဏ်သည် ၀ိပဿနာမည်၏ဟု ဆိုလိုတယ်။

ကျင့်ရမယ့်တရား
--------------------

ဒီသမထနဲ့ ၀ိပဿနာ ၂ မျိုးလုံးဟာ ဖြစ်ပွားစေရမယ့်​ ဘာဝေတဗ္ဗ တရား၊ ကျင့်ရမယ့်​ တရားဖြစ်တယ်။ မငြိမ်မသက် ယောက်ယက်ခတ်နေတဲ့ စိတ်ကလေး ငြိမ်သက်သွားအောင် သမထကို ကျင့်ရမယ်။ စိတ်ကလေး မငြိမ်သက်ရင်ဖြစ်စေ၊ ထူးခြားတဲ့ အမြင်မရှိရင်ဖြစ်စေ နိဗ္ဗာန်ကို မရောက်နိုင်ဘူး။ နိဗ္ဗာန်ကိုရောက်နိုင်အောင် စိတ်ကလေး ငြိမ်သက်ပြီး ထူးခြားတဲ့ ဥာဏ်အမြင်ရရှိစေရန် ၀ိပဿနာကျင့်စဉ်ကိုလည်း ကျင့်ရမှာဖြစ်တယ်။ သို့သော် သမထနဲ့ ၀ိပဿနာ ကျင့်စဉ် ၂ ခုဟာ စိတ်ရဲ့ဦးတည်ရာ အာရုံချင်း မတူကြဘူး။

သမထအာရုံ
----------------

သမထရဲ့ အာရုံက အများအားဖြင့် ပညတ်ဖြစ်တယ်။ ပညတ်ဆိုတာ လူအများစုက သတ်မှတ်ပြီး
အရှိအနေနဲ့ လက်ခံထားတဲ့ အရာသာဖြစ်တယ်။ အမှန်တကယ်ရှိတဲ့ အရာမဟုတ်ဘူး။ ဥပမာ - လူတွေက ဒါ အဖြူလို့ သတ်မှတ်လျှင် အဖြူပဲ၊ အနီလို့ သတ်မှတ်လျှင် အနီ၊ အ၀ါလို့ သတ်မှတ်လျှင် အ၀ါဖြစ်တယ်။ ဒါတွေဟာ အထင်အမြင် အယူအဆမျှသာ ဖြစ်တယ်။ ဒီလို အထင်အမြင်မျှသာဖြစ်တဲ့ ပညတ်အာရုံပေါ်မှာ စိတ်ကို စုစည်းပြီး တည်ငြိမ်အောင် လုပ်တာဖြစ်တယ်။ သမထကျင့်စဉ်ဟာ အများအားဖြင့် ပညတ်အာရုံတွေမှာ အခြေပြုတာ ဖြစ်သော်လည်း ဗုဒ္ဓါနုဿတိတို့လို၊ စတုဓာတု၀၀တ္တာန် (ဓာတ်ကြီးလေးပါးခွဲခြားခြင်း)တို့လို သဘာဝအာရုံ ပရမတ်အာရုံတွေပေါ်မှာလည်း အခြေပြုတာမျိုးလည်း ရှိသေးတယ်။ သမထကျင့်စဉ်နဲ့ ရရှိလာတဲ့ သမာဓိဟာ ဥပစာရ သမာဓိ (ဈာန်ရခါနီး အဆင့်)နဲ့ အပ္ပနာ သမာဓိ (ဈာန်ရပြီး အဆင့်)လို့ ၂ မျိုးရှိတယ်။ အပ္ပနာသမာဓိတိုင်အောင် ရစေနိုင်တဲ့ ပညတ်အာရုံပေါင်း ၂၈ မျိုးရှိတယ်။

ကသိုဏ်းပညတ်
-------------------

သမထကျင့်စဉ်ကို ကျင့်မယ်ဆိုရင် ပညတ်အာရုံ တစ်ခုခုမှာ အခြေပြုရတယ်။ မြေ၊ ရေ၊ လေ၊ မီး ဆိုတဲ့ ဓာတ်ကြီး ၄ ပါးနဲ့စပ်တဲ့ ပညတ်ပေါ်မှာ အခြေပြုလို့ရတယ်။ ညို ရွှေ၊ နီ၊ ဖြူဆိုတဲ. အရောင်ပညတ်မှာလည်း အခြေပြုလို.ရတယ်။ အာကာသလို့ခေါ်တဲ့ လဟာပြင် (space ) ပေါ်မှာလည်း အခြေပြုလို့ရတယ်။ ဒီအာရုံတွေကိုလည်း ကသိုဏ်းလို့ ခေါ်တယ်။ အဲဒီ ကသိုဏ်းအာရုံတွေမှာ အခြေပြုပြီး သမထကျင့်စဉ်ကို ကျင့်လို့ရတယ်။

