Friday, November 2, 2018

အယူအဆ

🌼🌼🌼  အယူအဆ 🌼🌼🌼

ဘုန်းဘုန်းတခုပြောမယ် သေချာနားထောင် … ပဋိစ္စသမုပ္ပါဒ်သမားလည်း သိနိုင်တယ်။ ဥပမာ … ထိုင်လိုက်တဲ့အခါကျတော့ ယောဂီတို့ရဲ့ခန္ဓာမှာ ထုံတာကျင်တာလေးဖေါ်ပြလာတယ် နောက်ပျက်သွားတယ်။ ပြီးတဲ့အခါကျတော့ ထပ်ပေါ်လာတယ် ထပ်ပျက်သွားတယ် ဖြစ်ပြီးပျက်သွားတဲ့သဘော ဖြစ်ပျက်သဘောလေးတွေ မသိဘူးလားဗျာ မတွေ့ဘူးလား သိလည်းတယ် တွေ့လည်းတွေ့တယ်။ ဒါပေမယ့် ယောဂီတို့ မမြင်ကြဘူး။ မိုးကုတ်ဆရာတော်က ဘာပြောလဲ ... ဖြစ်ပျက်ကိုမြင်အောင်ရှု့ဆိုတော့ ဒီတင်းတဲ့သဘောလေး တောင့်တဲ့သဘောလေးတွေ ဖြစ်ပြီးပျက်သွားတာကိုတော့ တွေ့သားပဲ မတွေ့ဘူးလား … တွေ့တာပဲ။ အဲဒီမှာ ယောဂီတို့ ဖြစ်ပျက်သဘော ဖြစ်ပျက်ကိုမမြင်ဘူးလားဗျာ ... ယောဂီတို့ မမြင်ကြဘူး။

နားကိုမလည်နိုင်တာ … ဟိုကဉာဏ်တွေနဲ့ဟောတဲ့အကွက်ကို ကိုယ်ကတင်းတာကြီးကို ဖြစ်ပျက် တောင့်တာကြီးကိုဖြစ်ပျက် ရုပ်ကိုပဲ သွားမဲနေတာ။ မိုးကုတ်ဆရာတော်ကြီးက ဖြစ်ပျက်မြင်အောင်ရှု့ ဖြစ်ပျက်မုန်းအောင်ရှု့ ဖြစ်ပျက်ဆုံးအောင်ရှု့လို့ပြောတယ်။ ဘုန်းဘုန်းစာအုပ်တွေကိုဖတ်ကြည့်တယ် ဆရာတော်ကြီးက မှန်တယ်။ ဒါပေမယ့်ယောဂီတို့က အယူအဆတွေမှားနေတော့ မလုပ်တတ်ကြဘူး။

ဟိုမှာတင်းတဲ့သဘောလေးပေါ်တယ် အဲဒါကလေးက ဖြစ်ပြီးပျက်သွားတယ်။ မသိဘူးလား … ယောဂီတို့ ကိုယ်ကိုယ်တိုင်သိတယ် ဒါလူတိုင်းမသိဘူးလား …  ဖြစ်ပျက် ဖြစ်ပျက်လို့တော့ သိတယ်။ ဆရာတော်ကြီးက ဘာပြောတာတုန်း … ဖြစ်ပျက်ကိုမြင်အောင်ရှု့ခိုင်းတာ ... တင်းတာလေးက သူ့ကိုယ်သူ ဖေါ်ပြလာပြီးတော့ ပျက်သွားတာကို သူကဖြစ်ပျက်လို့ပြောတာလား ကိုယ်ကဖြစ်ပျက်လို့ သွားသိတာလား။ အဲ့ဒါနည်းနည်းစဉ်းစားစရာ တကွက်ပေါ်လာတယ်။

အယူအဆတွေ မှားနေကြတာတွေကို ပြောပြမယ်။ အခုထိုင်နေတုန်း ဒီဓာတ်တလုံးကပေါ်လာတယ်ဆိုပါစို့။ တင်းတဲ့သဘော ပထဝီဓာတ်ကလေး ပေါ်လာပြီးတော့ ချုပ်သွားတယ်။ ဒါကိုဖြစ်ပျက်မြင်အောင်ရှု့လို့ဆိုတော့၊ ယောဂီတို့က တင်းတဲ့ဓာတ်ကလေးတလုံးပေါ်လာတယ် အဲဒီဓာတ်ကလေးတလုံး ပေါ်ပြီးပျက်သွားတာကိုရှု့တော့ ဖြစ်ပျက်လို့ ယောဂီတို့က သိလာတယ်။ အဲ့ဒီတော့ ဟိုတင်းတာလေးက ဖြစ်ပြီးပျက်တာလား ကိုယ်ကဖြစ်ပျက်လို့ သွားသိတာလား စဉ်းစားစရာနော်။ ဒီမှာကပ်ကပ်ကလေးနဲ့ လည်နေတာလေးတွေ။

