Wednesday, November 14, 2018

️ဒါန၊သီလနဲ့ပဲ ကျေနပ်​နေကြတော့မှာလား

♦️ဒါန၊သီလနဲ့ပဲ ကျေနပ်​နေကြတော့မှာလား♦️

🔸ဝေဘူဆရာတော်​ဘုရားကြီး🔸

🔹၁၉၇၃-ခုနှစ်၊ တနေ့ သောအခါ မိတ္ထီလာမြို့ဘက်မှ အထက်ဘက်သို့  ဘုရားဖူးထွက်လာသော စစ်ကာကြီးငါးစီးသည် လူအပြည့်တင်ကာ လိုက်ပါခဲ့ပြီး ဝေဘူချောင်သို့  ဆရာတော်အား ၀င်ရောက်ဖူးမျှော်ကြသည်။ ဘုရားဖူးအဖွဲ့ ခေါင်းဆောင် တပ်ကြပ်ကြီးတယောက်လည်း ပါလာ၏။ ခရီးသွားဘုရားဖူးများကို ငါးပါးသီလချီးမြင့်ပြီးနောက်...

🔹"ဘယ်မြို့ ကလဲဗျာ"

🔹"မိတ္ထီလာမြို့ ကပါဘုရား"

🔹''အဝေးကြီးပဲ၊ ၀ီရိယကောင်းပါ့ဗျာ"

🔹"မဝေးလှပါဘုရား၊ စစ်မှုထမ်းမိသားစုတွေ အထက်ဗမာပြည် ဘုရားဖူးရင်း ဆရာတော်ကို ဖူးမြင်လိုတာကြောင့် ၀င်လာကြတာပါဘုရား"

🔹"ကောင်းပါ့ဗျာ...ဘာနဲ့ လာကြသတုန်း"

🔹"မော်တော်ကားနဲ့ ပါဘုရား''

🔹"အေး...လိုရာခရီးရောက်အောင် ပို့ ပေးတဲ့ယာဉ်ရထားဆိုတာကလည်း ကိုယ့်မိတ်ဆွေ၊ ကိုယ့်ကျေးဇူးရှင်ပဲ။ သူ့ ကိုလည်း ဂရုစိုက်ဗျ၊ ဂရုစိုက်"

🔹"မှန်လှပါဘုရား"

🔹ဘုရားဖူးတပ်မိသားစုသည် ဝေဘူချောင်တွင်း လှည့်လည်ကြည့်ရှုကြပြီးနောက်​ ဆရာတော်အားနုတ်ဆက်ကန်တော့ကြသည်။

🔹"အောင်ပါပြီဗျာ၊ ယာဉ်ရထားကိုလည်း ဂရုစိုက်ဗျ၊ ဂရုစိုက်"

🔹ဝေဘူဆရာတော်က ယာဉ်ရထားကို ဂရုစိုက်ရန် နှစ်ကြိမ်တိုင်တိုင် သတိပေးမိန့် ကြားခြင်းကြောင့် ဘုရားဖူးအဖွဲ့ ခေါင်းဆောင် တပ်ကြပ်ကြီးက ယာဉ်မောင်းများအား မော်တော်ကားများကို ဝေဘူချောင်မှ မထွက်ခွာမီစစ်ဆေးစေခဲ့သည်။ ရှေ့ ဆုံးမှထွက်လာသောမော်တော်ကားတွင် ခွတ်ယွင်းမှုကိုတွေ့ ရှိခဲ့လေသည်။ ညာဘက်ဘီး၌ နပ်ခေါ်မူလီများမှာ နှစ်ခုသာရှိတော့ပြီး ဘီးမှာ နဲ့နဲ့သာရှိတော့၏။

🔹ဆရာတော်သတိပေးစကားကို အမှုမဲ့ အမှတ်မဲ့ သဘောထား၍ မော်တော်ကားကို စစ်ဆေးမှု မပြုခဲ့သော် လိုက်ပါလာကြသူများမှာ သေကျေပျက်စီးဖွယ်ရာ ရှိပေသည်။ အနာဂတံသ အဘိဉာဉ် တန်ခိုးဖြင့် သတိပေးနှိုးဆော်ခဲ့ခြင်းမှာ အရိယာပုဂ္ဂိုလ်ကြီးများ၏ သတ္တ၀ါတို့ အပေါ် သနားဂရုဏာစိတ်ကြောင့်ပင် ဖြစ်ပါသည်။

