မိတ်ဆွေကောင်းကို မိမိနှလုံးသားထဲမှာရှာပါ
▬▬▬▬▬▬▬▬▬▬▬▬
(မေတ္တသုတ်လာ ကလျာဏမိတ္တ - နောက်ဆုံးပိုင်း)
★ “န စ ခုဒ္ဒ မာစရေ ကိဉ္စိ” သူများ အထူးသဖြင့် သူတော်ကောင်းတွေ ကဲ့ရဲ့မယ်ဟာဆိုရင် ဘယ်မှမလုပ်နဲ့။ အဲဒီဟာ မလုပ်ဘူးဆိုရင် နောက်ထပ် ဂါထာ (၂)ဂါထာက
🍃 လူတွေကို ကိုယ်က မခွဲခြားတဲ့ အခါကြတော့ လူတွေကလည်း ကိုယ့်ကိုမခွဲခြားတော့ဘူး။
🍃 အနီးအဝေး မခွဲခြားတော့ဘူး။
🍃 အနိမ့်အမြင့် မခွဲခြားတော့ဘူး။
★ အဲဒီ (၂)ဂါထာက လူတွေခွဲခြား တတ်တဲ့စိတ်ဓာတ်၊ ခွဲခြားပုံ ခွဲခြားနည်းကို ပြောပြတာ။
🍃 မြင်ရတာ မမြင်ရတာ အဲဒါတွေ မခွဲခြားတော့ဘူး။
★ တနည်းအားဖြင့်ပြောမယ်ဆိုရင် တချို့က နီးရင် တကျက်ကျက် ဝေးတော့.. (တသက်သက်ပါ ဘုရား။) အဲလိုဖြစ်တတ်တယ်။ ဝေးတဲ့အခါကျမှ လွမ်းတယ် နီးတဲ့အခါကြတော့ တစ်ယောက်ကို တစ်ယောက် သည်းမခံနိုင်ကြဘူး။ မေတ္တာက ပြောင်းလဲတတ်တာကို ပြောတာ အနီးအဝေးဆိုတဲ့ ဒေသကို ကြည့်ပြီးတော့။
★ ပထမတစ်ဂါထာ၊ ဒုတိယ တစ်ဂါထာ၊ တတိယတစ်ဂါထာ အဲဒီဟာတွေကို ဖတ်ရှုလေ့လာပြီး တော့ ကိုယ် အဲဒီအတိုင်း အဲဒီအရည်အသွေးတွေရအောင် လုပ်လာတယ်ဆိုရင်တော့ စတုတ္ထဂါထာ နဲ့ ပဉ္စမဂါထာ ဘာပြောတုန်းဆိုတော့
🍃 ခွဲခြားချင်တဲ့စိတ် မရှိတော့ဘူး။
★ သူများကို မခွဲခြားတဲ့ပုဂ္ဂိုလ် လူတိုင်းကို တန်းတူရည်တူ ဆက်ဆံတဲ့ ပုဂ္ဂိုလ်ဆိုရင် သူငယ်ချင်းကောင်းတွေများတာပေါ့ ကလျာဏမိတ္တတွေ များတာပေါ့။ ကိုယ် ကိုယ်နှိုက်ကိုက ကိုယ့်ဟာကို ကလျာဏမိတ္တဖြစ်နေတာ။
★ “န ပရော ပရံ “ ခုနတုန်းက ပြောခဲ့ပြီးပြီ ဒေါသမဖြစ်ဖို့ အရေးကြီးတယ် ဒေါသကို ထိန်းသိမ်းတတ်ဖို့ အရေးကြီးတယ်။ နိုင်ငံခြားမှာဆိုရင် Anger management ဆိုပြီးတော့ သူတို့က သတိပဋ္ဌာန်ယူပြီး သင်တန်းတွေပေးကြတယ် နိုင်ငံခြားသားတွေ သူတို့ပေးနေကြ။
★ ဘာဖြစ်လို့ အဲလိုပေးတုန်း ဆိုတော့ ကုမ္ပဏီတွေမှာ အစိုးရဌာနတွေမှာ ဒီဒေါသကို မထိန်းနိုင်တဲ့ပုဂ္ဂိုလ် သူက ဘယ်လောက်ပဲ တော်တော် လူတွေစိတ်ဝမ်းကွဲအောင် လုပ်စေချင်တယ် သူလည်းပဲ ဒုက္ခရောက်တယ်။ တခြားသူတွေ ကိုလည်း ဒုက္ခဖြစ်စေတယ်။
★ ဒါကြောင့် Anger Management ဒေါသကို ကိုင်တွယ်ပုံကိုင်တွယ်နည်းဆိုပြီး သင်ပေးကြတယ် နိုင်ငံခြားမှာ။ စိတ္တဗေဒပညာရှင်တွေ နောက် ဗုဒ္ဓဘာသာ တရားထိုင်ဖူးတဲ့ ပုဂ္ဂိုလ်တွေ ပူးပေါင်းပြီးတော့ အဲ့ဒီဟာတွေ သင်ပေးတယ်။
