Wednesday, December 19, 2018

ငါးအိုး သမိုင်း

ငွေစက်အောင်ကျောင်းတိုက်
ဆရာတော် ဦးပဒုမ ရေးသားသော
⚜ ငါးအိုးကြီး၊ ငါးအိုးငယ်၊ ကောင်ပင်္လာ၊ နွားတလှည့် ⚜ 
🔰🇲🇲🔰 သမိုင်းအကျဉ်း 🔰🇲🇲🔰
♻♻♻♻♻♻♻♻♻♻♻♻♻♻♻♻
ငွေစက်အောင်ကျောင်းတိုက် ဆရာတော်
ဦးဇောတိက မှ ဓမ္မဒါနထုတ်ဝေသောစာအုပ်ကို ပြန်လည်ကူးယူ စာစီပြီးတင်ထားပေးပါသည်။ 
♻♻♻♻♻♻♻♻♻♻♻♻♻♻♻♻
🔰 စာ (၁) 🔰
⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

⚜⚜⚜⚜⚜⚜⚜⚜ (နိဒါန်း) ⚜⚜⚜⚜⚜⚜⚜⚜
     မြန်မာတိုင်းဘွားတန်ခိုးတွားသည့် မျိုးသားစုံလင် ပညာရှင်တို့ ဒို့တွင်ဖြစ်ပုံအလုံးစုံကို အာရုံမျက်မြင်သိစေချင်၍ ကောင်းပင်ဇာတ်စုံအဖုံဖုံနှင့် ရဂုံသာမောရေတောလွင်ပြင် ကုန်းကျည်းခင်ဖြင့် ဖြစ်စဉ်ဖြစ်ကြောင်း ဖြစ်ကောင်းသောနည်း နိသျည်းကို သိပ်သည်းသေချာပြဆိုပါအံ့။
     ပညာကြီးကျယ်ကဝိနွယ်တို့ အကယ်မုချမမျှတ၍ ဆန္ဒမတူတွေ့ရှိမူကာ ငြူစူချုပ်ချယ်ပြစ်တင်ဖွယ်မှကြဉ်ဖယ် ဤသာစိတ်ကောင်းရှာလျက်လိုရာမှတ်သား သုတပွားဘို့ တရားချင့်ကာစေတနာဖြင့် ယူရာယူကြောင်းတိန်းစောင်းမယိုင် ကျောက်စာတိုင်သို့ကြံခိုင်စေကြောင်း မေတ္တာလောင်း၍ ခေတ်ကောင်းသည့်ခိုက် ဂရုစိုက်လျှက် အသက်ခန္ဓာမငဲ့ညာဘဲ လင်္ကာပါ- သား စီကာထား၍ အများလူရှင်ရှုဆင်ခြင်ဘို့ ရာဇဝင်သမိုင်း ထုတ်ဖော်လှိုင်းသည် လူတိုင်းနှစ်သက်ကြပါစေကုန်သတည်း။
     ငါးအိုးကြီး၊ ငါးအိုးငယ်၊ နွားတလှယ်၊ ကောင်းပင်္လာ၊ အင်နီ၊ ပေါ်ခေါင် ဟု ဘာကြောင့်ခေါ်ကြသလဲ....ဘာကိုအစွဲပြု၍ခေါ်ကြသလဲ... အကြောင်းကဘယ်လိုရှိပါသလဲဟု သူမေးဘွယ်ရှိသောကြောင့် တစ်နှစ်အံကျ ဝစနတ္ထနှင့်တကွ၊ အာဂမယုတ္တိ၊ သဘာဝယုတ္တိရှိအောင် ပျုပ္ပတ္တိကိရိယာတို့နှင့် သိသာရန်သုတ်ရုပ်ရှင်း၍ ယုံမှားခြင်းကင်းကြစေရန်တစ်ချက်၊ ရှေးအထက်ရာဇဝင်တိုသည် လွင့်စင်ပျောံပျက်၍မသွားစကောင်းတစ်ချက်၊ နောက်အဆက်သုသေသနတို့သည် အလိုဆန္ဒလွယ်ကူစွာပြည့်ဝစေခြင်းငှါတစ်ချက်၊ ဤအရပ် ကူဒေသတို့သည် အညတြအရပ်ဟုထင်မှတ်၍ နေကြကုန်သောသူတို့၏ အထင်ရုဠီကို ပြန်ရုပ်သိမ်းကြစေလိုသည့်တစ်ချက်၊ ထူးမြတ်သည့်နေရာဟု သေချာစွာသိကြရသဖြင့် တိဟိဋိဥက္ကဌိကုသိုလ်ဇော၊ သိတ္တုပ္ပါတ်တို့သည် တဖျပ်ဖျပ်ဖြစ်ပေါ်ကြစေရန်တစ်ချက်၊ ဆရာတော်၏ရည်ရွယ်ခြင်းမှာတော့ပြည်နယ်အတွင်း၌နေကြကုန်သော ဥပသကာ၊ ဥပါသကီ တို့သည် သိသင့်သိထိုက်သည်ကိုသိကြစေလိုသည့်တစ်ချက်၊ သိပြီး၍လည်း ကုသိုလ်တရားပွားများအားထုတ်ကြစေလိုသည့်တစ်ချက်၊ စိတ်ပျက်စရာအလွန်ကောင်းလှသော တေဘုမ္မကဝဋ်ဒုက္ခမီးအသီးသီးတို့မှ မြန်မြန်ကြီးလွတ်မြှောက်ကြစေလိုသည့်တစ်ချက်၊ နောက်ဆက်မည့်သမိုင်းစာအရကို တိုင်းဖွား ကြံဆ စရာ အခါအချိန်တန်ပြီမို့၊ အာစိ-ကံကုသိုလ်ကို အဖော်သဟဲပြုကြပါစို့လို့ ဆရာတော်ကသတိပေးသည့်အနေကို အတတ်သိကြပါသဖြင့် ဟတ္တိကို ယုန်ငယ်မထင်ကြစေဘို့ ရရုံနယ်တစ်ခွင်တွင် ကထိတစခန်းထပ်အုံးမှာမို့ နိဒါန်းတရပ်သိမ်းလိုက်ရပါတော့သတည်း။

♻♻♻♻♻♻♻♻♻♻♻♻♻♻♻♻

🔰 စာ (၂) 🔰

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

နမောတသ ဘဂဝတော အရဟတော
သမ္မာသမ္ဗုဒ္ဒသ
အရဟတာဒိသမ္ပန္ဒံ၊ ဝိမလံဝါနအစ္စယံ
ဗုဒ္ဓံဓမ္မဉ္စသံဃဉ္စ၊ ပုညစေတ္တံနမာမဟံ

