Tuesday, December 11, 2018

မွေးနေ့လက်ဆောင်

သာမန်လူတွေကတော့ ကောင်းတာလေး ရွေးပြီးတော့ ဇာတိကို လက်ခံပြီး ကြိုက်နေကြတာပဲ။ ဒါကြောင့်မို့လို့ ဘုန်းကြီးတို့ ငယ်ငယ်တုန်းက ညောင်တုန်း ရွှေဟင်္သာတောရ စတုတ္ထစံကျောင်း ဆရာတော်ကြီးက တရားဟောတာ ကြားလိုက်တယ်။ ဇာတိ မွေးနေ့နဲ့ပတ်သက်ပြီးတော့ ဟောတဲ့ တရာလေးတစ်ပုဒ်ဟာ အနှစ်ချုပ်ပြောရမယ်ဆိုရင် ဘာလဲဆိုရင် "ဇာတိဆိုတဲ့တရားဟာ ချီးမွမ်းထိုက် တဲ့ တရားလား၊ ရှုတ်ချထိုက်တဲ့ တရားလား” တဲ့။ သူက မေးပြီးတော့ "ဇာတိဆိုတဲ့တရားဟာ ချီးမွမ်း ထိုက်တဲ့တရား မဟုတ်ဘူး၊ ရှုတ်ချရမယ့်တရား” တဲ့။ အဲဒီတော့ မွေးနေ့ဆိုတာ "မွေးနေ့က မင်္ဂလာ မဟုတ်ပါဘူး၊ မွေးနေ့မှာ လုပ်တဲ့ ကုသိုလ်ကသာလျှင် မင်္ဂလာဖြစ်ပါတယ်။ ဇာတိကတော့ မင်္ဂလာ မဟုတ်ပါဘူး၊ ရှုတ်ချရမယ့်တရားဖြစ်ပါတယ်”လို့ အဲဒီဆရာတော်ဘုရားကြီး ဟောသွားတာကို စိတ်ထဲ မှာ မှတ်သားမိနေတယ်။

❖ နောက်တစ်ခါ ယော တိပိဋကဓရ ဆရာတော်ဘုရားကြီးကတော့ "မွေးနေ့” ကို သူက ဘာပြော လဲဆိုတော့ "မွေးနေ့မဟုတ်ဘူး” တဲ့၊ "အိုနေ့” တဲ့၊ မွေးနေ့ဆိုတာ အိုလာတာကို ပြောတာပါတဲ့။

❖ ဒါတွေလည်း တကယ်တော့ မှန်ကန်တဲ့စကားတွေချည်းပဲပေါ့နော်။ အဲဒီလို လောကလူတွေ ဟာ မွေးလာပြီဆိုလိုရှိရင်တော့ အကျိုးရှိဖို့ကတော့ လိုအပ်လာတယ်၊ မွေးနေ့လုပ်တဲ့အခါမှာ မွေးနေ့ ဆိုတာတော့ လူတိုင်းမှာ ရှိတယ်၊ မွေးတာလည်း ကောင်းသလားဆိုတော့ မကောင်းဘူးနော်။ သို့သော် မွေးလာတဲ့အထဲကတော့ အကောင်းဖြစ်ဖို့တော့ လိုအပ်လာတယ်ပေါ့။ အဆိုးထဲက အကောင်း၊ လူတွေက ပြောကြတယ်။ အမှိုက်ထဲက ရွှေပေါ့။

❖ အဲဒီလို ဘ၀တစ်ခုရလာပြီဆိုလို့ရှိရင် ကိုယ်ရလာတဲ့ဘ၀ဟာ ဗဟုဇနဟိတ အများအတွက် အကျိုးရှိမယ့် ဘ၀လား၊ ကိုယ့်အတွက် အကျိုးရှိမယ့်ဘ၀လား၊ ရလာတဲ့ ဘ၀တစ်ခုဟာ ဗဟုဇနဟိတ ဗဟုဇနသုခ၊ အများကောင်းစားဖို့အတွက်လား၊ အများချမ်းသာဖို့အတွက်လား၊ ကိုယ်ချမ်းသာဖို့ အတွက်လား။ အဲဒီလို လောကမှာ လူတစ်ယောက် ထွန်းကားပေါ်ပေါက်လာတဲ့အခါမှာ အများကို အကျိုးပြုတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဆိုရင် သူ့ရဲ့အကျိုးပြုမှုကြောင့် (ပင်ကိုအားဖြင့် ဇာတိတရားသည် ရှုတ်ချရမယ့်တရား ဖြစ်သော်လည်း)မွေးဖွားလာခြင်းကြောင့် ရလာတဲ့ အမြတ်တွေက အများကြီးလို့ ဒီလိုပြောရမယ်။ သူ့ကို ချီးမွမ်းတာတော့ မဟုတ်ဘူး၊ သူ့ကြောင့် ရလာတဲ့ result  ကတော့ အင်မတန်မှ ချီးမွမ်းထိုက်တယ်။