🔹စုန်းကဝေမကြီး၏ ဆွမ်းဟင်းတခွက်🔹

🔹တနေ့ တွင် အမျိုးသမီးကြီးတယောက်သည် သာမာန်ဆွမ်းဟင်းခွက် ငါးမျိုးဖြင့် ဝေဘူဆရာတော်အား နေ့ ဆွမ်းလာကပ်သည်။ ဆရာတော်သည် ဟင်းခွက်ပေါင်းတရာကျော်ဖြင့် ဘုန်းပေးရသောအခါ၌လည်း လူတို့ ၏ သဒ္ဓါတရားကိုငဲ့ကွက်၍ ချီးမြှောက်သောအားဖြင့် ဟင်းခွက်စေ့အောင် နှိုက်ယူဘုန်းပေးတတ်ပါသည်။ သို့ သော်လည်း ထိုအမျိုးသမီးကြီးလာကပ်သော လင်ပန်းထဲမှ ဟင်းခွက်များကိုမူ အာလုံးကို မနှိုက်ယူဘဲ တခွက်ကိုကား ချန်ထားခဲ့သည်။ လူတို့ ၏ သဒ္ဓါပန်းကို မညှိုးနွမ်းစေဘဲ ချီးမြှောက်လေ့ ရှိပါလျှက် အဆိုပါ အမျိုးသမီးကြီး၏ လင်ပန်းထဲမှ ဟင်းတခွက်ကို အဘယ်ကြောင့် ဘုဉ်းပေးခြင်းမပြုဘဲ ချန်ထားခဲ့သနည်း။ ဤသည်ကို မြင်တွေ့ နေကျ လူပုဂ္ဂိုလ်များအတွက် အထူးအဆန်းဖြစ်နေသည်။
ထို့ ပြင်မေ့လျော့သွားခြင်းကြောင့် ချန်ထားခဲ့ခြင်းလော၊ အကြောင်းတခုခုကြောင့် တမင်သက်သက်ချန်ထားခဲ့ခြင်းလောဟူ၍လည်း တွေးတောဖွယ်ဖြစ်နေသည်။

🔹အဖြေတခုတွေ့ ရှိရပါသည်။ ထိုအမျိုးသမီးကြီးသည် မိမိ၏လင်ပန်းကို ဟင်းပန်းကန်များနှင့်တကွ သိမ်းယူပြီးနောက် ပြန်တော့မည့်ဟန်ပြင်နေရင်းကပင် ဝေဘူဆရာတော်အား "တပည့်တော်မ၏ ပြုမူပြစ်မှားခြင်းကို ခွင့်လွှတ်သနားတော်မူပါဘုရား" ဟု လက်အုပ်ချီကန်တော့၍ ပြန်လည်ထွက်ခွာသွား၏။ စင်စစ် ထိုအမျိုးသမီးကြီးသည် မကောင်းသောအကြံအစည်ဖြင့် ဝေဘူဆရာတော်အား ပြုစားရန် ရောက်ရှိလာသော စုန်းကဝေမကြီးပင်ဖြစ်ပေသည်။

🔹အကြောဝိဇ္ဇာ၏စမ်းသပ်ချက်🔹

🔹တနေ့ သောအချိန်ကာလ၌ ဝေဘူဆရာတော်အား မိမိတဦးတည်း နှိပ်နယ်ဝတ်ဖြည့်၍ ကုသိုလ်ယူလိုပါသည်ဟုဆိုသော ဖြူးမြို့ ဘက်မှ အကြောဝိဇ္ဇာ(အနှိပ်သည်)တဦးသည် ဝေဘူချောင်သို့ ရောက်ရှိလာ၏။

🔹ထိုသူသည် "ဝေဘူဆရာတော်ရဟန္တာဟုတ်၊ မဟုတ်" သူ၏ အနှိပ်ပညာဖြင့် စမ်းသပ်အကဲခတ်လိုသောကြောင့် ဝေဘူချောင်သို့ ရောက်လာခြင်းဖြစ်သည်။