♻♻♻♻♻♻♻♻♻♻♻♻♻♻♻♻

အဟံ၊ ငါးအိုးငါးအိုးငယ်နွားတလှယ်ကောင်းပင်္လာဟုဆိုအပ်သော၊ ရှေးရာဇဝင်ဂုဏ်ပုဒ်ကို ဖော်ထုတ်ရေးမည် စိတ်ကရည်၍ကြံစည်အားထုတ်နောက်မဆုတ်ဘဲ စဉ်းကုတ်၍နေ သာမထေရ်သည် အရဟတာဒိသမ္မန္နံ အရဟံအစရှိသော ကိုးပါးသောဂုဏ်တော်အပေါင်းတို့နှင့် ပြည့်စုံတော်မူသော ဗုဒ္ဓဉ္စမြတ်စွာဘုရားကို၎င်း ဝိမလံရာဂဒေါသစသည့် ညစ်ထေးကိလေသာအညစ်အကြေးတို့မှ ကင်းဝေးစင်ကြယ်စေတက်ထသော ဝါနအစ္စယံ ဝါနဟုခေါ်ရာညွန်တဏှောမှ ကောင်းစွာလွန်မြောက်စေတတ်ထသော ဓမ္မဉ္စကိုးပါးဆယ်ပါးမြတ်တရားကို၎င်း ပုညစေတ္တံ ကောင်းမှုတည်းဟူသောမျိုးစေ့တို့၏ စိုက်ပျိုးရာလယ်ယာမြေကောင်းသဖွယ်ဖြစ်တော်မူထသော သံဃဉ္စ ရှစ်ယောက်အရိယာမြတ်သံဃာကို၎င်း နာမာမိ နာစလသဒ္ဓါစေတနာဖြင့် ဂါရဝရိုကျိုးလက်စုံမိုး၍ ရှိခိုးကန်တော့လိုက်ပါ၏မြတ်စွာဘုရား။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

ပေါရာကေရာဇ ဇာတိကေ၊ နမိတွာန ကထယိ   ဿံ
မဟာဇန.  ဿ   သံကာရံ၊ ဝိနောဒါယပရံပရေ

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

     အယံငါသည်၊ နမိတွာန၊ ရတနာသုံးစုံထိပ်ဝယ်ပုံ၍၊ ပ ကောစုံညွတ်မှီး ရှိခိုးပြီး၍ မဟာဇန. ဿ   လူအပေါင်း၏ သံကေရံ၊ ယုံမှားခြင်းကို၊ ဝိနောဒါယ ပယ်ဖြောက်နိုင်ပါစေခြင်းအကျိုးငှါ ပေါရာဏေ နောက်သို့ပြန်တွေး အတော်ဝေးသဖြင့် ရှေးရှေး၌ဖြစ်ကုန်သော ရာဇ-တိကေ ယုတ်မြတ်ဆိုးကောင်း မင်းအဆက်ဆက်ဖြစ်ပေါ်ခြင်း၏ အကြောင်းကိုဖြစ်ကုန်သော ပရံပရေ မယုန်မပို၊ ကောင်းပင်္လာမင်းအဆက်ဆက်တို့သည် ကထယိ   ဿံ ၊ ကထယိ   ဿာမိ၊ တစ်နှစ်အံကျ၊ ကွက်ချင်းကြ၍ သုတအနေ ရှာကြံတွေ့မည် ကြာရှည်မှတ်စရာ မိန်ဆိုလိုက်ရပါတော့အံ့သတည်း။
     ငါးအိုးကြီးငါးအိုးငယ်၊ နွားတလှယ်၊ ကောင်းပင်္လာအင်နီ ပေါ်ခေါင် ဟုခေါ်ဝေါ်ကြသော အကြောင်းအရာများကို ကျနစွာသရုပ်ဖော်၍ နုတ်အာဘော်မချို့ယွင်းရအောင် ခပ်ရှင်းရှင်းရေးသားဖော်ပြလိုက်ရပါတော့အံ့။

♻♻♻♻♻♻♻♻♻♻♻♻♻♻♻♻

🔰 စာ (၃) 🔰

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

     ဤစာကိုမရေးမှီရှေ့အဆို၌ ငါးအိုးကြီး၊ ငါးအိုးငယ်၊ နွားတလှယ်၊ ကောင်းပင်္လာ၊ အင်နီ၊ ပေါ်ခေါင် ဟူသောအမည်နာမတို့၏ ဖြစ်ပေါ်လာရခြင်းအကြောင်းကို မျက်ဝါးထင်ထင်ပြောပြနိုင်သူ မရှိကြတော့သဖြင့် စာရေးဘို့ရာမလွယ်ကူသောကြောင့် မည်ကဲ့သို့ရေးသားရပါအံ့နည်းဟု စဉ်းစားနေစဉ် ဤကဲ့သို့စိတ်အကြံပေါ်လာခဲ့သည်။
     အဘယ်ကဲ့သို့ပေါ်လာသနည်းဟူမူကာ ဤအကြောင်းကိုသိကုန်သော တန်ခိုးကြီးနတ်များရှိတန်ရာ၏ဟု မှတ်ထင်ကာနတ်မင်းအများတို့ကို တိုင်ကြားလိုက်လေသည်။ အဘယ်ကဲ့သို့တိုင်ကြားသနည်းဟူမူကာ တိုင်ကြားလိုက်ပုံကတော့ ငါးအိုးကြီး၊ ငါးအိုးငယ်၊ နွားတလှယ်၊ ကောင်းပင်္လာ၊ အင်နီ၊ ပေါ်ခေါင်၊ ဟုဆိုအပ်သောအကြောင်းအရာများကို ဧကံတိတိ သိရှိကြကုန်သော တန်ခိုးကြီးမားသော အရှင်နတ်မင်းတို့သည် ဤအရပ် ဤဒေသ၌ ရှိကြကုန်မူကာ ကမ္ဘာရန်အောင်ဘုရားကြီး၏သမိုင်းမော်ကွန်းနှင့်တကွ ဤရာဇဝင်ကိုရေးသားခြင်းငှါ ကြံစဉ်စိတ်ကူး၍နေသော ငါဆရာတော်၏စိတ်၌မှီ၍ ဟုတ်မှန်သည်ကိုသာ ပြောကြားလာကြပါစေကုန်သတည်း ဟု ဓိဌာန်ပြုလိုက်သည်၊ ဤသို့အဓိဌာန်ပြုပြီးသော ခန၌ အောက်ပါအတိုင်းထင်မြင်လာရပါပေသတည်း။
     ငါးအိုးကြီး၊ ငါးအိုးငယ်၊ နွားတလှယ်၊ ကောင်းပင်္လာ၊ အင်နီ၊ ပေါ်ခေါင် ဟု ဆိုအပ်သောနေရာများတွင် ငါးအိုးကြီးမှာအခြားမဟုတ် ရှေးဦးစွာဤအရပ်၌ ရွာတည်ထောင်အံဟု အာရုံပြုပြီးလျှင် ရှစ်ပါးသီလကို ရှိသမျှသော လူကြီးလူငယ်မှစ၍ ခံယူဆောက်တည်ကုန်ပြီးခါ၊ ရွာနေရာ မြေကိုချိန်ခွင်ဖြင့်ချိန်အံ့သောငှါ၊ မြေကိုတူရွင်းဖြင့်တူးကော်လိုက်ရာ စဉ်အိုးနှုတ်ခမ်းကိုထိုးမိသဖြင့် ဤနေရာ၌ဘာရှိသနည်းဟု တူးဖော်ကြည့်လေရာ ရာဝင်အိုးပမာဏရှိသော ငွေအိုးကြီးကိုရရှိကြလေသည်။ ထို့နောက် ဤအနီးအနား၌ရှိတန်ရာသေးဟု အထင်ရှိ၍တူးကြပြန်ရာ ငွေအိုးကြီးတွေများစွာရရှိလေကုန်သည်။
   ငါးအိုးငယ်ဆိုသည်မှာလည်း ယခင်ဆိုအပ်ခဲ့ပြီးသည့်အတိုင်း ငါးဆယ်ဝင်အိုးပမာဏရှိသော ငွေအိုးတွေများစွာရရှိကြလေကုန်သည်ဟူ၏။ ၄င်းငွေအိုးကြီး၊ ငွေအိုးငယ်တွေ့ရှိရသည်ကိုအစွဲပြု၍ ငွေအိုးကြီး ရရှိရာအရပ်ကို ငွေအိုးကြီးရွာ၊ ငွေအိုးငယ်ရရှိရာအရပ်ကို ငွေအိုးငယ်ရွာဟု ပညာရှင်များကခေါ်ဝေါ်ပညတ် သမုတ်အပ်ခဲ့ကြလေကုန်သတည်း။ 
     ငွေအိုးတွေကို အဘယ်ကဲ့သို့ပြုကြသနည်း။ ၄င်းနေရာ၌ရရှိသော ငွေအိုးကြီး၊ ငွေအိုးငယ်တွေကို ရပ်သူရွာသားများသည် အချင်းချင်းတိုင်ပင်ညှိနိုင်းကြပြီးလျှင် ငွေအိုးကြီး(၇)လုံး၊ ငွေအိုးငယ်(၇)လုံး၊၄င်း(၁၄)လုံးကိုယူ၍ ကုပါလမြို့တည်ကြလေကုန်၏။ ကုပါလဟူသောအမည်သည် နောက်ပိုင်း၌ထင်ရှားလာပါလိမ့်မည်။ မြို့တည်၍ပိုလျှံသောငွေအိုးများကို ဘုရားတည် ကျောင်းဆောက် ပြုလုပကြလေကုန်သည်။

