အိုခြင်း၊ နာခြင်း၊ သေခြင်း
++++++++++++++++
ဤ(၃)မျိုး၌
သတ္တဝါအားလုံး ပြေးမလွတ်ပါ
ထိုကြောင့် ဖြစ်ခြင်း၊ ပျက်ခြင်းအား
ဝင်လေ၊ ထွက်လေဖြစ် သံဝေဂယူပါ
သတ္တဝါမှန်ရင် ဝဋ်ကြွေးရှိပြီးသားမို့
နောင်သံသရာအထိ မသယ်သင့်ပါ
ဒုက္ခဟူသမျှ သုခမှတ်ယူ၍
စိတ်နှလုံးအား တရားရိပ်၌ ခိုလုံစေချင်သည်
အမှားရှိရင် ပြင်ပါ
အပြစ်ရှိရင် ပေးဆပ်ပါ
ဤခန္ဓာအား အစွဲမထားပါနှင့်
မိမိစိတ်ကိုမိမိ တည်ငြိမ်အောင်
မိမိစိတ်ကိုမိမိ အနိုင်ယူပါ
အမုန်းကင်းစင်အောင် နေပါ
အငြိုးအာဃာတ မထားပါနှင့်
ဘယ်အရာမှ မမြဲပါဘူး
''ကံ'' အကျိုးပေးကြောင့် ဤဘဝမှာ
လူလာဖြစ်သည့် အတွက် လူစိတ်ပဲ မွေးမြူပါ
ပေးကမ်းခြင်းဖြင့် စေတနာထားစေချင်သည်
သနားကြင်နာခြင်းဖြင့် ကူညီရိုင်းပင်းစေချင်သည်
လောဘ၊ ဒေါသ၊ မောဟ၊ တွေနဲ့
ကျင်လည် ကျက်စားနေသ၍
သောက တွေကိုပဲ ပိုက်ပြီးတော့
သံသရာခရီး ဆက်နေရအုံးမည်
ဘဝကို နောင်တမရှိဘဲ ဖြစ်သန်းစေချင်ပါသည်
ပြင်ချိန် တန်ပြီမို့ ပြင်ဆင်ပါတော့
အချိန်တန်ရင် လာရာလမ်းကို ပြန်ရမှာမို့
ဝဋ်ကြွေးများ ကျေပါစေလို့ ဆုတောင်းမေတ္တာပို့လိုက်ပါသည်။
No comments:
Post a Comment