🔹ညပိုင်းတွင် ရဟန်းများကို ဆုံးမသြ၀ါဒပေးပြီးသောအခါ ၀တ်ဖြည့်ကြရန်အတွက် အခြားပုဂ္ဂိုလ်များနှင့် ရဟန်းများက ဆရာတော်၏အနီး၌ အသင့်ရှိနေကြ၏။ အကြောဝိဇ္ဇာဆိုသူကိုပင် နှိပ်နယ်ဝတ်ဖြည့်ဖို့  ဦးစားပေးခဲ့ကြသည်။

🔹အကြောဝိဇ္ဇာက ဆရာတော်အား ၀မ်းလျားမှောက်ချီ ၊ လှန်ချီ ပြုစေ၍ သူ၏အတွင်းအားများကို အစွမ်းကုန်ထုတ်ကာ ပြင်းပြင်းထန်ထန်နှိပ်နယ်၏။ ချိုးဖဲ့၏။ ဆရာတော်ကား အနည်းငယ်မျှ မလှုပ်၊ နာကျင်ပုံလည်းမရ၊ နှုတ်မှလည်း ကျွတ်...ကျွတ်ဟု စုတ်သပ်ငြီးတွားခြင်းမပြု။

🔹ထိုအကြောဝိဇ္ဇာဆိုသူသည် သူကိုယ်တိုင်လည်း အားကုန်ထုတ်၍ နှိပ်နယ်ချိုးဖဲ့ရသောကြောင့် ချွေးများယိုစီး၍ မောပန်းနေ၏။ ဆရာတော်၏ခြေအစုံကို နဖူးဖြင့်ထိ၍"တပည့်တော် အကဲခတ်မှာနေပါတယ်ဘုရား၊ ခွင့်လွှတ်တော်မူပါ" ဟု အကြိမ်ကြိမ် တောင်းပန်လျှောက်ထား၍ စံကျောင်းတော်ပေါ်မှ အဆောလျင်စွာ ထွက်ခွာဆင်းသွားပါတော့သည်။

🔹ဆရာတော်၏အနီးတွင် စောင့်ကြပ်၍ အကြောဝိဇ္ဇာကို အကဲခတ်နေသော ရဟန်းများနှင့်လူပုဂ္ဂိုလ်တို့ အနက် နှုတ်သွက်လျှာသွက် လူပုဂ္ဂိုလ်တဦးက "ကဲ..ဘယ့်နှယ်ရှိစ" ဟု မေးသောအခါ "ကျုပ်တို့ ပညာက အလကားပါဗျာ၊ ရဟန္တာကိုမဆိုထားဘိ၊ လူထဲမှာတောင် သုံးလို ရမှာမဟုတ်တော့ပါဘူး" ဟုအနှိပ်သည်(အကြောဝိဇ္ဇာ)က ဖြေဆိုသွား၏။

🔹၁၉၇၄-ခုနှစ်၊ ဖေဖေးဝါရီလ ၁၃၃၅-ခုနှစ် တပေါင်းလတွင် ဝေဘူဆရာတော်သည် ရွှေဘိုမြို့ အောင်မြေရိပ်သာ ကမ္မဋ္ဌာန်းကျောင်းတိုက်၌ သီတင်းသုံးတော်မူ၏။ ထို တပေါင်းလဆန်းခြောက်ရက်နေ့ ၌ ဆရာတော်၏၀ိဇာတမင်္ဂလာ ပူဇော်ပွဲကျင်းပရာ အလွန်ပင်စည်ကားလှပါသည်။

🔹နံနက်ပိုင်းတွင် ဆွမ်းလောင်း၍ ညနေပိုင်းတွင်း ဆွမ်းဆန်စိမ်းလောင်းလှူကြ၏။ အောင်မြေရိပ်သာကမ္မဋ္ဌာန်းကျောင်းရှိ သံဃာများအပြင် ကျေးရွာအသီးသီးမှ ပင့်သံဃာများလည်း ကြွရောက်လာကြ၏။ ကြည်ညိုသူ ပူဇော်သူ ပရိသတ်အင်အားမှာလည်း နှစ်သောင်းကျော်ခန့် ရှိသဖြင့် မွေးနေ့ ပူဇော်ပွဲသည် စည်ကားသိုက်မြိုက်ခြင်းဖြစ်၏။

🔹မွေးနေ့ပူဇော်ပွဲအပြီး နောက်တနေ့ ညနေပိုင်းတွင် ဒုလ္လဘရဟန်းခံ ဥပသမ္ပဒကံဆောင်ခြင်းကိစ္စတခုကို
ပြုလုပ်ခဲ့သည်။ သိမ်ထဲတွင် ဆရာတော်က ရဟန်အသစ်ကို ဆုံးမသြ၀ါဒပေးစဉ်...

