သည်းခံစိတ်ကြီးမားလွန်းလှတဲ့ ဆရာတော်
========================
ကုန်းဘောင်ခေတ်
မင်းတုန်းမင်းလက်ထက်တုန်းက
မတ္တရာဆရာတော်
ဆိုတာရှိခဲ့ဖူးတယ်။
သည်းခံစိတ်ကြီးမားလွန်းတယ်လို့
နာမည်ကြီးတယ်။
ဆရာတော်က နေ့လယ်ဘက်ကျိန်းလျက်ရှိစဉ် ကျောင်းသားငယ်တွေက
ဆူညံအော်ဟစ်ပြေးလွှား ကစားနေကြရာ
ဦးပဉ္ဇင်းများက ရိုက်မယ်လုပ်တဲ့အခါ
ဆရာတော်ကြီးက-
" မရိုက်ကြပါနဲ့ ၊ တို့ငယ်ငယ်ကျောင်းသားဘ၀တုန်းကလည်း သူတို့ထက်တောင် ပိုဆော့ပါသေးတယ်။ ငါလည်း အကျိန်းမပျက်ပါဘူးဟု" ဆိုပါတယ်။
သည်းခံလွန်းတဲ့ ဆရာတော်ဆိုပြီး
နာမည်ကြီးတော့ မင်းတုန်းမင်းက သူ
့အထောက်တော်တွေကို စမ်းသပ်ကြည့်ဖို့
လွှတ်လိုက်ပါတယ်။
အထောက်တော်တွေက
ကပ္ပိယဟန်ဆောင်ကာ ဆွမ်းဝင်ချက်ကြပါတယ်။ ပထမအကြိမ် ဆွမ်းကို ခပ်ပျော့ပျော့ချက်တယ်။ ဆရာတော်က "အ၀ါးရသက်သာတာပေါ့" ဟုပြော၏။ နောက်အကြိမ် ဆွမ်းကိုမာမာချက်တယ်။ ဆရာတော်က " ဒီလိုဝါးပြီးဘုဉ်းပေးမှအရသာရှိတာ" ဟု ဆို၏။
နောက်အကြိမ်
ဆွမ်းဟင်းချက်တော့ ဆားမပါပဲ ချက်တယ်။
ဆရာတော်က"ရေငတ်ပြေတယ်" ဟု မိန့်၏။
နောက်အခါ ဆားများများထည့်ပြီးချက်တယ်။ ဆရာတော်က "ဆားများတော့သွေးကြေတယ်" ဟု ခွင့်လွှတ်ပြန်တယ်။
အထောက်တော်များက တစ်ဆင့်
ဆရာတော်ရဲ့သည်းခံမှုကြီးမားပုံကို
မင်းတုန်းမင်းသိတဲ့အခါ နန်းတော်ကိုပင့်ဖို့ ကြံတယ်။ ညီတော်ကနောင်မင်းသားကို လွှတ်ပြီးဆရာတော်ကိုပင့်စေတယ်။
လမ်းတစ်ဝက်ရောက်တော့ မဟာဒါန်ဝန်က မင်းတုန်းမင်းရဲ့စာကိုပြပြီး
"ဆရာတော် အသက်ကြီးလှပြီဖြစ်တာကြောင့် မတ္တရာသို့ပင် ပြန်သတင်းသုံးပါ"
ဟုပါရှိပါတယ်။
ထိုအခါ ဆရာတော်က-
"ဟုတ်ပေတယ်၊ ကျောင်းမှာစာသင်သားတွေရှိနေတယ် ၊ စာမသင်ရရင် သူတို့ ၀မ်းနည်းကြလိမ့်မယ်" ဟု ဆို၏။
တစ်လခန့်အကြာတွင် မင်းတုန်းမင်းက ဆရာတော်အတွက် နန်းဦးကျောင်းကို ဆောက်လုပ်ပြီး ဆရာတော်ကို သွားပင့်စေပြန်ပါတယ်။
ဆရာတော်က "မဟာမုနိဘုရားကြီး မဖူးရတာကြာပြီ အတော်ပဲ" ဟုမိန့်ကာ လိုက်လာပြန်တယ်။ မြို့ရောက်တော့ မင်းတုန်းမင်းက ကျောင်းကြီးကိုရေစက်ချလှူဒါန်းပါတယ်။
မင်းတုန်းမင်းက မကျေနပ်သေး။
ထပ်စမ်းပြန်ပါတယ်။ သိပ်မကြာခင်
မင်းတုန်းမင်းအမိန့်နဲ့ နန်းဦးကျောင်းဝန်းအတွင်းမှာပဲ ထန်းရွက်မိုးထားတဲ့ ယာယီကျောင်းငယ် တစ်ခု ဆောက်စေပြန်ပါတယ်။ မဟာဒါန်ဝန်က
"ဆရာတော် နန်းဦးကျောင်းတိုက်ကြီးပေါ်တက်ရဆင်းရတာ ပင်ပန်း လှပါတယ်ဘုရား ၊ ထန်းရွက်ကျောင်းငယ်မှာပဲ သီတင်းသုံးတော်မူပါဘုရား" ဟု လျှောက်သော် ဆရာတော်က-
"ဟုတ်ပေတယ် လူအိုဖြစ်တော့ သတိထားရတယ်။ တရားနာသူတွေလည်း တက်ရဆင်းရ၀န်လေးရှာမယ် ။ အောက်မြေပြင်မှာပဲ ကောင်းပါတယ်" ဟု မိန့်တယ်။
မကြာမီ ကျောင်းတိုက်ကြီးပေါ် ပြန်တက်ပြီး
သီတင်းသုံးရန် လျှောက်ပြန်တယ်။ ဆရာတော်က
"မိုးလုံလေလုံတော့ တရားနာပရိသတ်လည်း
အအေးမမိဘူးပေါ့" မိန့်ကာ ကျောင်းကြီးပေါ်ပြန်တက်ပါတယ်။
ဆရာတော် သည်းခံစွမ်းအားကြီးလှပါလား ဆိုကာ မင်းတုန်းမင်းက အရမ်းကြည်ညိုသွားတယ်။
ဒီသည်းခံစိတ်ကြီးမားလှတဲ့
ဆရာတော်ဟာ နောက်ဆုံးမှာလည်း
သည်းခံစိတ်မွေးရင်း ပျံတော်မူသွားတယ်။
လက်ယာဘက် ခြေသလုံးကြွက်သားမှာ
လက်သီးဆုပ်ခန့် အနာပေါက်တယ်။ အခြေအနေ ဆိုးလာလို့ သမားတော်တွေက ခွဲမယ်စိတ်မယ် ပြုတော့ ဆရာတော်က ဆေးကုမခံ ၊ အနာရှိပိုးမွှားများကို သနားလှတာကြောင့်
"နေပါစေကွယ် သူတို့အိုးအိမ်ပျက်သွားပါဦးမယ်" ဟု မိန့်ကာ ပျံလွန်တော်မူသည် အထိသည်းခံစိတ်ကြီးမားစွာမွေးသွားခဲ့ပါတယ်။
Credit
No comments:
Post a Comment