Wednesday, November 14, 2018

အပါယ်ကျတာ သူတို့ကြောင့်

အပါယ်ကျတာ သူတို့ကြောင့်
~~~~~~~~~~~~~~~~~~

>> ဘုန်းကြီးတို့ ပရိသတ်တွေ တွေ့ဖူးကြလိမ့်မယ်။
မြွေတစ်ကောင်ဟာ ဖားကိုခဲထားပြီ မျိုထားပြီဆိုရင်

မလွှတ်တော့ဘူး။
ခြောက်လန့်လို့လည်း မရဘူး။

အော်ဟစ်လို့လည်း ဂရုမစိုက်တော့ဘူး။
အပြင်းအထန်ကို ခဲထားတာ။

ဖြေလို့ ဖြုတ်လို့မရအောင်ကို ဆုပ်ထားတာနော်။

>> အစွဲအလမ်းဆိုတာ ဒီလိုပါပဲ။
စွဲမိရင် ဒီအစွဲကို ချွတ်ဖို့ မလွယ်တော့ဘူး။

သဲသဲမဲမဲကို စွဲတော့မယ်။
ခုနက မြင်တယ် ကြားတယ် ထိတွေ့ခံစားရတယ်

ဆိုတာတွေဟာ တကယ်တော့ ငါမဟုတ်ဘူး။
ရုပ်နာမ်တရားတွေ ခန္ဓာတရားတွေ

သဘောတရားသက်သက်ပဲ။
ငါ မပါဘူးနော်။

>> ဒါပေမယ့် အစွဲက ပြင်းထန်နေတော့ ပြင်လို့မရဘူး။
ငါသိတယ် ငါမြင်တယ် ငါစားတယ် ငါသွားတယ်

ငါ့ဥစ္စာ ငါ့ပစ္စည်း ငါ့လင် ငါ့မယားလို့ကို စွဲနေတယ်။
အမှန်ကို မမြင်နိုင်လောက်ကို စွဲလမ်းနေကြတယ်။

>> ဘယ်လိုမျှ မမြင်နိုင်ဘူး။
ပြင်ခိုင်းလို့လည်း မရဘူး။

အမှန်အမြင်ကို လက်မခံနိုင်ဘူး။
ငါဆိုတာကို ဗဟိုပြုပြီး သာယာတယ်။

အထင်အမြင်တွေ လွဲချော်နေတယ်။
လာပြီနော် တဏှာ ဒိဋ္ဌိ။

>> တချို့များ သေပြီးတာတောင် မကျွတ်ဘူး။
ပြောင်းသွားတာတောင် အစွဲကို မစွန့်လွှတ်နိုင်လို့

အပါယ်ရောက်ရတယ်။
လိုချင်တဲ့ တဏှာနဲ့ အမြင်မှားတဲ့ ဒိဋ္ဌိ။

သူတို့ကြောင့် ဥပါဒါန် ဖြစ်လာ။
အဲဒီ ဥပါဒါန်က အပါယ်ငရဲကို ပို့ပြီး

သံသရာလည်နေတာ။
ဒုက္ခသံသရာကြီး လည်နေတာ။

>> အစွဲအလမ်းကြောင့် မဟုတ်တာတွေလုပ်
မဟုတ်တာတွေပြော မမှန်တာတွေ မတော်တာတွေ

ကြံစည်ပြီး အပါယ်သွားကြတယ်ပေါ့။
အပါယ်မကျချင် ဥပါဒါန် ပယ်ရမယ်။

ဆင်းရဲဒုက္ခ ကင်းချင်ရင် အစွဲ ဥပါဒါန်ကို ပယ်ရမယ်။

>> ဘုရား ရဟန္တာ ပစ္စေကဗုဒ္ဓါ အရှင်မြတ်တွေမှာ
ခန္ဓာတော့ ရှိပါရဲ့။

အပါယ်မသွားတော့ဘူး။
ဥပါဒါန် ပယ်လိုက်လို့ အစွဲကျွတ်သွားလို့ပေါ့။

ပုထုဇဉ်တွေက စွဲစရာ များလွန်းလို့ ခေါင်းစဉ်တောင်တပ်
လို့ မကုန်နိုင်ဘူး။

အကုန်လိုက်ပြီး စွဲနေတယ်။
စွန့်ရမှာတွေကို စွဲနေကြတယ်။

>> အပါယ်မကျချင်ရင် ဥပါဒါန် ပယ်ရမယ်။
အထင်လွဲမှု သာယာမှုတွေနဲ့ အစွဲဥပါဒါန်တွေ

ပျောက်အောင် ဘုန်းကြီးတို့ပရိသတ် ခန္ဓာငါးပါးကို
ရှုရမယ်။

ခန္ဓာငါးပါးကို အမှန်အတိုင်း မြင်အောင်ကြည့်ရမယ်။

>> အမှန်တကယ် ရှိနေတဲ့ ခန္ဓာငါးပါးကို တလွဲမထင်ဘဲ
မသာယာဘဲနဲ့ ခန္ဓာငါးပါးလို့ မြင်လိုက်ရင်

အမှန်မြင်သွားတယ်။
အထင်အမြင်လွဲတာ သာယာတာ စွဲလမ်းတာတွေ

ပျောက်သွားပါတယ်။
ဘာမှ မဟုတ်ပါလား။

ငါသူတစ်ပါး ယောင်္ကျား မိန်းမ မဟုတ်ပါလား။
ရုပ်တရားနဲ့ နာမ်တရားပဲ ရှိတယ်။

တခြား ဘာမျှမရှိဘူးလို့ မြင်အောင်ကြည့်ရပါမယ်။

>> ခံစားတာ မှတ်သားတာ ပြုပြင်စီမံတာ သိတာပဲ
ရှိတယ်။

တခြား ဘာမျှမရှိဘူးလို့ မြင်ရင် ဥပါဒါန် အစွဲအလမ်းတွေ
ကင်းပါတယ်။

တရားသိမြင်ပါတယ်။

# ဓမ္မဒူတ အရှင်ပညိဿရ၏
လိုရင်းတိုရှင်းဝိပဿနာ တရားတော်မှ  #

12.11.2018

No comments:

Post a Comment