Saturday, November 17, 2018

ဘုရားမဖြေ မေးခွန်းတွေ

ဘုရားမဖြေ မေးခွန်းတွေ
----=----
{မြန်မာနိုင်ငံ၌ အလွန်ဂုဏ်သတင်း ကျော်ကြားသော
ပုဂ္ဂိုလ်တဦး၏ ဝိသုဒ္ဓိမဂ် သင်တန်းတရားကို နာကြားမိရာ
မှ ဤပို့ကို ပြန်လည်တင်ပေး ရခြင်းဖြစ်ပါ၏။

ယင်းတရား၌ မြတ်စွားဘုရားသည် ပုဂ္ဂိုလ်'သတ္တဝါမရှိ
၍ ပုဂ္ဂိုလ်'သတ္တဝါ နောက်ဘဝ ဖြစ်မဖြစ်မေး၍ ဖြေကြားတော်
မမူကြောင်း အဗျာကတ '၁၀' ချက်ကို ထုတ်ပြပါ၏။

အဗျာကတ '၁၀'ချက်သည် အတ္တသတ္တဝါကိုမေး၍ မဖြေခြင်း
ဖြစ်ပြီး သမ္မုတိသစ္စာထိုက်သော ပုဂ္ဂိုလ်သတ္တဝါ သံသရာလည်ပတ်၍
ကုသိုလ်'အကုသိုလ်ကံတို့ကြောင့် သုဂတိဘုံ'ဒုဂ္ဂတိဘုံတို့၌ လည်ပတ်
၍ဖြစ်နေကြပုံကို ဟောကြားထားသော သုတ္တန်ပေါင်း မြောက်မြားစွာ
ရှိပါလျှက် အတ္တသတ္တဝါနှင့်' သမ္မုတိသစ္စာထိုက်သော သတ္တတို့ကို
ကွဲပြားစွာ နားမလည်ဘဲ ရမ်းဟောလိုက်သောအခါ ဂုဏ်သတင်းကျော်
ကြားသော ပုဂ္ဂိုလ်များဆိုပါလျှင် မစိစစ်မဆင်ခြင်ဘဲ ပုံအပ်ပြီး လိုက်နေ
ကြသော သူများ '၁၀၀' မှာ '၈၀' ရှိပေရာ တပည့်'ဒကာမည်မျှ လမ်းလွဲသို့
ရောက်နေကြမည်ကို ပညာရှိသူများ ခန့်မှန်းကြည့်လျှင် သိနိုင်ပါ၏။

ဤကဲ့သို့ နာမည်ဂုဏ်သတင်း ကြီးသူများက မှားယွင်းစွာ ဟောကြားမိ
ပါလျှင် နောက်မှလိုက်၍ ပြုပြင်ရန်ပင် ခက်ခဲသွားတတ်ပါ၏။
ဘုရားရှင် မဟောကြားသည်ကို ဟောကြားသကဲ့သို့ ဟောမိပါလျှင်သာသနာ
ကို ကွယ်အောင်လုပ်ရာကျပြီး အပြစ်များစွာကိုလည်း ဆည်းပူးမိရာရောက်ပါ၏။

အောက်မှကူး၍တင်ပေးထာသော ထေရဝါဒမှတ်ကျောက်များနှင့် စစ်ဆေးကာ
အမှားအမှန်ကို စိစစ်နိုင်ကြပါစေရန်သာရည်ရွယ်ပါ၏။
မည်သူ့ကိုမှထိခိုက်စေလို၍ မဟုတ်ကြောင်းကိုလည်း သိစေအပ်ပါ၏။}

လောက၌လူအများစုသည် စိစစ်ဝေဖန်မှုအားနည်းကြ
ပြီး အများနောက်သို့ ရောယောင်ပြီး လိုက်နေကြသူသာ များပါ၏။

နာမည်ဂုဏ်သတင်းကျော်ကြားသော ပုဂ္ဂိုလ်ဆို
လျှင်ကား လုံးဝမစိစစ်ကြတော့ဘဲ ပုံအပ်လိုက်ကြပါတော့
၏။

ဘုရားရှင်မဟောကြားပါဘဲနှင့် မိမိတို့ဝါဒခိုင်မာ စေရန် ဘုရားဟောပါဟု ပြောနေကြသော ပုဂ္ဂိုလ်များကိုလည်း တွေ့နေရပါ၏။

'၃၁' ဘုံကိုလက်မခံသူများက မိမိတို့ဝါဒခိုင်မာ
စေရန် '၃၁' ဘုံဝါဒဗုဒ္ဓလက်မခံဟု ဆိုကြပါ၏။