အာနာပါနနဲ့ ပညတ်
-----------------------

သမထကျင့်တဲ့အခါ ထွက်လေ ၀င်လေဆိုတဲ့ အာနာပါနပညတ်ကို အာရုံပြုလို့ရတယ်။ လူတိုင်း လူတိုင်းဟာ ၂၄ နာရီ စဉ်ဆက်မပြတ် အသက်ရှူနေကြတယ်။ ဒီလို ရှူထုတ် ရှူသွင်းနေတဲ့ လေကိုပဲ အခြေပြုပြီး သမာဓိ ဖြစ်ပွားအောင် ကြိုးစားရတယ်။

ဘုရားဂုဏ်တော်
--------------------

ဘုရားဂုဏ်တော်ကို ပွားပြီး သမထကျင့်စဉ်ကို ကျင့်လို့မရဘူးလား မေးရင် ရပါတယ်လို့ ဖြေရမှာပါ။ သို့သော် ဘုရားဂုဏ်တော်မှာ အခြေပြုပြီးရတဲ့ သမာဓိက ဈာန်အထိ အပ္ပနာသမာဓိအထိ မရောက်ဘူး။ ဘာကြောင့် မရောက်သလဲဆိုရင် ဘုရားဂုဏ်တော်က အလွန်လေးနက်တယ်။ ပရမတ္ထ အာရုံဖြစ်တယ်။ ဒါကြောင့် ဘုရားဂုဏ်တော်ကို အခြေပြုတဲ့ သမာဓိဟာ ဈာန်အဆင့်အထိ မရောက်ဘူးလို့ ပြောတာ။
ဘုရားဂုဏ်တော်ကို သမထကျင့်စဉ်အရ ကျင့်မယ်ဆိုရင် ဂုဏ်တော်ရဲ့ အနက်အဓိပ္ပါယ်ကို နားလည်ရမယ်။ ဥပမာ - အရဟံ ဆိုရင် ကိလေသာ ခပ်သိမ်းကို ဖယ်ရှားပြီးသော မြတ်စွာဘုရားလို့ အာရုံပြုရမယ်။ ပိုပြီး အဓိပ္ပါယ်ထင်ရှားအောင် နှိုင်းယှဉ်ပြီး စဉ်းစားရတယ်။ အော် ငါ့မှာ လောဘဆိုတာ ရှိတယ်၊ ဒေါသဆိုတာလည်း ရှိတယ်၊ မောဟဆိုတာလည်း ရှိတယ်၊ မာနဆိုတာလည်း ရှိတယ်၊ မြတ်စွာဘုရားမှာ လောဘဆိုတာလည်း မရှိဘူး၊ ဒေါသဆိုတာလည်း မရှိဘူး၊ မောဟဆိုတာလည်း မရှိဘူး၊ မာနဆိုတာလည်း မရှိဘူး၊ ကိလေသာမှန်သမျှ လုံးဝ ကင်းစင်နေပါကလားလို့ ဒီလို ယှဉ်ကြည့်ပြီး နှလုံးသွင်းရင် အရဟံရဲ့ အဓိပ္ပါယ်ဟာ ပိုပြီးပေါ်လွင်ထင်ရှားလာနိုင်တယ်။ မိမိရဲ့ စိတ်အစဉ်ဟာ ဘုရားဂုဏ်တော်ထဲ နစ်ဝင်နေရမယ်၊ ဒါမှသာ ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်း ဖြစ်မယ်။ အဲဒီလို မဟုတ်ဘဲ ဂုဏ်တော်ကို ရွတ်ပြီး ပုတီးအပေါ် စိတ်ရောက်နေပြီး ဘုရားဂုဏ်တော်အပေါ် စိတ်မရောက်ဘူးဆိုရင် ဗုဒ္ဓါနုဿတိလို့ ပြောလို့ရမှာမဟုတ်ဘူး၊ ဘုရားရဲ့ တကယ့်ဂုဏ်အရည်အသွေးတွေပေါ် အာရုံရောက်မှ ၀မ်းမြောက်မှ ပါမောဇ္ဇ ကျေနပ်နှစ်သိမ့်မှု ပီတိဆိုတာ ဖြစ်လာနိုင်တယ်

………………………..