🔹"ငါ့ရှင်ပဉ္စင်းသစ်၊ သင့်ကို ဒကာမတစုနှင့် အဆိပ်ပြင်းသောမွေပွေး၊ မွေဟောက်တစုတို့ က အပြိုင်အဆိုင်ဆွမ်းပင့်လာခဲ့လျှင် ဘယ်ဘက်ကိုလိုက်မလဲ " ဦးပဉ္စင်း ဟု မေးမြန်းရာ...

🔹"ဒကာမတွေဘက်ကိုလိုက်မှာပါဘုရား" ဟု ရဟန်းသစ်ကဖြေကြား၏။

🔹"မွေဆိုးမွေဟောက်နောက်ကို လိုက်သွားလို့  အကိုက်ခံရရင် ဆေးကုလို့ ရနိုင်သေးတယ်၊ ကုမရတောင် ဒီဘ၀တခုမှာပဲ သေရမှာ၊ ဒကာမတွေနောက် လိုက်သွားလို့ ကတော့ တသံသရာလုံး ဆင်းရဲဒုက္ခရောက်ပြီ ဦးပဉ္စင်း" ဟု ဆုံးမတော်မူ၏။🙂🙂

🔹၁၉၇၅-ခုနှစ်၊ အောက်တိုဘာလတွင် ဝေဘူချောင်သို့ တရားအားထုတ်ရန် ရပ်ဝေးမှ ပုဂ္ဂိုလ်တဦးရောက်ရှိလာသည်။ ထိုပုဂ္ဂိုလ်သည် သူ့ ကိုယ်သူ ထူးခြာမှုတခုရရှိသကဲ့သို့  အထင်ရောက်နေ၏။ သူ၏ အမူအရာကလည်း တခုခုကိုသာ စူးစူးစိုက်စိုက်ဖြစ်နေသောကြောင့် အခြားပုဂ္ဂိုလ်များက ထိုသူ့ ကို"ကြောင်တောင်တောင်၊ ပေါတောတော" လူဟု ထင်မြင်နေကြဟန်ရှိပေသည်။

🔹ထိုပုဂ္ဂိုလ်သည် ဆရာတော်၏ အရိပ်အာဝါသကိုခိုလုံနေရပါ၍ မှန်ကန်သောအကျင့်ကို ကျင့်ကြံတတ်ရန် အားထုတ်တတ်ရန် အလွန်အရေးကြီးသည် ဟု ဆင်ခြင်သုံးသပ်မိပြီး ဆရာတော်ထံသွား၍...

🔹"ဆရာတော်ဘုရား...၊ ခုတလော တပည့်တော်စိတ်ထဲမှာ မြင်သမျှကိုလည်းမလိုချင်၊ မတပ်မက်၊ ကြားသမျှကိုလည်းမနှစ်သက် ဖြစ်နေပါတယ်ဘုရား"

🔹"အေ...မလိုချင် မတပ်မက်၊ မနှစ်သက်ဆိုတာကိုထားပါဦး၊ မြင်ရခိုက်မှာယောက်ျားပဲ၊ မိန်မပဲလို့ သိနေသေးတာပဲမဟုတ်လား"

🔹"ဒီလိုတော့ဖြစ်နေဦးမှာပါဘုရား"

🔹"ထားပါဦး၊ ဂန္ဓာရုံတို့၊ ရသာရုံတို့ ကော ဘယ်လိုဖြစ်နေသလဲဗျ၊
ဟို ပန်းနံကလေးကမွှေးလိုက်တာ၊ဒီဟင်းအရသာကကောင်းလိုက်တာလို့ ဖြစ်နေတုန်းတူပါရဲ့ "

🔹"ထင်ထင်​ရှားရှား ကျန်ပါသေးတယ်ဘုရား"

