Saturday, November 17, 2018

️ကံဆိုတာ အကြောင်းတခုပဲ

♦️ကံဆိုတာ အကြောင်းတခုပဲ♦️

🔸ဒေါက်​တာနန္ဒမာလာဘိဝံသ🔸

🔹ဘာပဲဖြစ်ဖြစ် ကံကြောင့်ချည်းလို့  မယူဆရဘူး။
ကံတခုတည်းကပဲ အကျိုးပေးတယ်၊ ကံတခုတည်းကပဲ ဆုံးဖြတ်တယ်ဆိုတဲ့ အစွန်းရောက်တဲ့ကမ္မ၀ါဒကို လက်မခံရဘူး။

🔹အစွန်းရောက်တဲ့ ကမ္မ၀ါဒဆိုတာ ပုဗ္ဗေကတဟေတုဒိဋ္ဌိ လို့ ခေါ်တယ်။ ဘာပဲဖြစ်ဖြစ် အတိတ်ကလုပ်ခဲ့လို့  ဒီဘ၀ကြုံရတာ ကံပဲလို့ ဆိုကြတယ်။ ကံကိုချည်း ပုံမချရဘူး။
ကံက အကြောင်းတခုသာလျှင်ဖြစ်တယ်။ အခြားအကြောင်းတွေ အများကြီးရှိသေးတယ်။
လူ လုပ်လို့ ရတာတွေလည်း အများကြီးရှိသေးတယ်။

🔹ကံကိုပုံချပြီး ဘာမှမလုပ်ဘဲနေတာကတော့ လုံးဝမှားတယ်။ မိစ္ဆာအယူဝါဒပဲ။ ပုဗ္ဗေကတဟေတုဒိဋ္ဌိ လို့ ခေါ်တယ်။ fatalism မျိုး။ ဘာပဲဖြစ်ဖြစ် ကံက အဆုံးအဖြတ်ပေးတယ်၊ ဒီဘ၀ဆင်းရဲတာလည်းကံပဲ၊ ချမ်းသာတာလည်းကံပဲ၊
ဒီဘ၀မှာ ဘာဖြစ်ဖြစ် ကံကြောင့်ဖြစ်တာလို့ ယူဆရင် ပုဗ္ဗေကတဟေတုဒိဋ္ဌိ ဖြစ်သွားပြီ။ ဒီအယူအဆတရပ်ဝင်သွားရင် ထိုပုဂ္ဂိုလ်ရဲ့ ကြီးပွားတိုးတက်ဖို့  လမ်းပိတ်သွားတယ်။ ဗုဒ္ဓရဲ့ ကမ္မ၀ါဒနဲ့ လည်း မညီဘူး။ မိစ္ဆာဝါဒဖြစ်သွားတယ်။ ကံကိုလက်ခံတိုင်း သမ္မာဒိဋ္ဌိမဖြစ်ဘူး။

🔹တခါတုန်းက ပုဗ္ဗေကတဟေတုဒိဋ္ဌိနဲ့  ပတ်သက်ပြီး သိဝကဆိုတဲ့  ပရိဗိုဇ်ကြီးက မြတ်စွာဘုရားကိုလျှောက်ထားဘူတယ်။ အရှင်ဘုရား၊ တချို့ က ဟောလေ့ ပြောလေ့ရှိကြတယ်၊ ဒီဘ၀မှာရတဲ့ သုခ ဒုက္ခ တွေ့ ကြုံခံစားရသမျှတွေဟာ အတိတ်ဘ၀က ပြုခဲ့တဲ့ ကံကြောင့်လို့ ပြောကြတယ်၊ ဒီအချက်ကို ရှင်ဘုရား ဘယ်လိုပြောမတုန်းတဲ့။

🔹အဲဒီအခါ မြတ်စွာဘုရားက သိဝက၊ မင်းပဲစဉ်းစားကြည့်ပေါ့၊
လောကမှာ ကိုယ်တိုင်လက်တွေ့ မြင်ရတဲ့ အကြောင်းတရားတွေ အများကြီးရှိတယ်။
ဥပမာ သည်းခြေကြောင့် ရောဂါဖြစ်တာရှိတယ်၊ အအေးထဲထွက်မိလို့ နှာစေးချောင်းဆိုးတာရှိတယ်၊ အပူမိလို့ ဖျားတာရှိတယ်၊ အဲဒီလိုတွေ အမျိုးမျိုးရှိလျက်နဲ့ ဖျားတာဟာကံကြောင့်၊ အအေးမိချောင်းဆိုးတာကလည်း ကံကြောင့်လို့ ပြောရင် လက်တွေ့ ကိုငြင်းပယ်ရာရောက်တာပေါ့။

🔹 ကံဆိုတာ အကြောင်းတခုပဲ။ ဒီလူဟာ အအေးပတ်ပြီးချောင်းဆိုးတာဟာ အအေးထဲထွက်လို့ ပေါ့၊ အပူမိပြီးဖျားတာဟာ အပူထဲထွက်လို့ ပေါ့။ ဒါတွေဟာ ပြုလုပ်တာတွေ၊ ကံနှင့်ဘာဆိုင်သလဲ။ မြတ်စွာဘုရားက တကယ့်လက်တွေ့ သမားနော်။ အကြောင်းကို ကံတခုတည်းလို့ မယူဆဘူး။ အကြောင်းတွေ အများရှိတယ်။