ရှေးဘဝနောက်ဘဝကို မယုံသူများကလည်း
ရှေးဘဝ နောက်ဘဝ ဗုဒ္ဓမဝေဖန်ဟု ဆိုကြပါ၏။

ငါ'သူတစ်ပါး'ပုဂ္ဂိုလ်'သတ္တဝါ' ရှိသည်ဟုယူ လျှင် 'သက္ကာယဒိဋ္ဌိ'ဖြစ်သည် သတ္တဝါသေ၍ ဖြစ်သည်ဟုယူလျှင် 'သဿတဒိဋ္ဌိ'မဖြစ်ဟုယူလျှင်' ဥစ္ဆေဒဒိဋ္ဌိ'ဖြစ်သည်ဟုအယူရှိသူများကလည်း သတ္တဝါရှိသည်ဟုယူလျှင် ''သက္ကာယဒိဋ္ဌိ''သောကြောင့် သတ္တဝါသေ၍ နောက်ဘဝ၌ ဖြစ်သည်
ဟုဆိုလျှင် ''သဿတဒိဋ္ဌိ''မဖြစ်ပါဟုဆိုလျှင်''ဥစ္ဆေဒဒိဋ္ဌိ''ဖြစ်
မည်စိုး၍ ဗုဒ္ဓသည် သတ္တဝါသေ၍ နောက်ဘဝဖြစ်'မဖြစ် မေး၍ ဖြေကြားတော်မမူပါ ဟူ၍ဆိုကြပါ၏။

မိမိတို့၏ဝါဒ ခိုင်မာစေရန်အတွက် ဘုရားရှင်ကိုခုတုံး လုပ်ကြခြင်းသာဖြစ်ပါ၏။

ဘုရားရှင်သည် ရုပ်နာမ်နှစ်ပါး ရှိသည်ဟုလည်း ဟောကြားတော်မူပြီး ' '၃၁'ဘုံရှိသည်ဟုလည်း ဟောကြားတော်မူပါ၏။

သတ္တဝါတို့၏ ရှေးဘဝ'နောက်ဘဝများကို ဝေ
ဖန်၍ဟောကြားထားသော သုတ္တန်ပေါင်း မြောက်မြားစွာ ရှိ
ပါ၏။

ပိဋကတ်မြန်မာပြန်များ ရှိနေပြီဖြစ်ရာ ပါဠိစာပေမတတ်သူများပင် ဖတ်ရှုကြလျှင် သိနိုင်ပါ၏။

ငါ'သူတစ်ပါး'ပုဂ္ဂိုလ်'သတ္တဝါ ရှိသည်ဟုယူခြင်း သည် 'သက္ကာယဒိဋ္ဌိ'မဟုတ်ဘဲ အတ္တကောင်'ဝိညာဉ်ကောင်'
လိပ်ပြာကောင်'(soul) ရှိသည်ဟုယူမှ 'သက္ကာယဒိဋ္ဌိ'ဖြစ်ပြီး
ဝိညာဉ်ကောင်'လိပ်ပြာကောင် နောက်ဘဝသို့ ပြောင်းပြီး
ဖြစ်'မဖြစ်ယူလျှင် သဿတ'ဥစ္ဆေဒဒိဋ္ဌိ ဖြစ်ပါ၏။

ပရမတ္ထကိုဦးစာပေး၍ ဟောကြားထားသော အဘိဓမ္မာ '၇'ကျမ်း၌ပင် ပုဂ္ဂလပညတ်ကိုထည့်၍ ဟောကြားတော်မူပါ၏။

ပုဂ္ဂလပညတ် သမ္မုတိသစ္စာသာ မရှိလျှင်
သတ္တလောကကြီးသည် ရှုပ်ထွေးသွားပြီး တိရစ္ဆာန်များနှင့်
မခြား ဖြစ်သွားပေလိမ့်မည်။

မြတ်စွာဘုရားသည် ရုပ်နာမ်နှစ်ပါးရှိသည်ဟု
ပရမတ္ထဒေသနာကိုလည်း ဟောကြားတော်မူပြီး ပုဂ္ဂိုလ်'
သတ္တဝါ ရှိသည်ဟု သမ္မုတိသစ္စာ ဒေသနာကိုလည်း
ဟောကြားတော်မူပါ၏။

သတ္တဝါတို့ကံအားလျှော်စွာ ဘဝပေါင်းများစွာ ကျင်လည်၍ ဖြစ်ကြပုံ တို့ကိုလည်း ဟောကြားတော်မူသည်ပါ၏။

ဘုရားရှင်သည် အတ္တကောင်'ဝိညာဉ် လိပ်ပြာ
ကောင် ရှိသည်ဟု မည်သည့်အခါမှဟောကြားတော် မမူပါ
အတ္တကောင်'ဝိညာဉ် လိပ်ပြာကောင် နောက်ဘဝသို့ ပြောင်း'မပြောင်း မေးလျှင်လည်း ဖြေကြားတော်မမူပါ။

အမှားကြာလာ၍ လိုက်နာသူများနေသော ဝါဒမှားများကို တိုက်ဖျက်ရန်မှာ မိမိမှာအင်အားလိုသည်ကိုလည်းသိပါ၏။

အုံနှင့်ကျင်းနှင့် ရသည့်ဘက်မှ မိမိတို့ဝါဒ ခိုင်မာ စေရန် အတိုက်အခံလုပ်ကြမည်ကိုလည်း သိပါ၏။