♻♻♻♻♻♻♻♻♻♻♻♻♻♻♻♻

🔰 စာ (၄) 🔰

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

     ငွေအိုး(၁၄)လုံးကိုယူ၍ မြို့ရွာတည်ထောင်ကြသည်ကို အချို့သောပညာရှင်များက တွက်ချက်၍ပြောကြသည်မှာ ငွေအိုး(၁၄)လုံးကိုယူ၍မြိုရွာတည်ကြသည် ထိုမြို့ရွာ၌ (၇)ရက်သားသမီးတို့နေထိုင်ကြသောကြောင့် (၁၄)ကို(၇)နှင့်စားသော် သုညကြွင်းသောကြောင့် ဤမြိုရွာများသည် နောင်အခါဆိတ်သုံးလတံဟု အဟောထွက်ကြလေသည်။
     ငွေအိုး(၁၄)လုံးမှကြွင်းသော ငွေအိုးများကို အရိမေတ္တယျမြတ်စွာဘုရားပွင့်တော်မူသောအခါ သာသနာပြုရန်ဟု ရွှေကမ္ဗည်းဖြင့်ရေးသာ၍ ငွေအိုးကြီး၊ ငွေအိုးငယ်နှစ်ရွာကြား၌ စုပုံမြုပ်နှံ၍ထားကြလေသည်။ နှစ်ရွာကြားဆိုသော်လည်း ငွေအိုးကြီးရွာ၏အနီးအပါးမှာပင် ဖြစ်လေသည်။ ငွေအိုးများကိုမြုပ်နှံပြီး၍ လုံခြုံရေးမရသေးသည်ဖြစ်သောကြောင့် မည်ကဲ့သိုကြံရမည်နည်းဟု တိုင်ပင်ကြရာ အကြောင်းအကျိုးတရားကိုဆင်ခြင်တတ်သော ပညာရှိတို့က ဤအရပ်ဌာန၌ တန်ခိုးကြီး၍ သာသနာတော်ကိုလေးစားသော သမ္မာဒေဝနတ်ကောင်းနတ်မြတ်များရှိတန်ရာ၏ဟု အာရုံပြုပြီးလျှင် ဘုမ္မစိုး၊ ရုက္ခစိုး၊ အာက္ခာစိုးနတ်တို့ကို ပူဇော်ပသ မေတ္တာအမျှပေးဝေပြီး ဤယခုမြုပ်နှံ၍ထားသော ငွေအိုးများကို အကူအညီအစောင့်အရှောက် ပေးတော်မူကြပါရန် အရှင်နတ်ကောင်းနတ်မြတ်အပေါင်းတို့ဟု လူအများတို့က အကူအညီတောင်းသောအခါ၌ ကောက်နှယ်တလင်းခန့်ရှိ၍ နွာလှည်းတစ်စီး လှည့်သည်လောက်သော ကျောက်ဖြာကြီးကို နတ်၏တန်ခိုးဖြင့်ယူဆောင်၍ မြုပ်နှံ၍ထားသောငွေအိုးများအပေါ်၌ ဖုံးဖိ၍ထားခဲ့ကြလေကုန်သည်။ နွားလှည်းတစ်စီးလှည့်လည်လောက်သော ကျောက်ဖြာကြီးကိုအစွဲပြု၍ ၄င်းနေရာအရပ်ကို နွားတလှည့်ဟု ယခုတိုင်းအမည်တွင်၍နေလေသည်။ ဤနေရာ၌တည်သောရွာကို နွားတလှည့်ရွာဟု အမည်တွင်လေသည်။

