Monday, December 3, 2018

အရိယာဉာဏ်​ ရလိုသူသည်

❝ အရိယာဉာဏ်​ ရလိုသူသည်​ ❞

၁။ သစ္စာတရားဟောပြနိုင်သော
ဆရာကောင်းကိုရှာဖွေရမည်။ (သပ္ပုရိသ သံသေဝ )

၂။ တရားများကို နာယူရမည်၊ (သဒ္ဓမ္မသဝန )

၃။ နှလုံးသွင်းမှန်အောင် ဆင်ခြင်နိုင်ရမည်။
( ယောနိသော မနသီကာရ )

၎။ လောကုတ္တရာ တရား ၉ ပါး အား
လျော်သောအကျင့် ကို ကျင့်ရမည်။( ဓမ္မနုဓမ္မပဋိပတ္တိ )

~~~~~

၁။ ❝ သစ္စာတရားဟောပြနိုင်သော
ဆရာကောင်းကိုရှာဖွေရမည် ❞ (သပ္ပုရိသ သံသေဝ )

သစ္စာတရားဟောတတ်သော
ဆရာသမားကောင်းရှိခြင်း၊ တွေ့ ခြင်းသည်
အလွန်အရေးကြီးလှသည်။

သစ္စာတရားများကို
ခန္ဓာဥာဏ်ရောက်အောင်
သင်ပြပေးနိုင်သောဆရာကောင်း
အရိယာသူတော်ကောင်းများ ထံမှ
အဖိုးမဖြတ်နိုင်သည့် အဆုံးအမစကားများသည်
သိမ်မွေ့ နက်ရှိုင်း ခက်ခဲလှသော
ငါ ယောင်ယောင် •••
အယူမှား အမှတ်မှား အထင်မှား အစွဲမှား များကို
အချိန်တိုတိုအတွင်းမှာ အမြင်မှန် လမ်းမှန်သို့
လျှောက်စေ ရောက်စေနိုင်သည်၊

ယထာဘူတံ ဥာဏာယ သတ္တာ
ပရိယေသိတဗ္ဗာ - ယထာဘူတဥာဏ်ရနိုင်ဘို့ ရန်
ဆရာမှန်ရှာအပ်သည်ဟု မြတ်စွာဘုရားသည်
၄၄-ကြိမ်တိုင်တိုင် သတိပေးတော်မူခဲ့ သည်။

ဆရာသမားကောင်း၊ မိတ်ဆွေကောင်းရှိခြင်း၊
ထိုထိုဆရာသမားတို့ ၏စောင့်ရှောက်မှုကိုခံရခြင်း၊
အဆုံးအမစကားများနာကြားရခြင်းသည်
အရိယာမဂ်ဆိုက်ဘို့ ရန် နိဗ္ဗာန်ရောက်ဘို့ ရန်
၁၀၀% ရာနှုန်းပြည့်သေချာသည်ဟု မြတ်စွာဘုရား
မိန့် ကြားခဲ့ သည်၊

ဘဝသံသရာကြီးမှ
လွတ်မြောက်ဘို့ ရန် ဆရာကောင်းရှိရမည်၊
ဆရာကောင်း၏အဆုံးအမများသည်
နိဗ္ဗာန်အမြင်ရနိုင်ဘို့ ရာဦးတည်လျက် သုတမယဥာဏ်
( သုတ = ကြားခြင်း မယ = ပြီးမြောက်ခြင်း)
အကြားအမြင်နှင့် ပြီးမြောက်သော ဥာဏ်ကို
အချိန်တိုတိုအတွင်း၌ပင်ဖြစ်စေနိုင်သည်။

ဥပမာ- အာရုံ ဒွါရတိုက်၍
ပေါ်လာသမျှသော စိတ် (သဘောခန္ဓာများ) သည်
ချက်ခြင်းပင်ပျက်စီးသွားသဖြင့် ( အနိစ္စ) မမြဲ၊
( ဒုက္ခ) ဆင်းရဲမှုသက်သက် ၊ ဒုက္ခသစ္စာ၊