မည်သို့ပင်တိုက်ခိုက်ကြသည်ဖြစ်စေ ကြံ့ကြံ့ခံ၍
အမှန်တရားများကို ဖေါ်ထုတ်တင်ပြသွားမည်သာ ဖြစ်ပါ၏

အမှန်တရားများသည် ပျောက်ကွယ်၍မသွား
သေးပါ အမှားဝါဒများ အားကောင်းနေ၍ ဖုံးကွယ်ခံနေ ရခြင်းသာဖြစ်ပါ၏။

စာရေးသူ၌ သက္ကာယဒိဋ္ဌိနှင့် ပတ်သက်သော စာ
အုပ်ပေါင်းများစွာ ရှိနေပေရာ မိမိတင်ထားသည်များကို တာဝန်ယူပြီး စောဒကတက်သူများကို ဖြေရှင်းပေးနိုင်ရန်အတွက် မည်သူမဆို ဖုန်းနှင့်ဆွေးနွေးနိုင်ပါသည်ဆိုပြီး 'ပို့စ်' တစ်ခုတင်တိုင်း ဖုန်းနံပါတ်နှင့်တကွ တင်ပေးထားပါ၏။

စာရေးသူသည်လည်း ယခင်ကဆိုလျှင် ငါ'သူတစ်
ပါး'ပုဂ္ဂိုလ်'သတ္တဝါ ရှိသည်ဟုယူလျှင်သက္ကာယဒိဋ္ဌိ ပရမတ်
ဟူသည်သဏ္ဌာန်မှကင်းသည် သဏ္ဌာန်မြင်နေလျှင် အမှား
မြင် မာ'တင်း'မွ'ရွစသော သဘော လက္ခဏာ(အတ္ထပညတ်)
ကိုပင် ပရမတ်ဟူ၍ ယူလာသူသာဖြစ်ပါ၏။

ဝိနိစ္ဆယများနှင့်တကွ စာပေများကို သေချာစွာ
ဖတ်ရှုရသောအခါ၌ကား အမှားဝါဒများကို စွန့်လွှတ်လိုက်ပါ၏။

မိမိသည်သည်လည်း အမှားဝါဒများကို ယူခဲ့သူ
ဖြစ်ရာ အမှားဝါဒစွဲနေသူများကို အနည်းငယ်ရှင်းပြ၍ နားလည်နိုင်မည် မဟုတ်သည်ကိုသိ၍ အကျယ်ရှင်းပြနိုင်ရန်အတွက် ဖုန်းနှင့်ဆွေးနွေးနိုင် ပါရန် 'ပို့စ်'တစ်ခုတင်တိုင်း ဖုန်းနံပါတ်ထည့်ပေးထားပြီး (ဆံစဉ်ရာ ကျည်ပွေ့မလိုက်နိုင်ပါ)ဟု ဆိုရခြင်းသာဖြစ်ပါ၏။

ဆက်လက်၍လည်း အထောက်အထား များစွာဖြင့်
(သက္ကာယဒိဋ္ဌိ)အကြောင်းကို တင်ပေးသွားပါဦးမည်။

(သမ္မာဒိဋ္ဌိ)အယူမှန်ကိုရရန်မှာ တရားမှန်ကို
ကြားနာရခြင်းနှင့် အသင့်အတင့်နှလုံးသွင်းခြင်း ပင်ဖြစ်ပါ၏။

တရားမှန်ကို မည်မျှကြားနာရပါစေ ရိပ်သာ(စခန်း)စွဲ'ဆရာစွဲ မိမိအယူ မှား
ပါသည်ဟု ဆိုလျှင် မိမိ၏ဂုဏ် ကျဆင်းမည် စသော အစွဲတရားများနှင့် မသင့်မတင့် နှလုံးသွင်းမိလျှင်ကား အကုသိုလ်ပင်
ဖြစ်သွားနိုင်ပါ၏။

သူတော်ကောင်းစိတ်ထားပြီး အမှားအမှန်ကို စိ စစ်၍ မှားမှန်းသိလျှင် ပြုပြင်ကြရပါမည်။

(သို့သော်-တရားသမားပါဟု ဆိုသူများ၌ပင် သူတော်ကောင်း စိတ်
များ ပျောက်ကွယ်နေကြသည်ကိုလည်း တွေ့နေရပါ၏။)

{ဝိနိစ္ဆယများနှင့်တကွ တိပိဋကဓရ ဝိစိတ္တသာရာ
ဘိဝံသ ဆရာတော်ဘုရား၏ အဆိုအမိန့်များကို စာရေးသူ၏ အပ္ပမာဒ မဂ္ဂဇင်း၌လည်း ပါရှိပြီးဖြစ်၍ 'သက္ကာယဒိဋ္ဌိ'စာအုပ် အဖြစ်နှင့်လည်း ထုတ်ဝေထားသည်မှ ကူးယူ၍လည်းတင်ပေးလိုက်ပါ၏။}

[ ဆန်စဉ်ရာ ကျည်ပွေ့မလိုက်နိုင်ပါ]

(မည်သူမဆိုဖုန်းနှင့်ဆွေးနွေးနိုင်ပါသည်)

ph 09421714337

No comments:

Post a Comment