♻♻♻♻♻♻♻♻♻♻♻♻♻♻♻♻

🔰 စာ (၅) 🔰 
⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜ 

💠ကောင်းပင်္လာဟူသောအမည်ပြောင်လွှဲခဲ့ပုံ💠 
⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜ 
     ကောင်းပင်္လာ ဆိုသည်မှာ ကုပါလတီတိကုပါလော ယောရာက အကြင်မြို့သစ်တည်ထောင်၍နေသောမင်းသည် ဇနေ။ တိုင်းသူပြည်သားတို့ကို ကု။ မင်းကျင့်တရားဆယ်ပါးနှင့်မညီညွတ်သဖြင့် ပါလတိရက္ခတိ။ စောင့်ရှောက်တတ်၏ ဣတိတသ္မာ။ ထို့ကြောင့် သောရာဇာ။ ထိုမြို့သစ်တည်ထောင်၍နေသောမင်းသည် ကုပါလော။ ကုပါလမည်၏ ဤသို့မိန်အပ် ဝစနတ်နှင့်အညီ တိုင်းသူပြည်သားတို့ကို မကောင်းသဖြင့်စောင့်ရှောက်၍ နေတတ်သောကြောင့် ကုပါလမင်းဟု အမည်တွင်လေသည်။ ထိုမြို့ကိုလည်း ကုပါလမြို့ဟု ခေါ်ဆိုကြလေသည်။ ထိုကုပါလမင်းမျိုးသုံးဆက်သည် ယခုသည်ကား တတိယဖြစ်သော ကုပါလမင်း၏အကြောင်းဖြစ်လေသည်။ 
     ငွေအိုးကြီး၊ ငွေအိုးငယ်၊ နွားတလှည် ကုပါလအမတ်တို့သည် ကုပါလမင်း၌ အမြဲမပြတ်ခစား၍ နေကြလေကုန်၏။ ထိုသို့နေကြကုန်သော်လည်း ထိုကုပါလမင်းနှင့်အမတ်တို့သည် သဘောချင်းမတူအယူကွဲလွဲ၍ နေကြလေကုန်၏။ အဘယ်ကဲ့သို့ကွဲလွှဲသနည်း ဟူမူကာ အမတ်များကသံသရာကိုမျှော်၍ ဘုရားတည်ခြင်း၊ ကျောင်းဆောက်ခြင်း စသည်တို့ကို စေတနာနှင့်တကွပြုလုပ်လိုကြသည်။ ကုပါလမင်းသည်ကား လောကီအကြိုးကိုသာအာရုံပြု၍ မူးရစ်သောက်စားလျက် စီးပွားရေး ချမ်းသာရေးကိုသာလိုလားတောင်းတ၍ နေလေသည်။ ဤသို့သဘောချင်းကွဲလွှဲ၍နေကြသောကြောင့် အမတ်တို့သည်ကုပါလမင်းဆက်ကို ဖြုတ်ပြစ်လိုသောစိတ်များဖြင့် အချက်ကိုသာကြည့်၍နေကြကုန်လေသတည်း။ 
     ထိုကုပါလမင်းသည် အမတ်ကြီးတို့၏အယူကိုမနှစ်သက်သော်လည်း ဘုရားတည်ကျောင်းဆောက်သောအခါများ၌ ရန်ခါကိုယ်တိုင်ကိုယ်ကျဦးစီး၍ ဆောင်းရွက်ပြုလုပ်ပြန်လေသည်။ ဤကဲ့သို့ပြုလုပ်ခြင်းသည်လည်း စေတနာရှိ၍ပြုလုပ်လေသည်။ ပါတီဆွဲအနေနှင့်ပြုလုပ်လေသလော စဉ်းစားဖွယ်ရှိလေသည်။ တနေ့သောအခါ၌ ကုပါလမင်းသည် မူးကြီးမတ်ရာ သေနာပတိတို့ကို ခေါ်ဆောင်စုရုန်၍ နှီးနှောဖလှယ်ပွဲတရပ် ပြုလုပ်တော်မူသည်။ ထိုနှီးနှောဖလှယ်ပွဲ၌ ဘုရင်မင်းမြတ်က ဘယ်လိုများမိန့်ခွန်းတော်ထုတ်ပါသလဲ ဆိုရင်ဖြင့် မူးမတ်ကြီးရာ သေနာပတိ မည်ရှိထင်ရှား အမတ်များတို့ နွားတလှည့်ကျောက်ဖြာအောက်၌ များစွာသောငွေအိုးတွေရှိကြသည်ဟု ငါအရှင်ကိုယ်တော်မြတ်ကြားသိရတော်မူသည်။ ၄င်းငွေအိုးများကို ထုတ်ဖော်ယူဆောင်၍ မြို့ရွာစည်ပင်သာယာရေး စီးပွား၊ ကြီးပွားရေးကိုပြုလုပ်ခြင်းငှါ မည်သည့်အခါမှ ဘဏ္ဍာစားပြန်၍ မြုပ်နှံထားကြရန် ငါအရှင်ကိုယ်တော်မြတ် အလိုတော်ရှိသည် မိန့်တော်မူလေသည်။ 
     ထိုအခါအမတ်ပညာရှိတို့က သံတော်ဦးတင်ကြသည်မှာ တေဇောတောက်ဖြိုး ဘုန်းတန်ခိုးဖြင့် မညိုးဝေဖြာ၍ မြို့ကုပါလ စိုးပိုင်သောပြည်မသခင် ရွှေနားဆင်တော်မူပါ။ ယခင်ရှေးအခါ အတော်ကြာမြောက် နွားတလှည်ကျောက်ဖြာအောက်၌ ရှိရောက်နေငြား ငွေအိုးများသည် အရိမေတ္တယျမြတ်စွာဘုရား ပွင့်တော်မူသောအခါ သာသနာပြုကျောင်းဆောက်ရန်ဟု ရွှေကဗ္မည်းနှင့်တကွ မြုပ်နှံ၍ထားသောငွေအိုးများ ဖြစ်ပါသောကြောင့် ဗုဒ္ဓသန္တကပစ္စည်းဖြစ်၍ ထုတ်ယူသုံးစွဲခြင်းငှါ မသင့်လျှော်ကြောင်းပါဘုရုးဟု ဤကဲ့သို့တင်ကြလေသည်။ 
     ဤကဲ့သို့သောသံတော်ဦးတင်သံကို မနာခံလိုသော ကုပါလဘုရင်သည် လောဘောအတ္ထံနဇာနတိဒါသော အတ္ထံဇာနတိဟု ဘုရားဟောတော်မူသည့်အတိုင်း ဒေါသအမျက် ချောင်ချောင်ထွက်ခါ ရာဇပါပါနှင့်မိန့်ဆိုတော်မူလိုက်သည်မှာ ဟေ့ ငါဘုရင်ကွ ငါထင်ရာလုပ်မည် နောက်ထပ်တဖန် ဤကဲ့သို့သော သံတော်ဦးတင်သံကို ငါဘုရင်မကြားလို ယခုအမြန်သွား၍ ထုတ်တော်ယူဆောင်ကြရမည် တစ်ချက်လွတ်အမိန့်တော်။ ဤကဲ့သို့ အဓမ္မအမိန့်တော်ကြီးကို ထိပ်ပေါ်ကစီး၍ မိန့်တော်မူလိုက်သည်။ 
     အင်း....တယ်အာဏာပြင်းတဲ့ ရာဇာမင်းပဲနော်။ ရှေးအခါက အချို့သောမင်းတိုသည် အတတ်ပညာရှိတို့၏ စကားကိုနာမယူမူ၍ အတ္တနောမတိနှင့် ဇွတ်ထိုးလုပ်တတ်ကြလေသည်။ ဒါကြောင့် ဤလိုနေရာမျိုး၌ ဆင်ခြင်ကြဖို့ရာ ရှေးပညာရှိများရေးသားထားခဲ့သည်မှာ ဝေဂေန-လျှင်မြန်စွာ၊ ကိစ္စနိ-အမှုကိစ္စဟူသမျှတို့ကို၊ မာစကရောဟိဝါ-မိမိလည်းမပြုလေနှင့်၊ မာစကာရော ပေဟိဝါ-သူတပါးကိုလည်းမပြုစေနှင့်၊ ကမ္မေ-အမှုကိစ္စဟူသမျှတို့ကို၊ သဟသာ-အဆောတလျှင်၊ ကာရိသေ-ပြုမိမူကာ၊ မန္ဒေား-ပညာနည်းသောသူသည် တနည်းကာ၊ ပဏ္ဍိတော-ပညာရှိဖြစ်လျှက်၊ ကောဓနော-အမျက်ထွက်တော်မှု၊ နသာဓု-မကောင်း၊ အနိသမ္မကာရီ-မဆင်မချင်ပြုလေ့ရှိသော ရာဇာမင်းသည်၊ နသာဓု-မကောင်း။