ဝိပဿနာကျင့်စဉ်
----------------

အဲဒီတော့ သမထကျင့်စဉ် အောင်မြင်ထားတဲ့ ပုဂ္ဂိုလ်တစ်ယောက်က မဂ်၊ ဖိုလ်၊ နိဗ္ဗာန်ကို ရချင်ပါတယ်ဆိုရင် technique ပြောင်းရမယ်တဲ့။ ရှေ့က ပြောတဲ့ မီးခိုးတန်းလေးလို၊ အလင်းတန်းလေးလို အာရုံနိမိတ်ပေါ်မှာ ဆက်ပြီးတော့ မနေဘဲနဲ့ ၀ိပဿနာကျင့်စဉ်ကို ပြောင်းရမယ်။ ဈာန်မှ ၀ိပဿနာကျင့်စဉ်ကို ပြောင်းချင်ရင် ဘယ်လိုပြောင်းရမလဲ။
ပထမ အာရုံနိမိတ်ကလေးပေါ်မှာ ဈာန်ဝင်စားလိုက်တယ်။ ဈာန်ဝင်စားပြီး ဈာန်ကနေ ပြန်ထလိုက်၊ ထလိုက်တဲ့အခါ (ပြန်ထတယ်ဆိုတာ ဈာန်ဝင်စားနေတာကို ပြန်ပြီးတော့ နောက်ဆုတ်ပြီးတဲ့အခါ သူ့ရဲ့ စိတ်အခြေအနေတွေ ဆက်လက်ပြီးတော့ ဖြစ်နေတယ်ပေါ့။ လူက နောက်ဆုတ်လိုက်ပြီ၊ နောက်ဆုတ်လိုက်ပေမယ်လို့ ခုနက ဖြစ်သွားတဲ့ စိတ်တွေရဲ့ အခြေအနေတွေ ဆက်ဖြစ်နေတယ်။ ဥပမာ - လူတစ်ယောက် စိတ်ဆိုးပြီးသွားပြီဆိုရင် အဲဒီ စိတ်ဆိုးတာကို ပြန်ပြီး တွေးလို့ မရဘူးလား။ ရတယ်၊ ကိုယ်စိတ်ထဲမှာ ဘာဖြစ်သွားတယ်ဆိုတာ ပြန်စဉ်းစားလို့ရတယ်။ အဲဒါမျိုးလိုပဲ ... ဈာန်ဝင်စားတဲ့ပုဂ္ဂိုလ်တွေရဲ့ စိတ်က ဈာန်ကနေ ပြန်ထလိုက်တဲ့အခါ အဲဒီဈာန်စိတ်တွေကို အာရုံအဖြစ် အသုံးချပြီး ၀ိပဿနာရှုရတယ်တဲ့။

ဝိပဿနာကျတော့ ခုနက အလင်းတန်းလိုမျိုး ပညတ်ကို ရှုလို့မရဘူး။ အလင်းတန်းကို အာရုံပြုပြီး ဖြစ်ပေါ်နေတဲ့ ကြံစည်တာတွေ၊ စိတ်ကူးတာတွေ၊ စိတ်ကြည်နူးတာတွေ၊ ချမ်းမြေ့တာတွေ ဆိုတဲ့ဈာန်အဂါင်္တွေကို ပြန်ပြီးတော့ ရှုလိုက်တယ်။ ရှုတယ်ဆိုတဲ့အချိန်မှာ ၀ိပဿနာကို သွားတဲ့အခါ အဆင့် ၂ ဆင့်ရှိတယ်။

နံပါတ် ၁ က သဘာဝလက္ခဏာ (individual characteristic) လို့ ခေါ်တယ်။ သူ့ရဲ့ nature ကို ရှုရမယ်လို့ ပြောတာ။ အဲဒါ ဘာလဲဆိုရင် ကြံစည်တယ်ဆိုတဲ့ ၀ိတက်ရဲ့ သဘာဝကိုကြည့်လျှင် ၀ိတက်ဆိုတာ စိတ်ကလေးကို အာရုံပေါ်သို့ ပိုပေးနေပါလားဆိုတဲ့ သူ့ရဲ့ nature ကို သိရတယ်။