🔹သရက်စေ့မှ အပင်ပေါက်တာပဲကြည့်၊
မြေနဲ့ ရေနဲ့ ပေါင်းမှ အပင်ပေါက်တာ။ အကြောင်းတရားတွေ အများကြီးရှိတယ်လို့ လက်ခံရမယ်။ အဲဒါကြောင့် ဘာကြောင့်ဖြစ်ဖြစ် ကံကြောင့်သာဆိုတာကို လက်မခံရဘူး။

🔹 မြတ်စွာဘုရားရဲ့ ကမ္မ၀ါဒကို မဟာကမ္မ ၀ိဘင်္ဂသုတ်မှာ ဟောထားတယ်။ သဘာဝအားဖြင့်ပြောရရင် အကုသိုလ်ကံဟာ မကောင်းကျိုးကိုသာပေးပြီး ကုသိုလ်ကံဟာ ကောင်းကျိုးကိုသာပေးတယ်။ ဒါဟာ natural law ပဲ။ ပေးတတ်တဲ့သဘာဝကိုပြောတာ။

🔹ဆိုပါစို့  မြတ်စွာဘုရားကဘယ်လိုဟောသလဲဆိုရင် ပါဏာတိပါတ အမှုဟာ ငရဲ၌ ဖြစ်စေနိုင်တယ်တဲ့။ ဒီစကားက ပါဏာတိပါတကံ ပြုလုပ်သူတိုင်း ငရဲကျတယ်လို့ ပြောတာ မဟုတ်ဘူးနော်။
သို့ သော် ပါဏာတိပါတကံသည် အကျိုးပေးရင် အဆိုးဆုံးအနေနဲ့ ငရဲမှာ အကျိုးပေးနိုင်တယ်လို့ ဟောတာ။ ပါဏာတိပါတအမှုဟာ ငရဲ၌ ဖြစ်စေနိုင်တယ်ဆိုတာနဲ့  ပါဏာတိပါတကံပြုလုပ်သူတိုင်း ငရဲကျတယ်လို့ ဆိုတဲ့ ဒီစကားနှစ်ခုဟာ မတူဘူးနော်။

🔹အေး...တခြားဘာသာတွေက ကံနဲ့ ပတ်သက်ပြီး ဘယ်လိုဟောသလဲဆိုရင် "ယောကောစိပါဏံ အတိပါတေတိ၊ သဗ္ဗော သော အပါယိကော နေရယိကော" သူတပါးအသက်ကိုသတ်တိုင်း ငရဲကျတယ်လို့ ပြောတယ်။ definate ပေါ့။ မြတ်စွာဘုရားက အဲဒီလိုမဟောဘူး။ ပါဏာတိပါတကံသည် ငရဲ၌ဖြစ်စေနိုင်တယ်လို့ ဟောတာ။ ငရဲ၌ ဖြစ်ရမယ်လို့ မဟောဘူး။ ဘာဖြစ်လို့ လဲဆိုတော့ တခြားအကြောင်းတွေရှိသေးတယ်။ ဒီ ပါဏာတိပါတကံ တခုတည်းကို အကြောင်းလို့ ပြောလို့ မရဘူး။ တခြားအကြောင်းတွေကြောင့် ငရဲကျတာတွေလည်း အများကြီးရှိသေးတယ်။

🔹အဲဒီတော့ ပါဏာတိပါတကံ လုပ်မိရင် ဒီမကောင်းတဲ့ ပါဏာတိပါတက လွတ်ရာလွတ်ကြောင်း နည်းလမ်းမရှိဘူးလားဆိုရင်..ရှိပါတယ်။

🔹မြတ်စွာဘုရားကဟောတယ်၊ မကောင်းမှုကို မလုပ်ရဘူး။ လုပ်ရင် မကောင်းမှုကံက ဆင်းရဲဒုက္ခအကျိုးကို ပေးတယ်။ မကောင်းမှုကိုလုပ်မိတဲ့ပုဂ္ဂိုလ် စဉ်းစားရမှာက ..
ငါသည် မကောင်းမှုတော့ လုပ်မိသွားပြီ၊ လုပ်မိပြီးသားကိုပြန်တွေးပြီး စိတ်လေးနေရုံနဲ့ အဲဒါကိုပယ်ဖျက်နိုင်တာ၊ ပြုပြင်လို့ ရနိုင်တာ မဟုတ်ဘူး။ အဲဒီတော့ လုပ်မိပြီးသား ရှိစေတော့။ နောင်ကို ဒါမျိုး မလုပ်တော့ဘူး။ ကောင်းတာတွေပဲ လုပ်တော့မယ်။ ဒီလိုဆုံးဖြတ်ပြီး မကောင်းမှုရှောင်၊ ကောင်းမှုကိုသာ လုပ်ဆောင်သွားရမယ်။ အဲဒါကမှ မကောင်းကံက လွတ်မြောက်မယ့် စစ်မှန်တဲ့နည်းလမ်းပဲ။။

🔹အဂ္ဂမဟာပဏ္ဍိတ
🔹အရှင်နန္ဒမာလာဘိဝံသ(Ph.D)
🔹နိဗ္ဗာန်တံခါးကြီးဖွင့်တော်မူပါ တရားတော်မှ ထုတ်နုတ်ပူဇော်ပါသည်။

No comments:

Post a Comment