♻♻♻♻♻♻♻♻♻♻♻♻♻♻♻♻

🔰 စာ (၆) 🔰 
⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜ 

❄ကုပါလမင်းနတ်ရွာစံတော်မူခြင်း ❄ 
⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜ 
     ဘုရင်မင်းမြတ်၏ထုတ်ပြန်လိုက်သော တစ်ချက်လွှတ်အမိန့်တော်ကို မှူးမတ်အပေါင်းတို့ မနာမူ၍ သဘောတူရာ ဗိုလ်ထူအများနှင့် မတရားတာကို မပြုလိုသည့် သဘောအလိုနှင့် တောခို၍သွားကြလေကုန်၏။ ဤကဲ့သို့ တောခိုသွားသော မှူးမတ်အပေါင်းအကြောင်းကို ကုပါလမင်းကြားသိတော်မူသဖြင့် မီးကိုလည်းအကြွင်းမထားနှင့် ရန်သူကိုလည်း အကြွင်းမထားသင့်သောကြောင့် ချိုကြွသည့်အမတ်ပျက်တို့ကို ရက်စက်စွာ ဇီဝိံချွေတော့မည်ဟု ရာဇိနြေ္ဒကိုမချုပ်တည်းနိုင်တော့ဘဲ ကျန်ရစ်သည့်ဗိုလ်ပါတသင်းနှင့် ဟိုဝနာအတွင်းတောခိုတဲ့အမတ်တို့ကို ခေါင်းဖြတ်မည်အကြံတော်နှင့် အမြန်ဆော်ကာ တောအခြေအနေကိုမသိပါဘဲ ဒေါဒေဟိ-ရာဇမာန်တက်ပြီး သံလျှက်ဝင့်ကာ တောအတွင်းသို့ သဘောချင်းမရှင်သည့် တောခိုအမတ်ဗိုလ်ခြေအသင်းတို့က စပါးကြီးချက်ညှိသလို ငါတို့အစာဖြစ်ရပြီဟု ဝဲယာနှလီညှပ် လှံတော်ကိုလွှတ်ကြသဖြင့် ကြမ္မာဝဋ်မကင်းသည့် ကုပါလဘုရင်မှာ သူသာလျှင်ဒါန်ပြန်ငြား၍ လှံတံဖြား၌ နတ်ရွာစံတော်မူရှာလေသတည်း။ ဤကဲ့သို့မင်းနှင့်အမတ်များ အဓိကရုဏ်းဖြစ်ပွား၍နေကြသော ခေတ္တအခါကာလ၌၄င်း၊ ဘုရားတည်ကြသောအခါ၌၄င်း၊ သံဃာတော်အရှင်သူမြတ်များ မရှိကြလေကုန်သလောဟု စောဒကတက်ဖွယ်ရှိသောကြောင့် ထိုကာလ၌ ရဟန်းသံဃာတော်များလည်းရှိကြပါ၏။ ဘုရားတည်သောအခါ၌လည်း ဦးစီး၍ရွက်ဆောင်နိုင်ကြပါကုန်၏။ ရဟန်းသံဃာတော်များရှိကြကုန်သော်လည်း တိုင်းပြည်ကိုအုပ်ချုပ်တဲ့ မင်းတို့က ကုပါလမင်းဆိုကတည်းကဘာပြောစရာရှိတော့မှာလဲ သာသနာတော်ကိုအားဖြည့်၍ မပေးကြတော့သဖြင့် ခါချီးကလေးတွေနှင့် ဘာကမှ၊ မပြောမဆိုသာတော့ပဲ တောခိုကာနေကြရလေတော့သတည်း။ 

♻♻♻♻♻♻♻♻♻♻♻♻♻♻♻♻

🔰 စာ (၇) 🔰 
⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜ 

     ထိုကုပါလမင်းနတ်ရွာစံတော်မူပြီးသည့်နောက် ထီးနန်းအဆက်ပြတ်၍ တိုင်းပြည်အုပ်ချုပ်၍ မင်းလုပ်မည့်သူမရှိသဖြင့် မြိုပြပြည်ရွာတို့၌ ဂျွမ်းသူပုန်တွေထကြွသောင်းကြမ်းလာသောကြောင့် ပညာရှိအမတ်မဟာတို့က အချင်းချင်းတိုင်ပင်ကာစစ်ရေးစစ်ရာ၌ လိမ္မာ၍ ဥာဏ်ပညာအရေအချင်းနှင့်ပြည့်စုံသော သုမန အမည်ရှိသော စစ်သူကြီးကိုရွှေးကောက်၍ ဘိတ်သိတ်သွန်းကာမင်းမြောက်ကြပြန်လေသည်။ ထိုသုမနမင်းသည် ဒါန၊ သီလ၊ ပရိစာဂံ အစရှိသော မင်းကျင့်တရားဆယ်ပါးနှင့်အညီ တိုင်းပြည်အုပ်ချုပ်မင်းလုပ်ကာ ကျောသားရင်သားမခြား မေတ္တာ ဂရုဏာထား၍ ကုပါလမြို့ကို ကောင်းပါလ ဟု ခေါ်ဆိုကြပြန်လေသည်။ ကာလရှည်လျှား၍ ကောင်းပင်္လာမြို့ဟု ယခုတိုင်အောင်အမည်တွင်လေသည်။ ယခင်ကုပါလမင်းသည် သူတပါးတို့လက်ချက်နှင့် မသက်မသာနတ်ရွာစံခဲ့ရသော်လည်း ဘုရားတည်ကြစဉ်အခါ၌ ရံခါ ကိုယ်တော်လိုက်၍ ရွက်ဆောင်ပြုလုပ်ခဲ့ဘူးသော ဗုဒ္ဓပါဇနိယ ကုသိုလ်စေတနာကြောင့် ကောင်းပင်္လာမြို့၏ အနီးအပါး၌ပင်လျှင် တန်ခိုးကြီးသော ရုက္ခစိုးနတ်ကြီးဖြစ်၍နေသည်။ ထိုရုက္ခစိုးနတ်ကြီးသည် ငါသည်ဘယ်အတွက်ကြောင့် ယခုကဲ့သို့ဖြစ်ရပါသနည်းဟု ဘဝဟောင်းကိုပြန်၍ စဉ်းစားကြည့်ရှုလိုက်သောအခါ ဝါဒမတူအယူကွဲပြားသည့် မှူးတော်၊ မတ်တော်တို့၏လက်ချက်နှင့် အသက်တော်ကုန်ခံရသည်။ ဤအမှုကိစ္စမျိုးကို ငါဘယ်အခါမှကျေနိုင်ပါတော့အံနည်းဟု အံကြိတ်ခါကြုံးဝါးလျှက် ရန်ငြိုးထားကာ ငွေအိုးကြီး၊ ငွေအိုးငယ်၊ နွားတလှည့်၊ ကောင်းပင်္လာတို့ကို နတ်ကြီး၏တန်ခိုးနှင့် ဖျက်ချိုးကွယ်ဖျောက်၍ ထားလိုက်လေသတည်း။
     ဣကဲ့သိုရုက္ခစိုးကြီးသည် မြို့ရွာတွေကိုကွယ်ဖျောက်လိုက်ရာ ငွေအိုးကြီးရွာသည် စေတီတော်တွေများစွာ တည်ထားကိုးကွယ်ကြသော စေတနာအဟုန်သတ္တိကြောင့် မကွယ်ဖျောက်နိုင်ပဲတည်ရှိကာ ပြည်တော်သာ၍ ငွေအိုးကြီးတစ်ရွာသာလျှင် ကျန်ရှိကာနေလေတော့သတည်း။ ရွေလီအလယ်ပိုင်း၌ ကျောင်းကန်ဘုရားတွေနှင့် စည်ကား၍နေသော ယခုရှိသောရွာကို ငွေအိုးကြီးရွာဟူ၍ ခေါ်မှတ်ကြလေကုန်သည်။ ထို့နောက်ရုက္ခစိုးကြီးကွယ်ဖျောက်၍ထားလိုက်သော မြို့ရွာသူတို့၏ သားသမီးဆွေမျိုး ဥာတိ၊ သင်္ဂဟတစုတို့သည် ဝေးသောမြို့ရွာဒေသသို့ လှည့်လည်သွားလာရာမှပြန်ရောက်လာကြသည်ရှိသော် မြို့ရွာနှင့်တကွ ဆွေမျိုးမိဘတို့ကို လိုက်လှန်ရှာဖွေရင်း မမြင်ကြရပါသဖြင့် ယောင်လည်လည်ဖြစ်ခါ ရောက်တတ်ရာရာဆွေမျိုးမိဘတို့ကို ရှာဖွေရင်း တောစပ်နားအင်းတစ်ခု၏ အနီးအပါးမှာ အဖေအမေများကို မျော်လင့်တောင်းတလျှက် ထမင်းစားကြလေသည်။ ဒါကိုအစွဲပြု၍၄င်းအင်းကို ရှမ်းဘာသာဖြင့် ပေါ်ခေါင်အင်းဟု ခေါ်ဝေါ်ကြလေသည်။ ပေါ်ဆိုတာက အဖေ၊ ခေါင်ဆိုတာက ထမင်း၊ အကျဉ်းအားဖြင့်ခေါ်ထားကြလေသည်။ 