ဝိစာရကို ကြည့်လိုက်ရင် အာရုံနှင့်​ စိတ်ကို ချည်နှောင်ထားပါလား၊ တွဲထားပါလား ဆိုတဲ့ သူ့ရဲ့ သဘာဝကို တွေ့မယ်။

ပီတိကို ကြည့်ရင် အာရုံပေါ်မှာ နှစ်ခြိုက်နေတဲ့ သဘောပါလား ဆိုတဲ့ သူ့ရဲ့သဘာဝကို တွေ့မယ်။

သုခကို ကြည့်မယ်ဆိုရင် ကိုယ်ချမ်းမြေ့မှု၊ စိတ်ချမ်းမြေ့မှုကို ဖြစ်ပေါ်စေတဲ့ သဘောပါလားလို့ သူ့ရဲ့ သဘောကို တွေ့လိမ့်မယ်။

သမာဓိကို ကြည့်လိုက်ရင် အာရုံနှင့် စိတ်ပေါ်မှာ ငြိမ်နေအောင် လုပ်တဲ့ သဘောပါလားလို့ သူ့ရဲ့ သဘောကို တွေ့ရမယ်။ ဒါလေးတွေကို သူတိုရဲ့ သဘာဝလက္ခဏာလို့ ခေါ်တယ်။

ဝိပဿနာလမ်းကြောင်းပြောင်းတာနဲ့ တပြိုင်နက် အဲဒီ အစစ်အမှန်ဖြစ်တဲ့ သဘာဝလက္ခဏာတွေကို သိရမယ်။ ဥပမာအားဖြင့် စိတ်ဆိုးပြီးတဲ့ လူတစ်ယောက်ဟာ အော် ဒေါသဆိုတာ စိတ်ကို ယောက်ယက်ခတ်ပြီး စိတ်ကို ပူစေတတ်တဲ့ သဘောပါလား။ တည်ငြိမ်နေတဲ့ စိတ်ကို ဖျက်ဆီးတတ်တဲ့ သဘောပါလားလို့ မတွေ့နိုင်ဘူးလား။
ဒုဿတီတိ ဒေါသော တည်ငြိမ်နေတယ်ဆိုတဲ့ အနေအထားလေးတစ်ခု ပျက်သွားအောင် ဖျက်ဆီးတတ်တယ်တဲ့။ စိတ်ဆိုးတယ်ဆိုကတည်းက တည်ငြိမ်နေတဲ့ ငြိမ်းချမ်းနေတဲ့ သဘာဝလေးတစ်ခု ပျက်သွားတာလေ။ အဲဒီလို ဖျက်ဆီးတတ်တဲ့ သဘောကိုသိတာ ဒေါသရဲ့ သဘာဝကို သိတာပဲ။ လောဘဆိုရင်လည်း အာရုံပေါ်မှာ တွယ်ကပ်နေတဲ့ သဘောလေးပါလားလို့ လောဘရဲ့ သဘောကို ဒီလိုမြင်တယ်။ အဲဒီလို သဘာဝလေးတွေမှာလည်း ကိုယ်ပိုင်သဘာဝတွေ ရှိတယ်။ အဲဒီ ကိုယ်ပိုင်သဘာဝလေးတွေကို သဘာဝလက္ခဏာလို့ ခေါ်တယ်။

နံပါတ် ၂ က သဘာဝလက္ခဏာကို ကြည့်ရင်း ကြည့်ရင်းကနေ သာမညလက္ခဏာလို့ခေါ်တဲ့ အများဆိုင်တဲ့ လက္ခဏာကို တိုးချဲ့ပြီးတော့ မြင်လာတယ်။ သာမညလက္ခဏာဆိုတာ မမြဲတဲ့သဘော၊ ဆင်းရဲတဲ့သဘော၊ စိုးမပိုင်တဲ့သဘော။ အနိစ္စ၊ ဒုက္ခ၊ အနတ္တလို့ သဘာဝတွေကို သာမညလက္ခဏာလို့ ခေါ်တယ်။ (universal characteristic) ဒီလို မြင်လာပြီဆိုရင် ၀ိပဿနာဖြစ်ပြီ။ ထူးထူးခြားခြား မြင်လာတယ်လို့ ပြောတာ။