တင်းတာလေးကဖြစ်ပြီးပျက်သွားတယ်။ ဖြစ်ပြီးပျက်သွားတော့ ဪ ပေါ်ပြီးပျက်သွားတာ အနိစ္စပဲ။ တင်းတာလေး ပေါ်ပြီးပျက်သွားတာ အနိစ္စလို့ လိုက်သိတယ်။ နောက်သွားပြီးစူးစမ်းတာက သင်္ခါရပဲလို့ လိုက်သိတာပဲ။ ဒါပေမယ့် တကယ်မှန်သလားဆိုတော့ … မမှန်ပြန်ဘူး။ ဘုန်းဘုန်းတို့ ဒီမှာပြောနေတာက ဘုန်းဘုန်းတို့ သင်ပေးနေတာက … တင်းတာလေးကပေါ်ပြီး ပျက်သွားတယ်။ ဖြစ်ပျက်ကို မြင်အောင်ရှု့ဆိုတော့ ဒီဓာတ်တလုံးက ဖြစ်ပြီးပျက်သွားတယ်ဆိုတော့ အဲဒီဖြစ်ပြီးပျက်သွားတာကို ဒီဓာတ်တလုံးကသိတာလား စိတ်ကသွားသိတာလား။ ဖြစ်ပျက်ကို မြင်အောင်ရှု့ဆိုတာ … ဖြစ်ပျက်ဖြစ်ပျက်လို့ သိနေတဲ့စိတ်ကို ဉာဏ်ကပြန်မြင်တာကို ဆိုလိုတာပါ။

ဖြစ်ပျက်ကို မြင်အောင်ရှု့ဆိုပြီးပြောတော့ တင်းတာကြီးဖြစ်ပျက် တောင့်တာကြီးဖြစ်ပျက် အောင့်တာကြီး ဖြစ်ပျက် ထုံတာကြီးဖြစ်ပျက် ဆိုပြီးတော့ လိုက်ရှုနေတော့ ဖြစ်ပျက် မဆုံးနိုင်တော့ဘူး။ မဆုံးနိုင်တော့ အဲ့ဒီဖြစ်ပျက်ကြီးကိုမုန်းနေတယ် ဘယ်လိုဆက်လုပ်ရမှန်းလည်း မသိတော့ဘူး။ ဖြစ်ပျက်ကိုမြင်တော့ ဖြစ်ပျက်မုန်းတာပေါ့။ တင်းတာပေါ်လည်း ဖြစ်ပျက်  တောင့်တာပေါ်လည်း ဖြစ်ပျက် အောင့်တာပေါ်လည်း ဖြစ်ပျက် ထုံတာပေါ်လည်း ဖြစ်ပျက် … ဟိုက တင်းတာ တောင့်တာ ထုံတာ ကျင်တာက သဘာဝ သဘောလေးတွေဆိုတော့ ပေါ်ပြီးချုပ်သွားတယ်။ ဒါပေမယ့် ကိုယ်ကဖြစ်ပျက် - ဖြစ်ပျက်ဆိုပြီးတော့ လိုက်နေတော့ တကယ့်ဖြစ်ပျက်ကို မမြင်လိုက်ဘူး။

ဒါဘုန်းဘုန်းတို့တုန်းကလည်း အနိစ္စ အနိစ္စရှု့တယ် တင်းတာလည်း အနိစ္စ၊ တောင့်တာလည်း အနိစ္စ၊ ထုံတာလည်း အနိစ္စ၊ ကျင်တာလည်း အနိစ္စလိုက်ရှု့တယ် တကယ့် အနိစ္စကို ကိုယ်မသိလိုက်ဘူး။ တင်းတာကို ကိုယ်ကအနိစ္စလို့ ထင်နေတယ် အနိစ္စ အနိစ္စလို့သိနေတာက သညာ။ အနိစ္စသညာ … အနိစ္စ အနိစ္စလို့ သညာပေးနေတာကို ရှု့မိလိုက်လို့ရှိရင် အနတ္တကိုရောက်ပါတယ် ဒါအင်မတန်ကောင်းတဲ့ ရှု့ကွက်တွေပေါ့ ယောဂီသူတော်ကောင်းတို့။

(မကြာမီ ဖြန့်ချိတော့မည့် "ထိုမှာဘက်ကမ်း...နိဗ္ဗာန်စခန်း" စာအုပ်မှ ကောက်နှုတ်ပူဇော်ထားပါသည်)

ဓမ္မဒါနဖြင့်
ဝိဇ္ဇောဒယသဲအင်းဓမ္မရိပ်သာ
သာသနာပြုအဖွဲ့ (စင်္ကာပူ)

No comments:

Post a Comment