Wednesday, November 14, 2018

မအားလို့ မနားရတာပါ

မအားလို့  မနားရတာပါ
➖➖➖➖➖➖➖➖

ဒကာ, ဒကာမတွေ ကုသိုလ်တရားနဲ့ ပတ်သက်ပြီးတော့
"မအားဘူး" ဆိုတဲ့ စကားလုံးကို မသုံးပါနဲ့။

မအားလို့  ဒီကနေ့တိုင်တိုင် မနားဘဲ နေရတာပါ
သုံးဆယ်တစ်ဘုံ လှည့်ပြေးနေရတာ မဟုတ်လား
ဒီ တစ်ဘဝ မဟုတ်ပါဘူးနော်
ဆက်သွားရဦးမယ် , လမ်းခရီးတွေက ကျန်သေးတယ်။
နည်းနည်းလား  , အများကြီးလား
( အများကြီးပါဘုရား )

မရပ်မနား ရဟတ်ချားကဲ့သို့ ပြေးနေရတဲ့ ဘဝခန္ဓာကြီးပါ

ကိုယ့်ကိုယ်ကို သတိထားကြည့်ရင် အများကြီး သိသာတယ်။
ကြက်သီးထစရာ ကောင်းတယ်နော်။

ဂင်္ဂါဝါဠု သဲစုမက ပွင့်တော်မူကြတဲ့ ဘုရားရှင်များနဲ့
လွှဲခဲ့ပြီးပြီ။

ကကုသန်ဘုရား လက်ထက်ကလည်း
သူတော်ကောင်းတရား ရအောင် အားမထုတ်ခဲ့လို့
လွှဲခဲ့ပြီးပြီ။ မအားလို့   မနားခဲ့ရ , ဟုတ်လား ?

ကောဏဂုံမြတ်စွာဘုရား လက်ထက်ကလည်း
မအားခဲ့တဲ့အတွက်ကြောင့် မနားခဲ့ရနော် ။

ကဿ     ပဘုရား လက်ထက်ကျပြန်တော့လည်း
မအားဘူးဆိုပြီး  မနားခဲ့ရဘူး။

ခု ဂေါတမဘုရားလက်ထက် ရောက်နေပြီ
ဒကာ, ဒကာမတွေ ဆက်ပြီးတော့ ဘယ်လို ပြောဦးမယ်။
"မအားသေးဘူး ဘုရား  . . . ဟုတ်လား ?
တပည့်တော်တို့ အလုပ်တွေ များလိုက်တာ"

အမယ်  သနားစရာနော်
ကိုယ့်ကိုယ်ကို သနားဖို့ မကောင်းဘူးလား ?

"မအားဘူး" လို့ ပြောတဲ့ ပုဂ္ဂိုလ်က ပိုပြီး သနားဖို့ ကောင်းတယ်။
သူတို့က  ကိုယ့်ကိုယ်ကို မသနားကြဘူး။ ဒကာ, ဒကာမတွေ
ကိုယ့်ကိုယ်ကို သနားတတ်သလား ?

ဘုန်းကြီးက ထင်တာ  မသနားဘူး ထင်တယ်
ရက်စက်နေတာ
ကိုယ့်ဘဝကိုယ် နှစ်သတ်နေတာ
လောဘတွေ ဒေါသတွေ မောဟတွေနဲ့ နှစ်သတ်နေတယ်။
အပါယ်လေးဘုံ ရောက်ကြောင်းတရားကို ဒကာ,ဒကာမတွေ
လုပ်ပြီး ကိုယ့်ကိုယ်ကို နှစ်သတ်နေတာ။
မြှုပ်နေတာ။

ကိုယ်ပိုင်လား  ဆိုရင် ဘုံဆိုင်အတွက်
ဟိုလူ့အတွက်  ဒီလူ့အတွက် သူတပါးအတွက်နဲ့ပဲ
အဖို့ ချပြီးပြီ ။ မအားခဲ့ကြတာနော် ။  အဲဒါ
ကိုယ့်ကိုယ်ကို သနားလား , မသနားဘူးလား ?
( မသနားပါ ဘုရား )

မသနားတတ်သမျှ ကာလပတ်လုံး
သံသရာ ခရီးသွား မနားရဘူး ပေါ့  
မအားလို့  မနားရတာပါ 
ရှင်းတယ် . . နော်  ။

          " မြောက်ဦး ဆရာတော်ဘုရား - အရှင်ဝါယာမိန္ဒ "

ဓမ္မမိတ်ဆွေများ ကောင်းကျိုးတရား တိုးပွားကြပါစေ
https://www.facebook.com/donation.of.dhamma/

No comments:

Post a Comment