အဲဒီလို သမထကျင့်စဉ်ကနေ ၀ိပဿနာကျင့်စဉ်ကို ပြောင်းတဲ့ ပုဂ္ဂိုလ်တိုင်း ပုဂ္ဂိုလ်တိုင်း အခုလိုပဲ ပြောင်းတယ်။ အဲဒီကနေ ဆက်ပြီး ဘာတွေတွေ့သလဲဆိုရင် ဒီသဘာဝ တရားလေးတွေဟာ ဘယ်မှာ မှီပြီး ဖြစ်တာလဲလို့ စဉ်းစားလိုက်ရင် စိတ်ရဲ့ဖြစ်ပေါ်ရာဖြစ်တဲ့ နှလုံးသားကို မှီပြီး ဖြစ်တာပါလားလို့ မှီရာ ရုပ်တရားကအစ ရုပ်တရားတွေကို စဉ်ဆက်မပြတ် မြင်လာတတ်တယ်။ စိတ်ရော ရုပ်ရော ဒီ ၂ ခုစလုံး မြင်လာတယ်။ ပြီးတော့ စိတ်နဲ့ ရုပ် မတူညီတဲ့ သဘောထားလေးတွေ မြင်လာတယ်။
မြင်လာပြီး စိတ်ရော ရုပ်ရော ဒီ ၂ ခုလုံးဟာ ထာဝရတည်မြဲနေတဲ့ အရာမဟုတ်ဘူး။ ဖြစ်လာပြီးတဲ့နောက် ပျောက်သွားတယ်။ အကြောင်းတိုက်ဆိုင်လို့ ဖြစ်လိုက်တယ်။ ပေါ်ပြီးရင် ပျောက်သွားတယ်။ ပျောက်တယ်ဆိုတာ နောက်ထပ်ပေါ်မလာဘဲ ပျောက်တာ၊ နောက်ထပ်ဖြစ်တာက နောက်ထပ်အကြောင်းတစ်ခုကြောင့် ဖြစ်တာ။ အဲဒီလို စဉ်ဆက်မပြတ် ဖြစ်ပြီး ပျက်သွားတဲ့ သဘောတွေကို မြင်လာတာ အနိစ္စ၊ အဲဒီ ဖြစ်ပျက်မှုကြီးဟာ စိတ်ပျက်စရာကောင်းလောက်အောင် ဖြစ်နေတာ ဒုက္ခ၊ အဲဒီအပေါ်မှာ ကိုယ်က ဘာမှ ချုပ်ကိုင်နိုင်စွမ်းမရှိတာက အနတ္တတဲ့။ ဒီသဘောတွေကို မြင်လာတာက ၀ိပဿနာလို့ ခေါ်တယ်။ အဲဒီဝိပဿနာဥာဏ် အဆင့်ဆင့်က ပထမဆုံး ရုပ်နဲ့ နာမ်နဲ့ ခွဲတဲ့ နာမရူပပရိစ္ဆေဒဥာဏ် (ခွဲခြားပြီး သိမြင်တဲ့ဥာဏ်)၊ အဲဒီနောက် ထိုရုပ်နာမ်တွေရဲ့ ဖြစ်ပေါ်လာခြင်း အကြောင်းတရားကိုပါ တွဲဖက်ပြီး သိလာတဲ့ ပစ္စယပရိဂ္ဂဟဥာဏ်၊ ထိုနောက် ထိုရုပ်နာမ်တို့ရဲ့ မမြဲတဲ့ အနိစ္စသဘော၊ ဆင်းရဲတဲ့ ဒုက္ခသဘော (ဒီနေရာမှာ ဆင်းရဲတယ်ဆိုတာ ပိုက်ဆံမရှိလို့ ဆင်းရဲတာကို ပြောတာမဟုတ်ဘူး။ ဖြစ်ပြီး ပျက်နေတာကိုက စိတ်ပျက်စရာကြီးလို့ ပြောတာနော်)။ ဖြစ်ပျက်မှုတွေရဲ့ နှိပ်စက်မှုကိုခံနေရတဲ့ စိတ်ပျက်စရာကောင်းတာက ဒုက္ခ၊ အဲဒီလိုဖြစ်ပြီး ပျက်နေတာကို ရပ်တန့်ပစ်လို့မရဘဲ ကိုယ်မပိုင်တာက အနတ္တ။

