Wednesday, November 14, 2018

မီးဖိုချောင်မှာ တရားရှာ

“ မီးဖိုချောင်မှာ တရားရှာ ”

~•~•~•~•~•~•~•~•

တကယ်တမ်း တရားနဲ့နေချင်တယ်၊ တရားရှာချင်တယ်ဆိုရင် အိမ်ဦးခန်းမှာ ထိုင်နေမှ တခြားဘာအလုပ်ကိုမှ မလုပ်ဘဲနေမှမဟုတ်ပါဘူး။ ဆိုင်ရာ ၊ ဆိုင်ရာ မိမိတို့ရဲ့ အလုပ်ခွင်မှာလည်း ရှုပွားနေရင်.. နှလုံးသွင်းနေရင် တရားဖြစ်ပါတယ်။ အထူးသဖြင့် အိမ်ထောင်တာဝန် ထိန်းသိမ်းနေရတဲ့ အိမ်ထောင်ရှင်မတွေမှာ နေ့စဉ် နေ့တိုင်း ချက်ရေးပြုတ်ရေး ၊ လျှော်ဖွပ်ဆေးကြောရေးတွေ ရှိနေတော့ တရားစခန်းဝင်ဖို့ သီးသန့်အားလပ်ချိန် ယူပြီး အားထုတ်ဖို့ အခက်အခဲရှိကြပါတယ်။ ဒါပေမယ့် ဆန္ဒသာပြင်းပြမယ်ဆိုရင် 。。。

●မီးဖိုချောင်မှာလည်းတရားရှာနိုင်ပါတယ်။

●ချက်ရင်းပြုတ်ရင်း သတိကပ်ထားရင် တရားဖြစ်ပါတယ်။

●အိုးခွက်ပန်းကန်တွေ တိုက်ချွတ်ဆေးကြောရင်း ရှုမှတ်လို့ဖြစ်ပါတယ်။

●အဝတ်အစားတွေ လျှော်ဖွပ်ရင်း ရုပ်နာမ်တရားတွေ အာရုံစိုက်လိုက်ရင်လည်း တရားဖြစ်ပါတယ်။

“ စံနမူနာ ထေရိကာ ”
•••••••••••••••••••••
မြတ်စွာဘုရား လက်ထက်တော်မှာ “ မထေရိကာ ” ဆိုတဲ့ အမျိုးသမီးတစ်ဦး ရှိခဲ့ဖူးပါတယ်။ ငယ်စဉ်ထဲက လူ့ဘောင်ကိုခွာရှောင်ပြီး ၊ သာသနာ့ဘောင်မှာ နေလိုပေမယ့် မိဘတွေက အတင်းအကြပ် စီမံလို့ အမျိုးသားတစ်ဦးနဲ့ လက်ထပ်ထိမ်းမြားခဲ့ရပါတယ်။ အခြေအနေအရ အိမ်ထောင်ရှင်မဘဝကို ရောက်ခဲ့ရသော်လည်း မထေရိကာဟာ တရားဓမ္မ ကို စိတ်ဝင်စားပါတယ်။

တရားအားထုတ်ဖို့ စိတ်အား ထက် သန် ပါ တယ်။ အားလပ်ချိန်တွေမှာကျောင်းတော်ကိုသွား တရားနာမှတ်သားပြီး၊တရားနဲ့ နေနည်းတွေကို လေ့လာပါတယ်။ အချိန်ပြည့် တရားအလုပ်သက်သက်ကိုသာ အားထုတ်ပြီး ၊မနေနိုင်တဲ့အခါ အလုပ်လုပ်ရင်း တရားရှာပါတယ်။ အိမ်အလုပ်တွေလုပ်ရင်းကိုင်ရင်း ၊ရေခပ်ရင်းလည်း တရားရှုမှတ်ပါတယ်။ ထမင်းချက်ရင်းလည်းရှုမှတ်ပါတယ်။ လျှော်ဖွပ်ရင်းလည်း ရှုမှတ်ပါတယ်။ အိုးခွက်ပန်းကန်တွေ ဆေးကြောရင်းလည်း ရှုမှတ်ပါတယ်။ ဘယ်အလုပ်ကိုပဲ လုပ်နေနေ အမှတ်တမဲ့မနေဘဲ ၊ ရုပ်နာမ်တရားတို့ကို အာရုံပြုကာ နှလုံးသွင်းကာ လုပ်ကိုင်နေပါတယ်။

“ အလုပ်မပျက် တရားမပျက် ”

•••••••••••••••••••••••••••

ဝိပဿနာအလုပ်ဆိုတာက ပုံမှန်နေရင်း ပုံမှန်အလုပ်တွေ လုပ်ကိုင်ရင်း အားထုတ်ရတာမျိုးပါ။ အလုပ်လုပ်ရင်း အားထုတ်ရင် အလုပ်လည်းမပျက် ၊တရားလည်း မပျက်ပါဘူး။ ဘုန်းကြီးတို့ ဥပမာအားဖြင့်ပြောရရင် ပန်းကန် ဆေးရင်း ရှုမှတ်မယ်ဆိုပါတော့။

●ဆေးဖို့ကြောဖို့ အိုးခွက်ပန်းကန်တွေကို လှမ်းယူလိုက်ရင် လှမ်းယူတဲ့အချိန်မှာ ရှုမှတ်နိုင်ပါတယ်။ လှမ်းလိုက်တဲ့လက်ကို အာရုံပြုရင်း ရွေ့သွားတဲ့သဘော၊ တွန်းသွားတဲ့သဘောတွေကို တွေ့မှာပါ။ ရွေ့သဘော၊ တွန်းသဘောရုပ်ကို ရှုမှတ်နိုင်ပါတယ်။ ရုပ် ရုပ်လို့ ရှုရင်း လှမ်းယူလို့ ရပါတယ်။ အိုးခွက်ပန်းကန်စတာတွေနဲ့ လက်နဲ့ ထိမိရင် ပူသဘော ၊ အေးသဘော ၊ မာသဘောတွေ ထင်ရှားပါတယ်။ ရုပ်လို့ ရှုမှတ်ပါ။ ကိုင်လိုက်ချိန်မှာ လေးသဘောကို တွေ့ပါတယ်။ ရုပ်လို့ မှတ်နိုင်ပါတယ်။