★ နောက်တစ်ဂါထာက “မာတာ ယထာ” ဒါ အကျဉ်းချုပ်ပဲ မေတ္တသုတ်တခုလုံး အကျဉ်းချုပ်ပဲ။
🍃 အရာရာတိုင်းကို မိမိရဲ့တစ်ဦး တည်းသောရင်သွေးလိုကြည့်ရမယ်။
🍃 တခြားသူကို တဦးတည်းသော ရင်သွေးလိုကြည့်ရမယ် ဒါကတော့ ထင်ရှားတယ် မေတ္တာတရား။
★ မိမိဒေါသဖြစ်တဲ့အချိန်မှာ မိမိဒေါသကို တဦးတည်းသော ရင်သွေးလိုကြည့်ရမယ်ဆိုတာ ဒါကတော့ လူတစ်ချို့ သတိမပြု မိဘူး။ ကိုယ်ဒေါသဖြစ်တဲ့အချိန်မှာ တချို့လူတွေဆိုရင် ကိုယ့်ကိုယ်ကို ပြန်ပြီးတော့ အပြစ်တင်တယ်။ တခါ တခါကြတာ့လည်း ရှက်တယ်။ ဒေါသ ပြန်ဖြစ်ရင် ကိုယ်ဒေါသဖြစ်တာကို ဒေါသနဲ့ ပြန်ပြီးတော့ ဖြေရှင်းသလို ဖြစ်နေတယ်။
★ ဒေါသကို ဒေါသနဲ့ ပြန်ဖြေရှင်းလို့ ပြေလည်ပ့ါမလား? (မပြေလည် နိုင်ဘူး ဘုရား။) မပြေလည်နိုင်ဘူးတဲ့။ ကိုယ်ဒေါသဖြစ်နေရင် ဒေါသဖြစ်နေ တဲ့ မိမိကိုယ်ကို ကလေးလို၊ မိမိရဲ့ တဦးတည်းသော ရင်သွေးလို။ ကိုယ်ရဲ့ကလေးက စိတ်ညစ်တယ် ဒေါသဖြစ်တယ်ဆိုရင် အမေလုပ်တဲ့ ပုဂ္ဂိုလ်က အဲဒီကလေးကို ရိုက်ရမှာလား ဒါမှမဟုတ် သူ့ကို သားလေးဘာဖြစ်တာတုန်း ဆိုပြီးတော့ မေးရမှာလား? မေးရမယ် ဘာပြသာနာရှိတာတုန်း။
★ အမေက ဂရုတစိုက်နဲ့ မေးရ မယ်။ စိတ်မဆိုးနဲ့ဆိုပြီးတော့ ပြောရုံနဲ့မဖြစ်ဘူး။ စိတ်မဆိုးနဲ့ ပြောရင် ကလေးက သူရဲ့ဒေါသကို သူကဖိထားတာ၊ ဖိထားတဲ့ဒေါသ သူက ပျောက်သွားတာ မဟုတ်ဘူး။ ဖိထားတဲ့ဒေါသ သူက အောက်မှာပဲ ငုတ်နေတာ။ တချိန်ကျ သူပြန်ပေါ်လာရင် ပေါက်ကွဲမှာ။ အဲတော့ ဒေါသကို ဖုန်းဖိမထားနဲ့ ဒေါသကို ဒေါသမှန်း သိလိုက်။
★ “သဒေါသ စိတ္တံ သဒေါသ စိတ္တန္တိ ပဇာနာတိ” သတိပဋ္ဌာနသုတ်မှာ ဒါကြောင့်တရားထိုင်တဲ့အချိန်မှာ ဒေါသဖြစ်တဲ့အချိန် ဒါ ဒေါသပဲ ဒါ ဒေါသပဲ ဒေါသဖြစ်နေတယ် ဒေါသဖြစ်နေတယ်ဆိုပြီးတော့ မှတ်ရတယ်။ ဒေါသမကောင်းဘူး ဆိုပြီးတော့ မလုပ်ရဘူး။ ဒေါသမကောင်းဘူးလို့ပြောရင် မိမိယုံကြည်ချက် ကိုယ့်ကိုယ်ကို ယုံကြည်တဲ့စိတ်တောင် ပျောက်သွားနိုင်တယ်။
★ မြတ်စွာဘုရားသင်ထားတဲ့ နည်းတွေ (၇)ဂါထာရှိပြီ ကျန်တဲ့ဟာတွေကတော့ ဒါကို ဆက်ပြီးတော့ချဲ့ဖို့ အချိန်မရွေးကျင့်ဖို့အတွက် ထိုင်တဲ့အချိန်မှာ ရပ်တဲ့အချိန်မှာ လမ်းလျှောက်တဲ့အချိန်မှာ လဲလျောင်းတဲ့အချိန်မှာ ဣရိယာပုတ်တိုင်းမှာ ဒီစိတ်ထားတွေ ရှိဖို့အတွက် မြတ်စွာဘုရားဟောထားတာ။ ဒါဆိုရင် မေတ္တာသုတ် အကျဉ်း ဆယ်ဂါထာ ပြီးပြီ။