ဒီဖြစ်မှု ပျက်မှု သဘောတွေကို အထပ်ထပ် စဉ်းစားတယ် (သမ္မသနဥာဏ)၊ ဖြစ်မှုပျက်မှု သဘောတွေကို ရှင်းရှင်းကြီး မြင်လာတယ် (ဥဒယဗ္ဗယဥာဏ)၊ တဖြည်းဖြည်းနဲ့ မြင်လာတဲ့အခါ သခါင်္ရတွေအပေါ်မှာ စိတ်ပျက်လာတယ် (ဘင်္ဂဥာဏ)၊ ကြောက်စရာလို့ မြင်လာတယ် (ဘယဥာဏ)။ ငြီးငွေ့လာတယ် (နိဗ္ဗိဒါဥာဏ)။ ဒီလိုမြင်လာတော့ စွန့်လွတ်ချင်လာတယ် (မုဉ္စိတုကမျတာဥာဏ)။ ထို့နောက် လွတ်ရာလွတ်ကြောင်း ထွက်ပေါက်ရှာလာတယ် (ပဋိသခါင်္ဥာဏ)။ ဒီလိုထွက်ပေါက်ရှာလာတော့ သခါင်္ရသဘာဝတရားတွေအပေါ်မှာ စိတ်ကလေး တည်ငြိမ်မှုကို ပြန်ရလာတယ် (သခါင်္ရုပေက္ခဥာဏ)။
အဲဒါကို ၀ိပဿနာမှာ အဆင့်မြင့်ဆုံး သခါင်္ရုပေက္ခာဥာဏ် လို့ ခေါ်တယ်။ အဲဒီ အဆင့်ကို တဖြည်းဖြည်နှင့် ရောက်သွားတယ်။

သမထနှင့် ၀ိပဿနာမှာ ၀ိပဿနာက ဘယ်ထိအောင် သွားသလဲဆိုရင် မဂ်၊ ဖိုလ် ထိအောင် သွားတယ်။ အဲဒီမှတဆင့် နိဗ္ဗာန်၊ ဒါ ၀ိပဿနာရဲ့ လမ်းကြောင်း။ သမထလမ်းကြောင်းရဲ့ လမ်းဆုံးက အဘိဥာဉ်၊ သေရင် ဗြဟ္မာဘုံ။

သမထကျင့်ပြီးတော့ ၀ိပဿနာကိုကူးတဲ့လမ်း ရှိတယ်တဲ့။ သမထကို မကျင့်ဘဲ ၀ိပဿနာတိုက်ရိုက်သွားတဲ့ နည်းလမ်းလည်း ရှိတယ်။ ဒါ့ကြောင့်မို့ ယာန ၂ မျိုးဆိုပြီး ပြထားတယ်။ ယာနဆိုတာ vehical စီးစရာယာဉ်ကလေး၊ သမထယာဉ်ကိုပဲ စီးမလား သို့မဟုတ် ၀ိပဿနာယာဉ်ကိုပဲ စီးမလား၊ ဘယ်ယာဉ်နဲ့ပဲ သွားသွားပေါ့။ သမထကို အရင်ကျင့်ပြီးမှ ၀ိပဿနာ ကျင့်တဲ့နည်း ရှိတယ်။ ၀ိပဿနာကို တိုက်ရိုက်ကျင့်တဲ့နည်း ရှိတယ်တဲ့။
ဒီနည်း ၂ နည်းစလုံးက မှန်ကန်တဲ့ နည်းတွေချည်းပဲ။ မိမိကြိုက်နှစ်သက်တဲ့ လမ်းကြောင်းက သွားလို့ရတယ်။
ဥပမာ - ရွှေတိဂုံဘုရားကြီးကို ဖူးချင်ရင် တောင်ဘက်မုခ်က တက်မလား၊ အနောက်မုခ်က တက်မလား၊ အရှေ.မုခ်၊ မြောက်ဘက်မုခ်က တက်မလား။ မရောက်ဘူးလား၊ ရောက်တာချည်းပဲ။ ဒီအတိုင်းပဲ ကိုယ်ကြိုက်တဲ့ လမ်းနဲ့ သွား၊ ကိုယ်ကြိုက်တဲ့ယာဉ်ကို စီးသွားလို့ရတယ်။
သမထကျင့်စဉ်ဆိုတာ စိတ်ကို တည်ငြိမ်အောင် လုပ်ပြီးမှ ဥာဏ်စွမ်းကို ထူထောင်တာ သဘာဝတရားများရဲ့ အနိစ္စ ဒုက္ခ အနတ္တ သဘောကို မြင်အောင် လေ့ကျင့်တာကို ၀ိပဿနာကျင့်စဉ်ခေါ်တာပေါ့။ အေး ...  ဒီ ၂ ခုစလုံးကို ဗုဒ္ဓမြတ်စွာက ဒွေမေ ဘိက္ခဝေ ဓမ္မာ ၀ိဇ္ဇာ ဘာဂိယာ မဂ်ဥာဏ်ကို ဆိုက်ထိ သွားစေနိုင်တဲ့ ကျင့်စဉ်လို့ ဟောတော်မူတာ။