🔹"ဆိုပါတော့ ဥပုသ်သည်တယောက်ဟာ ပဲရယ်၊ ဆီရယ်၊ ဆားရယ်၊ ထမင်းရယ် ရောနှောနယ်ပြီးစားရာမှာ ပဲကိုမကြိုက်တာနဲ့ တင် တပ်မက်မှုကင်းပြီလို့ ယူဆနေရင် ဘယ်ဖြစ်မလဲ၊ ဆီအနံ့ လေးကမွေးတယ်၊ ဆားနဲ့ဆိုပိုအရသာရှိတယ်လို့ ထင်နေသမျှ ဘယ်မှာဟုတ်တော့မှာလဲ၊ အားလုံးရှင်းမှ အ၀ိဇ္ဇာကင်းမှာဒကာကြီး"

🔹ဤသည်ကား ဝေဘူဆရာတော်ကြီး၏ သြ၀ါဒတရားစကားဖြစ်သည်။ စင်စစ် မိမိမလိုချင်သည့် အဆင်းရူပါရုံတွေကိုသာ ဆက်တိုက်တွေ့ နေပြီး၊ မိမိနှစ်သက်သည့် ရူပါရုံကို တဒင်္ဂမျှ မတွေ့ ရရုံမျှဖြင့် ရူပတဏှာ ကင်းကွာပြီဟု ယူဆ၍မဖြစ်၊ မိမိမကြိုက်သော သီချင်းသံကိုကြားသဖြင့် သဒ္ဒတဏှာရှင်းပြီဟု ထင်မှတ်နေခြင်းသည် မသင့်လျော်ချေ။

🔹တနေ့ တွင် ဒုလ္လဘတရားငါးပါးကိုဟော၏။ ထို ဒုလ္လဘတရားငါးပါးကို ထီထိုးထားသူတယောက် ထီလက်မှတ်ပါ ဂဏာန်းခြောက်လုံးအနက် ငါးလုံး တိုက်ဆိုင်နေသည်နှင့်တူကြောင်းကို ဟောပြသွား၏။

🔹ဒုလ္လဘဆိုတာ ရခဲတယ်မဟုတ်လား။

🔹မှန်လှပါဘုရား။

🔹ထီပေါက်ဖို့ ကလဲ မခဲယဉ်းဘူးလား

🔹ခဲယဉ်းကြောင်းပါဘုရား။

🔹ဒါတောင် ငါးလုံးထဲ တိုက်နေ တူနေလို့  ထီပေါက်မှာမဟုတ်သေးဘူး၊ နောက်ဆုံး ခြောက်လုံးမြောက်ဂဏာန်းပါတူရမယ်၊ တိုက်ဆိုင်ရမယ်ဆိုတော့ ရှေ့ ငါးလုံးက ဒုလ္လဘတရားငါးပါး၊ နောက်ဆုံးက ၀ီရိယတပါးပါမှသာ လိုရာရမှာဗျာ့။

🔹ဝေဘူဆရာတော်ကား မိမိထံရောက်လာသမျှသော ရဟန်းရှင်လူတို့ အား အမျိုးမျိုးအဖုံဖုံနည်းလမ်းပြ သွန်သင်ဆုံးမလေ့ရှိသည်။ သို့ ပါလျက် အသိခေါက်ခက် အ၀င်နက်သော လူ့ ဗာလတို့ သည်လည်း များစွာရှိနေပေသေးသည်။အတိတ်ကံမပါလို့ ပါရမီမရှိလို့  ဟု ဆင်ချေအမျိုးမျိုးပေးနေတတ်ကြပြန်၏။

🔹ဒါနနဲ့ ဆိုတော်လောက်ပါပြီ၊ သီလလုံရင်လည်း ကျေနပ်ပါပြီ ဟု ဆိုနေကြခြင်းမှာ ကောင်းသောအသိတရား မှန်ကန်သောဆုံးဖြတ်ချက် ဟုတ်ပါ၏လော၊ ဆင်ခြင်သုံးသပ်ဖို့ လိုပေသည်။။

HlaShein
ရွှေဘိုအောင်မြေရိပ်သာ

ဆရာတော်ဘုရားကြီးများ၏ ထေရုပတ္တိစာစဉ်မှ ထုတ်နုတ်မျှဝေပါသည်။

No comments:

Post a Comment