Thursday, November 8, 2018

ပုန်းအောင်းပြီး ချောင်းဖမ်းပါ

🔺❝``ပုန်းအောင်းပြီး ချောင်းဖမ်းပါ´´[အလုပ်ပေး]❞

🐅မိလိန္ဒမင်းကြီးက ရှင်နာဂသိန်ကို •••
“အနိစ္စ, ဒုက္ခ, အနတ္တ ဆိုတဲ့တရားကို ဘယ်လိုများ
ဝိပဿနာ ရှုရပါသလဲ”လို့ မေးလျှောက်တယ်။

🐅ရှင်နာဂသိန်က ဒီလိုပြောလိုက်တယ်။
မင်းကြီး၊ ကျား, ခြင်္သေ့, သစ်တို့ဟာ သားသမင်တွေကို
ဖမ်းတဲ့အခါ သူတို့ပြေးရာကို လိုက်ဖမ်းလို့
အလွယ်တကူ မရဘူး။
စောင့်ဖမ်းမှ ချောင်းဖမ်းမှ အလွယ်တကူနဲ့ ရနိုင်တယ်။

🐅အဲဒီလိုပဲ ယောဂီပုဂ္ဂိုလ်ဟာ •••
ပေါ်လာတဲ့ အာရုံတွေနောက်ကို လိုက်မနေရဘူး။
ပေါ်လာတာကလေးကို အနိစ္စ၊ ဒုက္ခ၊ အနတ္တ မိအောင်
စောင့်ပြီးကြည့်ရမယ်။
စိတ်ပေါ်တိုင်း ဖြစ်ပျက်ကိုသာရှုပါ။
စိတ်ပြေးတိုင်း လိုက်ဖမ်းနေဖို့မလိုဘူး။
စောင့်ပြီး ပေါ်တာကို ကြည့်၊ ဖြစ်ပျက်ကိုသာ ရှုပါ။
သတိကလေးနဲ့ ချောင်းပြီးဖမ်းရမယ်လို့ ဟောလိုက်တယ်။

🐅အဲဒီတော့ ခင်ဗျားတို့ သန္တာန်မှာ •••
နာမ်တရားပေါ်ပေါ်, ရုပ်တရားပေါ်ပေါ်,
ဝေဒနာပေါ်ပေါ် ပေါ်တာကို ချောင်းဖမ်းပေတော့။

🐅ဒါကြောင့် ယောဂီများဟာ •••
အောင်းလဲအောင်း ချောင်းလဲချောင်း ဆိုတဲ့
စကားလို မိမိတို့အိမ်မှာပဲဖြစ်ဖြစ် ဆိတ်ငြိမ်တဲ့နေရာ
ဆိတ်ငြိမ်တဲ့ အချိန်ကို ရွေးချယ်ပြီး အားထုတ်ပါ။
ဆိတ်ငြိမ်တဲ့နေရာကတော့ တောပါပဲ။
ဒီလို ဆိတ်ငြိမ်တဲ့နေရာမှာနေပြီး
သားကောင်နဲ့တူတဲ့ စိတ်အမျိုးမျိုးပေါ်လာတာကို
မိအောင် သတိနဲ့ စောင့်ပြီး မိအောင်ဖမ်းပါ။
   
🐅အဲဒီတော့ •••
ဝိပဿနာအားထုတ်တဲ့နေရာမှာ
“ပုန်းအောင်းမှုနဲ့ ချောင်းမြောင်းမှု” ဒီ ၂-ခုကို စွဲကိုင်ထားပါ။
ပုန်းအောင်မှုအတွက် ဆိတ်ငြိမ်ရာကိုရှာပါ။
ထိုင်ပါ၊ ထိုင်ပြီးတော့ သတိ၊ သမာဓိနဲ့ချောင်းမြောင်းပြီး
ပေါ်လာတာဟူသမျှကို ပညာနဲ့မိအောင်ဖြစ်ပျက်ရှုပါ။

🐅ဒီတော့ဆိတ်ငြိမ်တဲ့နေရာမှာ •••
အောင်းပြီးပေါ်လာတဲ့ရုပ်နာမ် (သားကောင်)ကို
သတိသမာဓိနဲ့ ချောင်းပြီး ပညာနဲ့ အနိစ္စ၊ ဒုက္ခ၊ အနတ္တ
မိအောင်ဖမ်းပါ။