♻♻♻♻♻♻♻♻♻♻♻♻♻♻♻♻

🔰 စာ (၈) 🔰 
⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

     ထိုသူထိုသူများသည် ငွေအိုးကြီးရွာ၌လည်း မနေလိုကြပါသဖြင့် ၄င်းပေါ်ခေါင်အင်းအနီးအနားမှာပင် ရွာတည်၍နေကြပြန်လေသည်။ ၄င်းရွာကိုလည်း ပေါ်ခေါင်ရွာဟုခေါ်ကြလေသည်။ နောင်နှစ်ပေါင်းအတော်ကြာသောအခါ ကာလကြီးပျက်ပြန်သဖြင့် ပေါ်ခေါင်ရွာပျက်စီးပြန်လေသည်။ ငွေအိုးကြီးရွာသူရွာသားများလည်း ကစဉ်ကရဲ ဖရိုဖရဲဖစ်ကာ လူကြီးသူကြီးများ အဆက်အသွယ်ပြတ်သွားရတော့သည်။ 
     ငွေအိုးကြီး၊ ငွေအိုးငယ်၊ နွားတလှည့်၊ ကောင်းပင်လာတို့ ကောင်းစားစဉ်အခါကာလက ကောင်းပင်လာနှင့် နွားတလှည့်ရွာ၌ စေတီတော်မရှိ။ ငွေအိုးရွာကြီးအနီး၌ စေတီတော် (၄) ဆူ တည်ထားကိုးကွယ်ကြလေသည်။ ထိုစေတီတော် (၄) ဆူရှိသည်တွင် (၃) ဆူတွင် ဥပါသကီတို့က စုပေါင်း၍တည်ကြလေသည်။ (၁)ဆူသည် အနော်ရထာမင်း တရုတ်ပြည်မှ ဖောင်တော်နှင့်အပြန်တွင် တရုတ်စစ်သား တစ်ယောက်လျှင် အုတ်တစ်ချပ်ကြနှင့် ဓာတ်တော်အံတော်တို့နှင့်တကွ ရွှေသားဆင်းထု၊ ငွေသားဆင်းထု၊ ကျောက်သံပတ္တမြားစသည်တို့ကို ဌာပနာ၍ ထားကြလေသည်ဟူ၏။ တရုတ်စစ်သားများအုတ်နင်းထားသောနေရာကို တရုတ်ခြေနင်းအိုင်ဟု ယခုတိုင်အောင်တွင်၍နေလေသည်။ 
     ကုပါလမင်းတို့ နန်းမပျက်ဆက်လက်စိုးစံတော်မူသောခေတ်၌ ငွေအိုးကြီးရွာ၌နေထိုင်လျှက်ရှိကြကုန်သော ဥပါသကာ၊ ဥပါသကီ၊ အဉ္စလီညွတ်ပြောင်း လူအပေါင်းတို့က နှစ်ထောင်းအားရ ဟဒယပျော်ရွှင် နိဗ္ဗာန်ကိုရည်ရော်လျှက် စေတီတော် (၅)ဆူကို ကြည်ဖြူစိတ်ထား သဒ္ဒါပွားလျှက် တည်ထားကိုးကွယ်ကြလေကုန်သတည်း။ ထိုနောက်မှ (၂)ဆူထပ်၍တည်ထားကြပြန်သည်။ (၂)ရပ်ပေါင်းသော် စေတီတော် (၇)ဆူတည်ထားကြသည်ဟူ၏။ သို့ဖြစ်၍ ငွေအိုးကြီးရွာသား ဒကာ၊ ဒကာမများတို့သည် ရှေးအခါက အလွန်သဒ္ဓါတရားနှင့်ပြည့်စုံကြကုန်သည်။ ယခုခေတ်လည်းသဒ္ဓါတရားရှိသူပေါများကြပေသည်။ ရွှေလီတနယ်လုံးရှိလူများသည်၎င်း၊ တပြည်လုံးရှိလူများသည်၎င်း၊ သဒ္ဓါတရားရှိသူပေါများကြလေသည်။ သို့ဖြစ်၍ မြို့တိုင်းရွာတိုင်းမှာ ဂူ၊ ကျောင်း၊ ဘုရား၊ ရုပ်ပွား၊ စေတီတော်တို့ဖြင့် အလီလီပေါများလျှက်ရှိကြလေသည်။ 
     မှတ်ချက်။   ။ ငွေအိုးကြီး၊ ငွေအိုးငယ်ကို ယခုအခါ ငါးအိုးကြီး၊ ငါးအိုးငယ်ဟု ခေါ်ဆိုကြလေသတည်း။ နွားတလှည့်ကိုလည်း နွားတလှယ်ဟုခေါ်ဆိုကြသည်။ ယခုနွားတလှယ်ဆိုသောနေရာသည် တရုပ်ခြေနင်းအိုင်ဖြစ်လေသည်။ တရုပ်ခြေနင်းအိုင်အောက်နား တဖာလုံခန့်သာသာ၌ နွားတလှည့်ကျောက်ဖျာကြီးရှိလေသည်။ ယခုရွံ့ညွန်ဖုံး၍ မမြင်ရတော့ပြီ။