သူ့ သဘောသူဆောင်ကိုယ်မပိုင်သော (အနတ္တ)
ဓာတ်သဘောမျှသာဖြစ်သည်ဟု
အဖိုးမဖြတ်နိုင်သောသစ္စာဆိုက်တရား ပြောပြ
ဟောပြသော ဆရာ့စကားများကို မှတ်သားလိုက်ရုံနှင့်
ကိလေသာများ တစတစ ခန်းခြောက်ရတော့မည့်
ပါရမီရှင်ဖြစ်ကြရပေမည်။

သပ္ပုရိသသံသေဝ
(ဒိဋ္ဌိပြုတ်၊သစ္စာဆိုက်ခန္ဓာဥာဏ်ရောက်
တရားများကိုဟောပြောပေးနိုင်သောဆရာ)ရှိပါက
သံသရာမှ ၁၀၀ %လွတ်မြောက်ရန်သေချာပေသည်ဟု
မှတ်ချက်ချလိုက်ပါ။

➖➖➖

၂။ ❝ တရားများကို နာယူရမည် ❞(သဒ္ဓမ္မသဝန )

ဒိဋ္ဌိ ဖြုတ်တရားများ၊ သစ္စာဆိုက်တရားများကို
နာကြားခြင်းသည်အဖိုးမဖြတ်နိုင်သောတရားထူးရရန်
အလွန်အရေးကြီးပေသည်။

အဘိဓမ္မာကိုသင်ယူလေ့လာခြင်း၊
တရားနာခြင်းသည်လွန်စွာအကျိုးများပေသည်၊
ပညာဉာဏ်ကို ပို၍ ထက်သန်စေသည်။

တရားနာ တရားအားထုတ်သည် ဆိုသည်မှာ
အစာစားသကဲ့ သို့ ၊
ခန္ဓာကိုယ်အတွက် အာဟာရသည်
အထောက်အပံ့ တခုဖြစ်သဖြင့် ဆာလည်းစား ၊
မဆာလဲစား ၊ ကြိုက်လည်းစား ၊ မကြိုက်လည်းစား၊
စားချင်လည်းစား၊ မစားချင်လည်းစား ရမည်သာ။

ထို့ အတူ တရားနာခြင်းအလုပ်ကို
နာချင်လည်းနာ၊ မနာချင်လည်းနာ သင့်သည်၊
တရားအားထုတ်ခြင်းကိုလည်း
အားထုတ်ချင်လည်းထုတ်၊
အားမထုတ်ချင်လည်းထုတ်သင့်ပေသည်။

ဘုရားစကားများအဆုံးအမ များကို
နားလည်အောင်ကြိုးစားသင်ယူရမည်၊ ဘုရားစကား
အဆုံးအမများကို တရားနာယူ ကျင့်သုံးမှသာ သိနိုင်
နားလည်နိုင်သည်၊ လောကစကားတွေအားလုံး
နားလည်လာမည်။

အရိယာသူတော်ကောင်းများသည်
ရုပ် ရယ်၊ နာမ် ရယ် ၊ တရားရယ် ထို သုံးဦးနှင့်သာ
ပျင်းရိခြင်းမရှိ အဖော်ပြုနေ ကြသည်။

ပုထုဇဉ်များ မကောင်မှုများလုပ်၊
မကောင်းသည်များပြော၊ မကောင်းမှုများကြံစည်
နေကြခြင်းသည်မှာ အဆန်းမဟုတ်ပါ၊
သူတို့ မကောင်းသည်မှာ ကိုယ်နှင့်မဆိုင်။

ကိုယ့်အလုပ်သည် တရားရဘို့ ၊
တရားရှုမှတ်ဘို့ သက်သက်သာ၊ တရားနှင့် နေကာ
တရားနှင့်ဖြေကာ လူ့ ဘဝခဏလေးမှာ ခန္ဓာအတွက်
စီးပွားရှာရင်း၊ တရားရအောင်တရား နာ၊