🐅ရှုတဲ့အခါမှာ •••
ပထ၀ီ၊ အာပေါ၊ တေဇော၊ ၀ါယော၊
အာကာသ၊ ၀ိညာဏဆိုတဲ့ ဓါတ် ၆-ပါးကို
ရှုနိုင်တယ်။ ဓာတ်ဆိုတာ သူ့သဘောနဲ့ သူဆောင်ပြီး
ဖြစ်ပျက်နေကြတာပဲ •••
ဒီ ဓာတ်တွေ ဖြစ်ပျက် နေကြတာကို သိလိုက်ရင်
ဝိပဿနာဉာဏ်က မဂ်ဉာဏ်ကို ရနိုင်တယ်။
ဒုက္ခသစ္စာကို တကယ်မြင်ရင် နိဗ္ဗာန်ရတော့တာပဲ။

🐅ဒါကြောင့် ဓာတ် ၆-ပါးကို ရှုကြပါ။
ဝိညာဏဓာတ်ဆိုတဲ့ စိတ်ပေါ်တိုင်းဖြစ်ပျက်ရှုပါ။
ဓာတ် ၆-ပါးကို ကြိုက်ရာရှုပါ။
သို့မဟုတ် ဝေဒနာ တွေကိုလဲ ပေါ်ရာရှုပါ။
ဒါမှမဟုတ် မျက်လုံးနဲ့ အဆင်း၊ နားနဲ့အသံ၊ လျှာနဲ့
အရသာ၊ ကိုယ်နဲ့ အထိအတွေ့၊ စိတ်နဲ့ အာရုံတွေ့တာ
တွေဟာ ဖဿ ပေါ်တာပဲ။
ဒီ ဖဿဟာ အကြောင်းတိုက်ဆိုင်လို့ ပေါ်လာပြီး
ချုပ်ပျောက်သွားတာပဲလို့ သိနေပါ။
   
🐅ဒီလိုသိလိုက်တော့ •••
သြော် - “ဒီ တရားတွေဟာ သူ့အကြောင်းနဲ့သူ
သူ့သဘောနဲ့သူ ဖြစ်ပေါ်ပြီးပျောက်ပျက်သွားပါကလား၊အစိုးမရတဲ့ အနတ္တတရားတွေပါကလား”
ဆိုတာသိတော့ အနတ္တဉာဏ် ရလာတော့တာပဲ။
အနတ္တဉာဏ်ရရင် နိဗ္ဗာန်ရောက်တော့တာပဲ •••

🐅ဥပမာ- ခန္ဓာကိုယ်မှာ ဝေဒနာပေါ်တယ်
ဒီဝေဒနာဟာ သူ့သဘောနဲ့သူ၊အကြောင်းတိုက်ဆိုင်လို့
ပေါ်လာတာပဲ။ ဖြစ်ပြီးပျက်သွားတာပဲလို့ သိပေးပါ။
ဒီလို ဝေဒနာသဘောကို မသိပဲ ငါနာတယ်၊
ငါဖျားတယ်လို့ ငါစွဲ စွဲနေရင် တဏှာလိုက်နေမယ်။
တဏှာလိုက်ရင် ဥပါဒါန်၊ ကံတွေလိုက်ပြီး •••
သံသရာလည်တော့တာပဲ ။

🐅ဒီတော့ •••
ဝေဒနာပေါ်တိုင်း ဖြစ်ပျက်ရှု၊သူ့သဘောအတိုင်း
အကြောင်းတိုက်ဆိုင်လို့ ပေါ်လာတာပဲ။
ဒါ “ဓာတ်သဘောပဲ၊ ငါမဟုတ်ဘူး၊
ငါနဲ့ မဆိုင်ဘူးလို့” သိရင် ဝေဒနာ နောက်က
တဏှာမလိုက်တော့ဘူး။ တဏှာချုပ်သွားတယ်။

🐅တဏှာချုပ်ရင် ဥပါဒါန်၊ ကံတွေချုပ်တော့ -
နိဗ္ဗာန်ရောက်တော့တာပဲ၊ ဒီတော့ ဝေဒနာနောက်က
တဏှာမလိုက်အောင် ဝေဒနာကို ဖြစ်ပျက်ရှု၊
ဝေဒနာ ဖြစ်ပျက်မြင်ရင် တဏှာချုပ်တယ်။
အဲ - တဏှာချုပ်ရင် နိဗ္ဗာန်ရတာပဲ။

✧ မိုးကုတ်ဆရာတော်ဘုရားကြီး၏ သြ၀ါဒတရားများမှ
(၁၃၁၇-ခု၊ တော်သလင်းလပြည့်နေ့၌ ဟောကြားသည်)

ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီး

  သတ္တဝါ မှန်သရွေ့ တရားတွေ့ " မဂ် ဖိုလ် နိဗ္ဗာန် " ချမ်းသာရကြပါစေ ။

No comments:

Post a Comment