♻♻♻♻♻♻♻♻♻♻♻♻♻♻♻♻

🔰 စာ (၉) 🔰 
⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

     အင်နီဟုဘာကြောင့်ခေါ်ပါသနည်း
     အင်နီဆိုသည်မှာ အင်္ဂမင်္ဂံ နီယတီ၊ အင်္ဂနီတံ၊ ယံသီရိဒကံ၊ အကြင်မင်္ဂလာရေကန်တော်ကြီးသည် အင်္ဂမင်္ဂံ ၊ အင်္ဂါကြီးငယ်အသွယ်သွယ်တို့၊ တင့်တယ်စေသည်၏အဖြစ်ကို နီယတိ ဆောင်အပ်၏ ဣတိသ္မာထို့ကြောင့် တံသီရိဒကံ ထိုမင်္ဂလာရေကန်တော်ကြီးသည် အင်္ဂနီတံ၊ အင်္ဂနီတမည်၏။ ဝါ အင်နီဆိုသောအင်းကြီးသည် သာမည၊ အညတြ၊ အင်းမည်ကာမတ္တမဟုတ်ပါ။ ကုပါလမင်းအဆက်ဆက်တို့ မြတ်နိုးလှစွာမွေ့လျှော်သုံးဆောင်ရာဖြစ်သော မင်္ဂလာရေကန်တော်ကြီးပင်ဖြစ်လေသည်။ 
     ထိုရေကို သောက်ချိုးသုံးဆောင်ခြင်းပြုသော လူအပေါင်းတို့သည် အင်္ဂါကြီးငယ်အသွယ်သွယ်တို့ တင့်တယ်လှပခြင်း ရောဂါဝေဒနာပျောက်ကင်းချမ်းသာခြင်းတို့ကို ဖြစ်စေတတ်သည်ဟူ၏။ ထိုမင်္ဂလာရေကန်တော်ကြီးသည် ကာလရှည်ကြာ၍ ယခုအခါ၌ ကျွဲဆင်း၊ နွားဆင်း၊ လူတွေဆင်းကြသဖြင့် မသန့်ရှင်းပဲအာနိသင်ကျဲ၍ ဖရိုဖရဲပြိုကွဲပျက်စီး၍နေလေပြီ။ ပဒုမ္မာကြာနှင့် ကြာဖြူ  ကြာနီများပေါက်ရောက်လျှက်ရှိသေးပေ၏။ 
     ❄ အင်နီ၏ထူးဆန်းပုံ ❄ 
     ရှေးအခါက မင်္ဂလာရေကန်သည် ပျက်စီးယိုယွင်း၍ ယခုအခါ၌ အင်နီအင်းဟုခေါ်ဆိုသည်။ ထိုအင်နီအင်း၏ ထူးဆန်းအံဖွယ်မှာ ဣသို့ဖြစ်လေသည်။ 
     မြန်မာပြည်၌ အကြီးအကျယ်စစ်ဖြစ်ဆိုလျှင် အင်နီအင်းသည် မြေကြီးထဲမှရေအလိုလိုထွက်လာ၍ ကန်ရေပြည့်လျံ ရေတိုးလာပါတော့သည်။ ၁၃၇၀ ပြည့်နှစ် ခုတစ်ခု၌ အင်နီရေသည်အလွန်ကြီးပါသည်။ များမကြာမှီ ဂျပန်နှင့် အင်္ဂလိပ်တို့သည် အကြီးအကျယ်စစ်ဖြစ်ကြ၍ မြန်မာပြည်၌ လူပေါင်းများစွာသေကြေပျက်စီးရခြင်း၊ အဆောက်အအုံတွေ များစွာပျက်စီးခဲ့ရခြင်းဖြစ်လေသည်။ 
     မှတ်ချက်။   ။ အင်နီ၏ အရှေ့တောင်ဘက်၌ ကောင်းပင်္လာမြို့တည်ရှိသည်။ ၄င်း၏အရှေ့ဘက်၌ ငွေအိုးရွာတည်ရှိလေသည်။ ၄င်း၏ အရှေ့တောင်၌နွားတလှည့်ရွာတည်ရှိလေသည်။ ၄င်း၏အရှေဘက်၌ငွေအိုးကြီးရွာတည်ရှိလေသည်။ ၄င်း၏အနောက်မြောက်နား၌ သင်ပေါက်လွင်တည်ရှိလေသည်။ ၄င်း၏အနောက်မြောက်နား၌ ပေါ်ခေါင်အင်း၊ ပေါ်ခေါင်ရွာတည်ရှိလေသည်။ ၄င်း၏အနောက်ဘက်၌ ဇီးကလောက်အိုင်၊ ၄င်း၏အနောက်ဘက်၌ကျွဲဖြူ အိုင်ရှိလေသည်။ ၄င်းအနောက်၌ မန္နီအိုင်ရှိလေသည်။ 
     ထိုကျွဲဖြူအိုင်သည် သာမညကျွဲဖြူ အိုင်မဟုတ်ပါ။ အရပ်(၇)ပေခန့်ရှိ ကိုယ်ကငွေသား၊ မျက်စိနှစ်ဖက်က ပတ္တမြား၊ ဦးချိုနှစ်ဖက်နှင့် ခွာလေးဘက်ကမြအစစ်ဖြစ်လေသည်။ ၄င်းအိုင်၌ပင်ပျောက်ကွယ်နေလေသည်။ ၄င်းမှနောက်သို့သွားသော် ဗိုလ်မင်္ဂလာကျွန်းရှိလေသည်။ ၄င်းမှနောက်သို့သွားသော် မြင်းသေလွင်၊ ကြိုးကြာလွင်တို့ရှိလေသည်။ ၄င်းမှအနောက်သို့သွားလိုက်သည်ရှိသော် အင်နီအင်းသို့ပင်ရောက်ပြန်လေသည်။ ထိုလွင်ပြင်များသည် ရှေးအခါက ထိုအရပ်သားများလုပ်ကိုင်စားကြသော လယ်ကွင်းကြီးများဖြစ်လေသည်။ ယခုအခါ၌ မည်သူမျှလုပ်ကိုင်စားသောက်ကြသူများ မရှိတော့သဖြင့် ကိုင်း၊ သက်ကယ်များပေါက်၍ လွင်ပြင်ကြီးဖြစ်၍နေလေသည်။ ၄င်းလွင်ပြင်များသည် တောမီးလောင်ပြီး၍ မိုးဦးကျ မျက်နုပေါက်သောလွင်ပြင်များ၌ တဖက်မှနေ၍ကြည့်ရှုလိုက်သည်ရှိသော် စိမ်းစိုရွှင်လမ်းလျှက် လွမ်းသူမျက်ရည် ရတက်ပွေအောင် ငှက်တွေသံကြူးခဲ့ဟု ရှေးပညာရှိများစပ်ဆိုထားခဲ့သည့်အတိုင်း ဝန်ဘိုငှက် နွား၊ ဇရက်ကြားနှင့် ငှက်ခါး၊ သာလိခါ၊ ကြိုးကြာ၊ လင်းဝက်၊ ပန်းတိမ်ငှက် စသည်တို့သည် ဘာသာဘာဝ မဂဓဖြင့် မြူးကြွခုန်ပျံ တောင်ပံလည်ယှက် နှုတ်ခွန်းဆက်သလို သံချိုဟစ်ကြူးလျှက် ပျော်မြူးနေကြသည်ကိုမြင်တွေ့ရသောအခါ လွမ်းရတော့မလို ဆွေးရတော့မလို ပျော်ရတော့မလို ဖြစ်လောက်စရာ လွင်ပြင်ကတထပ် စိမ်းစိုနေသော တောင်တန်ကတထပ်ဖြစ်၍ အလွန်သာယာမွေ့လျှော်ဖွယ်ကောင်းသော ရှုမြင်ခင်း (ဝါ) ရှုမျော်ခင်းကြီး တစ်ခုဖြစ်၍နေလေတော့သည်။ အင်နီ ပေါ်ခေါင်ရေတိုးသောအခါ အင်နီရေနှင့်ပေါ်ခေါင်ရေသည် တစပ်တည်းတည်လျှက် အင်နီမှအရှေ့ဘက်သို့လာသော် နန်းနွဲ့ရွာ၊ မြောက်ဘက် ဖားလွင်ကိုကျော်လွန်၍ ရောက်အောင်တိုးလေသည်။ ပေါ်ခေါင်မှ အရှေ့တောင်သို့လားသော် ငွေစက်အောင်ကျောင်းတိုက်အနီးသို့ ရောက်အောင်တိုးလေသည်။ တရုပ်ခြေနင်းအိုင်အနီး ဥသျှစ်ပင်ကုန်းကြီးမှလည်း ရွေလီမြစ်ထဲသို့ရောက်အောင်စီးဆင်းသွားသည်။