တရားရှိအောင် တရား ရှုမှတ်ကြရမည်သာ။

➖➖➖

၃။ ❝ နှလုံးသွင်းမှန်အောင် ဆင်ခြင်နိုင်ရမည် ❞
( ယောနိသော မနသီကာရ )

တရားနှင့် အိပ်စက်ခြင်း၊ တရားနှင့် နိုးထခြင်း၊
တရားနှင့်နေ့ စဉ် နေစဉ် မွေ့ ပျော်ခြင်းသည် အပ္ပမာဒ
တရား မမေ့မလျော့တရားနှင့် နေခြင်းမည်၏။

မည်သည့် ပုဂ္ဂိုလ်မဆို
အဖိုးတန်လှသော သာသနာတွင်းကာလနှင့်
ဆုံခိုက်၊ ကြုံခိုက် တရားအားထုတ်သင့်သည်။
တရားအားထုတ်ဘို့ ရန် အားသည်ဖြစ်စေ၊
မအားသည်ဖြစ်စေ ကြိုးစားရှုမှတ်သင့်သည်။

သေချင်သည်ဖြစ်စေ၊ မသေချင်သည်ဖြစ်စေ
မုချမသွေ သေကြရမည်သာ၊ သေချိန်ရောက်သော်
မအားသေး ဟုပြော၍ မရ။

ဝိပဿနာတရားအားထုတ်သည် ဆိုသည်မှာ
တရားကို အချိန်တိုင်းနှလုံးသွင်းနေရမည့် ”စိတ် ”
အလုပ်သာဖြစ်သည်၊

သတိသည်အရေးအကြီးဆုံး
ထိတိုင်းထိတိုင်း သိသိနေ၊ သိတိုင်းသိတိုင်း
ဖြစ် ချုပ်ကာ မမြဲ ၊ ဆင်းရဲ၊ မခေါ်ဘဲ ပေါ်လာသော
အာရုံများ မနှင်ဘဲ ပျောက်ပျောက်ကာ သွားကြ
သည်ကို မြင်အောင်ကြည့်ပါ၊

ဖြစ်လာကာ ပျောက်သွားသော
အာရုံအားလုံးကို သိ သိ သိ သိ နေမှုသည်
တရားရှုမှတ်ခြင်းမည်၏၊ တခြားလူသိစရာမလို ။
ကိုယ်၏စိတ်အလုပ်ကိုယ်သာသိနေစေ။

သတိမြဲစေ၊ ကြာကြာရှုနိုင်လေ
ကိလေသာကြားမခိုလေပါဘဲ၊ ပေါ်တိုင်းပေါ်တိုင်း
သိသိနေ၊ သိသိစိတ်ကို ဥာဏ်နဲ့ ကြည့်၊ မရှိတာတွေ့ 
တာဥာဏ်ကူတာ၊ သိတဲ့ စိတ်ကို ” ငါ ” မရောစေနဲ့ ၊
ဝိပဿနာတရားအားထုတ်ခြင်းသည်
စိတ်ကိုပြု ပြင်သောအလုပ်၊ အဝတ်ပြောင်းစရာ၊
ဂူအောင်းစရာ မလို၊သွားရင်း၊ လာရင်း၊ ထိုင်ရင်း၊
ထရင်း၊ စကားပြောရင်း၊ အလုပ်လုပ်ရင်း ရသမျှအချိန်
ရသလို သတိရှိကာ နှလုံးသွင်းနေရန်သာ။

မြင်သည့်အပေါ် ကြားသည့်အပေါ်
အနံ့ ရသည့်အပေါ် စားသည့်အရသာအပေါ်
ထိသည့်အပေါ် တွေးကြံသည့်အပေါ် သတိထား၊
သတိထားလျှင် တရားမြင်မည်၊ သတိမထားရင်
အမှားဝင်မည်။

➖➖➖

၎။ ❝ လောကုတ္တရာ တရား ၉ ပါး
(မဂ်လေးတန် ဖိုလ်လေးတန် နိဗ္ဗာန် )
အားလျော်သောအကျင့် ကို ကျင့်ရမည် ❞
