တဏှာရာဂကို ဖယ်ရှားခြင်း
<><><><><><><><><><>
ခန္ဓာကြီးကို
အတွင်းနဲ့ အပြင်သာ လဲထားလို့ကတော့
တုတ်နဲ့ ကျီးတွေကို ... မောင်းနေရမှာ …
အပေါ်ယံလေး ကြည့်ရင်
တဏှာရာဂ စိတ်ပေါ်လာပြီး လှတယ်လို့ ထင်တယ်..
အဲဒီလို
လှတယ် ထင်လို့ လောဘဖြစ်လာလို့ ရှိရင်
အတွင်းသားကိုကြည့် …
ခန္ဓာကိုယ်ကြီးရဲ့
သဘာဝ မစင်ကြယ်တာတွေကို
မြင်အောင်ကြည့် …
သုတ္တန် တစ်ခုမှာ ဟောထားတယ် …
ခန္ဓာကိုယ်ကြီးကို
အတွင်းအပြင်များ လဲထားလိုက်မယ် ဆိုရင်
တုတ်နဲ့ ကျီးတွေမောင်းနေရမှာတဲ့ …
အပေါ်ယံ အရေပါးလေး ဖုံးထားလို့
ဟုတ်သလို ထင်နေတယ် …
အဲဒီ
အရေပါးလေးပေါ်မှာ လှတဲ့ အဝတ်အစားလေးတွေ
ဆင်ထားတဲ့ အတွက်ကြောင့်
မျက်စိလည် နေကြတာတဲ့ …
ဟုတ်တာပေါ့ …
မနက်အိပ်ရာထတာနဲ့ တစ်ပြိုင်နက်တည်း
ခန္ဓာကိုယ်ရဲ့ အညစ်အကြေးသုတ်သင်ရတာက
နံပါတ်တစ်ပဲလေ..
မွှေးကြိုင်နေလို့ရှိရင် စုထားမှာပေါ့ …
မမွှေးကြိုင်လို့ စွန့်ပစ်နေကြရတာပဲ …
ခန္ဓာကိုယ်က ထွက်တာတွေက
တင့်တယ်တာတို့ မွှေးကြိုင်တာတို့
တစ်ခုမှ မရှိဘူး …
အကုန် ပစ်နေရတာပဲ …
အဲဒါတွေကို
စဉ်းစား တွေးခေါ်လိုက်လို့ ရှိရင်
လောဘဆိုတာ ဖြစ်လာစရာအကြောင်း မရှိဘူး..
ဒါကြောင့်မို့
တဏှာရာဂတွေ အားနည်းသွားအောင် (သို့ )
တဏှာရာဂကို ဖယ်ရှားဖို့ အတွက်
အသုဘဘာဝနာ ၃၂ ကောဋ္ဌာသ
ဘာဝနာကို အားထုတ်ပါ …
မတင့်တယ်တဲ့ သဘောကို ဆင်ခြင်ပေးပါ …
ဆင်ခြင်တာဟာ ဓမ္မ practise ပဲ …
တင်ပလ္လင် ခွေပြီး
လက်ကြီးယှက် ထိုင်နေမှ မဟုတ်ဘူးနော် …
ဘယ်လို ထိုင်ထိုင်
မတင့်တယ်မတယ် အခြေအနေတွေ တစ်ခုစီတစ်ခုစီ
ခန္ဓာကိုယ် ရဲ့ ( ၃၂ ) ကောဋ္ဌာသကိုကြည့်
တစ်ခုမှ သိမ်းထားစရာမရှိဘူး …
ကိုယ့်ဆံပင်ပဲ ခေါင်းနေတော့
ဟုတ်တုတ်တုတ်ရှိတယ်
လှအောင် ပြင်ကြတယ် , ဆေးဆိုးကြတယ် …
အဲဒီ ဆံပင်ချည်လေး တမျှင်သာ
ထမင်းပန်းကန်ထဲ ပါလာလို့ရှိရင် ရွံကြတယ် …
လူတွေဟာ
အံ့သြစရာတော့ ကောင်းတယ် …
ဒီ ဆံပင်ပါပဲ
ခေါင်းပေါ်နေရင်တော့လည်း အကောင်းသား
နေရာရွေ့သွားတာနဲ့ မလိုချင်ကြတော့ဘူး …
ကိုယ့်ရဲ့ ပါးစပ်ထဲမှာ တံထွေးတွေရှိတယ်
အပြင်မထွက်သေးသမျှ အကောင်းပဲ
မြိုချနေကြတာ …
အပြင်ထွက်တာနဲ့ တစ်ပြိုင်နက်
အမယ်လေး ရွံတာ …
အဲဒီလိုပဲ
အားလုံးဟာ အပြင်မထွက်သေးရင် အကောင်း
အပြင်ထွက်လိုက်တာနဲ့ တစ်ပြိုင်နက် ရွံစရာ …
ဒါကို ဆင်ခြင်တွေးတောတာကို
အသုဘလို့ ပြောတာနော် …
အသုဘဆိုရင် Funeralသွားပြီးတော့
အောက်မေ့မနေနဲ့ …
အဲဒီတော့
အသုဘကို ဆင်ခြင်စဉ်းစားခြင်းဖြင့်
ခန္ဓာကိုယ်ပေါ်မှာ တွယ်တာတပ်မက်တဲ့
တဏှာလောဘကို ဖယ်ရှားပစ်နိုင်ပါတယ် …
အဲဒါ ဖယ်ရှားပစ်နိုင်မှ
လောဘက လွတ်သွားမှာ
လွတ်သွားမှ လွတ်မြောက်တဲ့ စိတ်ဆိုတာ ရမှာ
နို့မို့ဆိုရင် တွယ်နေမှာ မလွတ်မြောက်နိုင်ဘူး …
#ပါချုပ်_ဆရာတော်_ဘုရား
Credit , Original Uploader
No comments:
Post a Comment