●ပွတ်တိုက်ဆေးကြောနေခိုက်မှာလည်း မိမိရဲ့လက်မှာ ဖြစ်ပေါ်လာတဲ့ လှုပ်ရှားသဘော၊ တင်းလျော့သဘော၊ ရေနဲ့ထိနေလို့ အေးနေ ၊ နွေးနေတဲ့သဘော၊ အိုးခွက်ပန်းကန်တို့ရဲ့ ကြမ်းသဘော၊ နုသဘောတွေကို ရုပ်လို့ နှလုံးသွင်းနိုင်ပါတယ်။ ဒါမှမဟုတ် ပေါ်တိုင်းပေါ်တိုင်းသောသဘော တရားတို့ကို သိနေတဲ့အသိကို နာမ် နာမ်လို့ ရှုမှတ်နှလုံးသွင်းနေလို့ ရပါတယ်။

အဲဒီလို လုပ်ကိုင် ရှုမှတ်သွားရင် အလုပ်လည်း ဖြစ်၊ တရားလည်း ဖြစ်ပါတယ်။တရားရှုနေလို့ဆိုပြီး လုပ်နေကျ အလုပ်တွေကို တမင်တကာ နှေးနှေးကွေးကွေး လုပ်နေစရာမလိုပါဘူး။ ပုံမှန်လုပ်ကိုင်ရင်း သတိကပ် ရှုမှတ်ရမှာပါ။ ရှုစရာ ၊ မှတ်စရာ ၊ အရှုခံတရားတွေက အမြဲတမ်းရှိပါတယ်။ အရှိတရားကို အသိတရားနဲ့ ကပ်လာတာ နှလုံးသွင်းနေတာဟာ တရားအလုပ် လုပ်တာပါ။

ထမင်းဟင်းချက်ရင်း မထေရိကာဟာ အိမ်ထောင်တာဝန်ထမ်းရင်းတရားကိုပါ မမေ့မပျောက်အောင် အမြဲတမ်း အားထုတ်နေပါတယ်။ ဒီလိုနဲ့ တစ်နေ့ကျတော့ အိမ်သူအိမ်သားတွေ စားဖို့အတွက် ဟင်းရွက်ကြော်ပါတယ်။ ဟင်းရွက်တွေ လှီးဖြတ်စဉ်၊ ခြွေစဉ်မှာလည်း အရှုအမှတ်တရားနဲ့ပါ။ မီးဖိုမှာ မီးမွှေးချိန်၊ ဖိုပေါ်ဒယ်အိုးတင်ချိန်၊ ဒယ်အိုးထဲကို ဟင်းရွက်တွေထည့်ချိန်မှာလည်း ရှုမှတ်ရင်းနဲ့ပါ။

သတိကပ်ထားတော့ဘာကို လုပ်နေ၊ လုပ်နေ ရုပ်နာမ်သဘောတွေဟာ သူ့ဉာဏ်မှာ ထင်းနေရှင်းနေပါတယ်။ အသိဉာဏ်တွေ ရင့်ကျက်ချိန်ရောက်နေပြီဆိုတော့ အိုးထဲက ဟင်းရွက်တွေကိုကြည့်ရင်း ဓမ္မအမြင်တွေ ကြည်လင်လာပါတယ်။

အပူရှိန်ကြောင့် ဟင်းရွက်တွေ အဆင့်ဆင့်ပြောင်းလဲသွားပုံ ၊ မတည် မြဲပုံတွေ တွေ့လာပါတယ်။ စိမ်းစိုရာက အပူရှိန်ကြောင့် ညိုမည်းသွားတာ၊ လန်းဆန်းရာက ညှိုးနွမ်းသွားတာတွေ၊ အရောင် အဆင်း ပြောင်းသွား၊ ပုံသဏ္ဍာန် အနေအထားပြောင်းသွားတာတွေကို မြင်လိုက်ချိန်မှာ အသိဉာဏ် ပွင့်သွားပါတယ်။

“မတည်မြဲတဲ့ အနိစ္စပါလား၊ ဖောက်ပြန်ပြောင်းလဲမှုတို့နဲ့ နှိပ်စက်ခံရတဲ့ ဒုက္ခပါလား၊ ကိုယ့်သဘောမပါတဲ့ အနတ္တပါလား” လို့ ခန္ဓာထဲက ရုပ်နာမ်အစဉ် ကိုပါ သိမြင် ရှုပွားလိုက်တဲ့အခါမှာ ဟင်းရွက်ကြော်ရင်း “အနာဂါမိမဂ် ၊အနာဂါမိဖိုလ်”ကို ရရှိကာ အနာဂါမ် ဖြစ်သွားပါတယ်။

အိမ်ရှင်မတွေအတွက် အတုယူစရာပါ။ ထမင်း ဟင်းချက်ရင်း “မီးဖိုချောင်”မှာ တရားနဲ့နေလို့ ရတယ်။ တရားရှာနိုင်တယ်လို့ မထေရိကာ နမူနာ ပြသွားတာပါ။

【ဓမ္မဒူတ ဒေါက်တာအရှင်ပညိဿရ 】 ᠌᠌᠌

No comments:

Post a Comment