♻♻♻♻♻♻♻♻♻♻♻♻♻♻♻♻

🔰 စာ(၁၀) 🔰 
⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

     နွားတလှည့်သိုက်ကြီးကို လိုက်ကြကုန်သော ဆရာများသည် သိုက်မနိုင်၍ ရင်ဘတ်ပဲ့အောင် မြေပြင်ကိုရေထင်၍ကူးကြသူများသည်ဟု၊ အခါကြီးသတင်းကြီး၊ လပြည့်လကွယ်ညများ၌ အိုးစည် ဗုံမောင်း၊ နှဲ၊ စောင်း၊ ခရာကရိရာသံစုံ အတီးအမျိုးအဖုံဖုံတို့ကို ကြားရသည်ဟု၊ အချို့သောသူများလည်း မျက်စိလှယ်၍ သရက်၊ ပိန္နဲ၊ နရွဲ၊ ထောက်ရှာ၊ မာလကာ၊ သင်္ဘော၊ အစရှိသော သီးမျိုးစုံပေါသော ဥယျာဉ်တောသို့ရောက်၍ ဆွတ်ခူးစားသောက်ခဲ့ရသည်ဟု၊ အချို့သောသူများလည်း မျက်စိလည်လမ်းမှား၍ ငွေအိုးကြီး၊ ငွေအိုးငယ်ရွာ တည်စကရှိခဲ့သော ငွေအိုးများတွင် (၁၄) လုံးသောငွေအိုးများကိုယူ၍ အသုံးပြုကြသည်ဆိုသော စကားအရ အိုးထဲ၌ ဘာမှမရှိသော စဥ့်အိုးအခွံတွေကိုတွေ့မြင်ခဲ့ရသည်ဟု၊ ဤမြို့ဤရွာသည် နောင်အခါဆိတ်သုဉ်းလျက်ဟု၊ ငွေအိုး (၁၄) လုံးကိုအကြောင်းပြု၍ ဟောခဲ့ဘူးသော ဗေဒင်လည်း မှန်ပါပေ၏။ 
     မှတ်ချက်။   ။ ဣသို့အားဖြင့် နွားတလှည့်၌ ငွေအိုးတွေမြောက်များစွာရှိ၍နေခြင်း၊ သာမညသူတစုံတပေတံမျှ မချီကြွနိုင်သော ကျောက်ဖြာကြီးရှိနေခြင်း၊ တန်ခိုးကြီးသောနတ်များလွမ်းမိုးစိုးအုပ်စောင့်ရှောက်၍နေခြင်း၊ အင်နီအင်းကြီးသည် တိုင်းပြည်၏ အတိတ်နမိတ်တစ်ခုဖြစ်၍နေခြင်း၊ ကျွဲဖြူအိုင်၌ အရပ်(၇)ပေရှိသောရတနာကျွဲဖြူကြီးရှိ၍နေခြင်း၊ ပေါ်ခေါင်အင်း (၉)လံမျှရှိသော ရွှေလောင်းကြီးရှိ၍နေခြင်း၊ အင်နီပေါ်ခေါင်အင်းသည် မိုးမရွာသော်လည်း မြေကြီးထဲမှ အလိုလိုထွက်ပေါ်၍ ရေတိုးလာခြင်း၊ အနီးအပါးရှိသောရွာများစွာတို့သည် ရေတွင်းတူးသည်ရှိသော် အင်နီပေါ်ခေါင်မှလာသောရေကိုသာလျှင် သုံးဆောင်ကြရခြင်း၊ အချို့ မယင်းလယ်သမားများသည် အင်နီပေါ်ခေါင်မှလာသောစိမ့်ရေများကိုအမှီပြု၍ လယ်လုပ်ကြရလေသည်။ ဤကာထူးဆန်းအံဖွယ်ရာ အကြောင်းများဖြစ်လေသည်။ 
       ဤသို့အားဖြင့် ငါးအိုးကြီး၊ ငါးအိုးငယ်၊ နွားတလှည့်၊ ကောင်းပင်္လာ၊ အင်နီ၊ ပေါ်ခေါင်ဟုဆိုအပ်သော (၆) ဌာနရာဇဝင်ကို နောက်လာသမျှဘာသာဝင်တို့ ထာဝစဉ်အတည်ပြုကြစေဖို့ သည်အမှုကိုနောင်အရှည်မျှော်ပြီး အကောင်အထည်ဖော်ကာ မှတ်ပုံတင်ခဲ့ပါပြီ ဒြပ်ဂုဏ်အင်မှာ ကျော်ကြားသလောက်ဖြင့်ကြီးတာကြောင့် မတော်မတရားသိနည်းနှင့်ပြုလုပ်လျှင် ဒုက္ခအမှန်တွေ့ကြပါလိမ့် လုပ်ကြံသရွေ့မအောင်မြင်နိုင်သည့်အပြင် အစဉ်စည်းဇိမ်အသက်သော်မှ ပျက်ကွက်ခါတာမရှည်စရာအကြောင်းပေပ ကောင်းအောင်သာပြုပြင်ပေးကြလေဖြင့် လူတွင်ပခေးဖြစ်အောင်တန်ခိုးကြီးသည် ဣဒ္ဓိရှင်တို့က စိတ်ရှိပင်မှကောင်းပါလိမ့်မည်။ ကောင်းပင်လာနယ်ဆိုတာ ရောက်ပါလေမှ မှတ်မိကြပါနဲ့ နောင်အနာဂတ်ကာလမှာ တမျိုးတဖုံဖြစ်အုံးမှာကြောင့် ခုခေတ်ကကြိုတင်၍ ကုသိုလ်ရှင်စာရင်းမှတ်နေပါသည် အလင်းဓာတ်ရလိုသူ ဗိုလ်လူအများတို့နှင့် ဤဆောင်းပါး ဤရာဇဝင်ကို မကြာခင်ဇာတ်တော်သိမ်းပါရစေတော့လို့ ဒါရိုက်တာ ထေဆရာတော်က ပြည်နဂါရာပေါ် ဥပသကာတသင်းတို့အား သတိပဌာန်ပရိကန်သွင်းပြီး တောင်းပန်ခြင်း အဘိယာစကဖြင့် ကုပါလဇာတ်တော်သိမ်းလိုက်ရပါတော့သတည်း။

❄💠® တေးထပ် ®💠❄ 
ကောင်းပင်္လာ နေမျိုးခ ငွေအိုးရ ရွာခေါ် နွားတလှည့်နောက်ပေါ်သည် ကျောက်ဖြာတော်ထင်ရှား သိုက်ရိုက်၍ မရနိုင်ပါသရှင် ရေသာလျှင်ကူးရသူများ အင်နီဟုခေါ်ဆိုရာမှာ ဝိဂြိုလ်သာထင်ရှား ကျွဲဖြူအိုင်ဆိုတာများမှာတော့ ဖြစ်ငြားရ ရတနာ ရွှေလောင်းတော် လှော်သံပြင်း ပေါ်ခေါင်တွင်းရှိရလေပါ ကန်တော်မြတ်မင်္ဂလာမှာ စဉ်မကွာအတိတ်ဆန်းတာကြောင့် နိမိတ်ခန်းအဖုံဖုံ ဖြစ်ရလေကုန် ကုပါလမတ်တော်အစုံကို ဇာတ်ပေါ်ရုံ ရေးလိုက်ကဲ့လေး။.....။

♻♻♻♻♻♻♻♻♻♻♻♻♻♻♻♻ 

#MgShweOo
Ngaoh

No comments:

Post a Comment