★ ပြန်ပြီးတော့ အကျဉ်းချုပ်မယ် ဆိုရင် မေတ္တသုတ်ထဲမှာ ပါတဲ့ အရည်သွေးတွေကို နားလည်အောင်လုပ်ပြီးတော့ အဲဒီအရည်သွေးတွေ အနည်းဆုံး တစ်ခုလောက် မိမိရဲ့စိတ်ထဲမှာ နုလုံးသွင်းထားရင် အလုပ်မှာလည်း နုလုံးသွင်း အိမ်မှာလည်း နုလုံးသွင်း အဲဒီလို နုလုံးသွင်းတယ်ဆိုရင် ကိုယ့်ဟာကိုယ် ကလျာဏမိတ္တ ပြန်ပြီးတော့ဖြစ်ပါတယ်။ ကလျာဏမိတ္တပြန်ပြီးတော့ ဖြစ်တယ်။ ကလျာဏမိတ္တဖြစ်တယ် ဆိုတော့ လုံခြုံတယ်ပေါ့။
★ မိုးကုတ်ဆရာတော် ဘုရားကြီးကတော့ အိမ်သည်နဲ့ ဧည့်သည်၊ အိမ်သည်စိတ် နဲ့ ဧည့်သည်စိတ်။ အိမ်သည်စိတ် ဆိုတာ ကိုယ့်အိမ်မှာနေတဲ့စိတ် ကိုယ်အိမ်မှာနေရင် လုံလုံခြုံခြုံ ရှိတယ်၊ လုံခြုံတယ်။ အပြင်မှာ ဆိုရင် သိပ်မလုံခြုံဘူး။ တစ်ခုခု ဖြစ်ပြီးဆိုရင် မိဘက ဘာလုပ်တုန်း ကလေးကို အိမ်ပြန်ပို့။
★ ဒါကြောင့် ကိုယ့်ဟာကို သံသယဖြစ်တဲ့အချိန် ကိုယ့်ဟာကို စိတ်အားငယ်တဲ့အချိန် အဲ့လို အချိန်မျိုးမှာဆိုရင် ကိုယ့်စိတ်က အပြင်ရောက်နေလို့။ အဲ့စိတ်ကို အိမ်ပြန်ခေါ်ရမယ်။ အိမ်ပြန်ခေါ်ရ မယ်။ ထွက်လေ၀င်လေ ဒီမှာကြည့်နေတဲ့ဟာ စိတ်က အိမ်မှာရှိနေတာ စိတ်ထဲမှာ ဘာခံစားမှုရှိနေတယ်လို့ သိနေတာ အဲဒါလည်း စိတ်က အိမ်မှာရှိနေ တာ။ စိတ္တာနုပဿနာခေါ်တယ်။ စိတ်က အိမ်မှာရှိနေတာ။
★ အဲဒီအတိုင်း အားလုံးကို အိမ်သည်စိတ်.. အိမ်သည်စိတ်… အိမ်သည်စိတ်ခေါ်တာ။ ဧည့်သည်စိတ်ဆိုတာကတော့ ဒေါသဖြစ်တဲ့အချိန် ဒေါသဖြစ် တဲ့စိတ်၊ လောဘဖြစ်တဲ့စိတ်၊ မာနဖြစ်တဲ့စိတ် အဲစိတ်တွေကို ဧည့်သည်လို့ခေါ်တယ် အာဂန္တျကတဲ့ အင်္ဂဂုတ္ထိုလ် ပါဠိတော်ထဲမှာ မြတ်စွာဘုရားမိန့်ထားတယ်။ ဒါကြောင့် ကလျာဏမိတ္တ ဘယ်မှာ ရှာရမှာတုန်း မိမိအိမ်မှာရှာရမယ်။ အိမ်မှာဆိုတာက မိမိနှလုံးသားထဲမှာ ရှာရမယ်။
အားလုံးကျန်းမာချမ်းသာကြပါစေ။
ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော်ဒေါက်တာဓမ္မသာမိ
🙏🙏🙏
“မေတ္တသုတ်ကသင်ပေးတဲ့ ကလျာဏမိတ္တ - Good Friend as in the Discourse on Metta ( ၂၃.၁၂.၂၀၁၇ - မြစ်သား)” တရားတော်ကို #သဇင်ထိုက် ကပြန်လည် ရေးသားပူဇော်ပါ သည်။
No comments:
Post a Comment