( ဓမ္မနုဓမ္မပဋိပတ္တိ )

သီလ၊ သမာဓိ၊ ပညာကိုလက်ကိုင်စွဲ၍
ဝိပဿနာဘာဝနာ ကို နေစဉ်ရော၊ နေ့ စဉ်ပါ ရှုပွား
ကျင့် သုံးရမည်။

ခန္ဓာကသူ့ တရားသူပြမည်
ကြည့်တတ်ဘို့ ကအဓိက၊ တရားအားထုတ်ရာ
နည်းမှန် လမ်းမှန် အားထုတ်ပါက အတော်သက်သာ
သောအလုပ်ဖြစ်သည်။ အလွန်အေးချမ်းသောအလုပ်၊
အလွန်ငြိမ်းချမ်းသောအလုပ်ဟုမှတ်ယူ၍
ကျင့်သုံးသင့်ကြပေသည်၊

ခန္ဓာကပြသော အရှိ
( ရုပ်သဘော၊ နာမ်သဘော ) ကို
အသိ ( ပညာဥာဏ် ) ဖြင့် ပစ္စုပ္ပန် တည့်တည့်တွင်
သတိထားကြည့်နေရုံသာ။

အပြင်မှာ လောကဓံများ မည်သို့ ပင်
တိုက်ခိုက်ပါစေ၊ အတွင်း၌ တရားရှုမှတ်ရင်း
အေးချမ်းအောင်နေတတ်ရမည်၊၊ တရားသိအောင်
တရားနာ၊ တရားရှိအောင် တရားရှု၊
တရားအားထုတ်ရင်းနေတတ်သူ သည် အရှုတ်ထဲမှာ
ရှင်းအောင်နေတတ်သူမည်၏။

တရားသိမှ တရားမြင်မှ
တရားရှိမှ တရားကျင့်မှ အကုသိုလ်ပယ်၊
ကုသိုလ်နှင့် ကယ်နိုင် ဆယ်နိုင်မည်၊ အရှုံးထဲမှ
အမြတ်များရလာမည်၊ လောကီတဘဝချမ်းသာထက်
လောကုတ္တရာ တသံသရာလုံးမှာ ချမ်းသာမည့်
ဝိပဿနာအလုပ်လုပ်ရခြင်းသည် သေချာပေါက်
အကျိုးရှိမည်ကို တရားရှိ၊ တရားသိမှသာ
အမှန်မြင်လာနိုင်သည်၊

စိန္တာမယဥာဏ်
(စိန္တာ =ကြံခြင်း၊ မယ = ပြီးမြောက်ခြင်း)
ကိုယ့်ခန္ဓာ ကိုယ်ကိုဥာဏ်ဖြင့်ကြည့်ကာ အကြံနှင့်
အပြီးအစီးသို့ ရောက်သောဥာဏ်၊ ထိုဥာဏ်သည်
ကိလေသာခန်းခြောက်ရုံသာမက ကိလေသာ
ပျောက်စေသည်။
တရားနာလျှင် ကိလေသာ ခန်းခြောက်စေကာ
ကိုယ်တိုင် တရားရှုမှတ်ပွား များလျှင် ကိလေသာ
တစတစ ပျောက်ကာ ဒိဋ္ဌိ၊ ဝိစိကိစ္စပယ်သတ်က
အရိယာ သောတာပန်ဖြစ်ပေမည်၊

ဆရာကောင်း၏သစ္စာဆိုက်တရားများ
လိုအပ်၍ အရေးကြီးသကဲ့သို့ မိမိကိုယ်လဲ
ကောင်းအောင် ကိလေသာပျောက်တရားများ
ရှုမှတ်ပွားများ နှလုံးသွင်းမှန်ဘို့ ရာအရေးကြီးပေသည်။

【 အရှင်ဝါသေဋ္ဌာဘိဝံသ 】

❁ အပ္ပမာဒေန သမ္မာဒေထ ✍
သတ္တဝာမှန်သမျှ တရားတွေ့ ချမ်းမြေ့သာယာပါစေ
Credit:

No comments:

Post a Comment