ဝိဇ္ဇာဆိုတာ မဂ်ဥာဏ်ကို ပြောတာ။ (၀ိဇ္ဇာဆိုတာ ယခုခေတ်ပြောနေကြတဲ့ ၀ိဇ္ဇာတွေ ဇော်ဂျီတွေ ပြောတာမဟုတ်ဘူးနော်)။ ၀ိဇ္ဇာဆိုတာ ကိလေသာတွေကို ကုန်သွားအောင် ဖယ်ရှားပေးနိုင်တဲ့ စွမ်းရည်သတ္တိရှိနိုင်တဲ့ အသိဥာဏ်တစ်မျိုးကို ခေါ်တယ်။ အဲဒီ ကိလေသာတွေ ကုန်သွားစေတတ်တဲ့ ၀ိဇ္ဇာဥာဏ်မျိုးကို ပေါက်မြောက်သွားစေတတ်တဲ့ အကျင့် ၂ မျိုးက ဘာလဲဆိုရင် သမထနှင့် ၀ိပဿနာတဲ့။ သမထကျင့်ရင် ဘာဖြစ်လဲဆိုတော့ အတွယ်အတာ တဏှာ ရာဂ၊ အာရုံတွေအပေါ်မှာ မက်မောတဲ့ လောဘကို ဖယ်ရှားပစ်နိုင်တယ်။ အဲဒါ အကျိုးပဲပေါ့။ အင်မတန် ကြီးမားတဲ့ အကျိုးတစ်ခုပဲပေါ့။ ဒါ့ဖြင့် ၀ိပဿနာကျင့်စဉ်က ဘာပေးလဲ ဆိုတော့ ၀ိပဿနာကျင့်စဉ်ကို ကျင့်ရင် ပညာဥာဏ်တက်တယ်တဲ့။ သဘာဝကိုသိတဲ့ အသိဥာဏ်တွေ ရသွားတယ်။ ကိုယ်တိုင် ကျင့်ကြည့်လိုက်တဲ့အခါကျတော့ မမြဲတဲ့ ဆင်းရဲတဲ့ မပိုင်တဲ့ သဘောလေးတွေ ထင်ထင်ရှားရှား သိလာတယ်။ ကိုယ်တိုင်တွေ့သိရှိလာတဲ့ အသိဥာဏ်တွေ ရလာတယ်။ အဲဒါကြောင့် ၀ိပဿနာကျင့်စဉ်ဟာ အသိပညာ တိုးတက်စေတယ်တဲ့။ အသိပညာတိုးတက်တော့ ဘာဖြစ်သလဲဆိုရင် အ၀ိဇ္ဇာ ဆိုတဲ့ အမှန်မသိတဲ့ အမှောင်ကို ဖယ်ရှားပစ်နိုင်တယ်ဆိုတဲ့ အကျိုးရတယ်။

ပါမောက္ခချုပ်ဆရာတော် အရှင်နန္ဒမာလာဘိဝံသ ဟောကြားတော်မူသော သမထနှင့် ၀ိပဿနာတရားတော်မှ ကောက်နုတ်ပူဇော်ပါသည်။

မေတ္တာဖြင့်​ ...

No comments:

Post a Comment