❖ ဥပမာမယ် စဉ်းစားကြည့်၊ ကြာဟာ ဘယ်မှာပေါက်တုန်းဆို ရွှံ့ညွန်ထဲမှာပေါက်တယ်၊ ရွှံ့ညွန် ဆိုတာ ဘယ်လိုမှ ချီးမွမ်းလို့ရမယ့်အရာမဟုတ်ဘူး။ သို့သော် ရွှံ့ညွန်ထဲ ပေါက်လာတဲ့ ကြာပွင့်လေး ကျတော့ အင်မတန်မှ ချီးမွမ်းထိုက်တယ်၊ တန်ဖိုးချင်းမတူဘူးပေါ့။ ရွှံ့ညွန်ထဲက မွေးလာတဲ့၊ ရလာတဲ့ ဒီ result  လေးဟာ အင်မတန်မှ မွှေးကြိုင်တဲ့ ကြာပန်းလေးတစ်ခုအဖြစ် အင်မတန်မှ တန်ဖိုးရှိသွား တယ်။

❖ အဲဒီလိုပဲ ဇာတိဆိုတဲ့ ရွှံ့ဗွက်ကြီးထဲကနေပြီးတော့ ဘုန်းကြီးတို့တစ်တွေ ဗဟုဇနဟိတ ဗဟု ဇနသုခ လို့ ခေါ်တဲ့ အများအတွက် ကောင်းကျိုးချမ်းသာတွေ ဆောင်ရွက်နိုင်တယ်၊ အများအတွက် အကျိုးဖြစ်လာတယ်၊ အများအတွက် အကျိုးဖြစ်ရာ ဖြစ်ကြောင်း အလုပ်တွေ လုပ်နိုင်တယ်ဆိုရင် အဲဒါဟာ ရွှံ့ထဲကနေပြီးတော့ ကြာပန်းပွင့်လာသလိုပဲပေါ့။ ကောင်းကျိုးချမ်းသာတွေ ရတယ်။ အဲဒါ တော့ ချီးမွမ်းထိုက်တာဟာ ရွှံ့ကို ချီးမွမ်းတာမဟုတ်ဘူး၊ ကြာကို ချီးမွမ်းတာ။

❖ ဒီတော့ မွေးနေ့မှာ ဒီလိုကောင်းမြတ်တဲ့ ကုသိုလ်တရားတွေ ဆည်းပူး အားထုတ်မယ်ဆိုရင် တော့ "မွေးနေ့ကိုယ်တိုင်က တန်ဖိုးမရှိသော်လည်း မွေးနေ့ကို အကြောင်းပြုပြီးတော့ ရလာတဲ့ တရား တွေဟာ တန်ဖိုးရှိပါတယ်” လို့ ခွဲခြားပြီး သိဖို့လိုတာပေါ့။ အဲဒီလို ခွဲခြားပြီးသိမှ၊ ဆိုလိုတာက တကယ် ကတော့ မွေးဖွားလာခြင်းဟာ မကောင်းဘူး၊ မကောင်းတဲ့ထဲကနေပြီးတော့ အကောင်းက ဘာလဲဆိုလို့ ရှိရင် မိမိသန္တာန်မှာဖြစ်ပေါ်လာတဲ့ ကုသိုလ်တရားတွေက ကောင်းတယ်၊ အများကို အကျိုးပြုနိုင်တဲ့ အလုပ်တွေက ကောင်းတယ်၊ ကိုယ့်ကို အမှီပြုပြီးတော့ အများချမ်းသာတယ်ဆိုလို့ရှိရင် ကောင်းတယ်၊ အဲဒီ ကောင်းတာတွေ များများရမှ တို့တစ်တွေဟာ ကြီးမားတဲ့ ဒီအကျိုးကို ရမှာဖြစ်တယ်။ ဒီတော့ ဇာတိကို အရင်းတည်ပြီးတော့ ပါရမီကုသိုလ်တွေ ဖြစ်အောင် လုပ်လို့ရတယ်။

★ #ဒါကြောင့်မို့ happy birthday to you လို့ဆိုပြီးတော့ ဘာနဲ့ happy ဖြစ်ကြမှာလဲ၊ မွေးနေ့ တိုင်း မွေးနေ့တိုင်းဟာ ကုသိုလ်ကောင်းမှုတွေ လုပ်ပြီးတော့ ရလာတဲ့ ကုသိုလ်တရားသာလျှင် အမြတ် ဖြစ်ပါတယ်။ မွေးလာတာတော့ လူတိုင်း မွေးကြတာပဲ၊ သတ္တ၀ါတွေအားလုံး မွေးလာတာ၊ မွေးလာခြင်း ကတော့ အကောင်းမဟုတ်ပါဘူး၊ အဲဒီ မကောင်းထဲက ရလာတာဟာ တန်ဖိုးချင်း မတူညီကြဘူးပေါ့။ ★

❖ ဒါကြောင့်မို့ မြတ်စွာဘုရားက ပေတ၀တ္ထုပါဠိတော်မှာ ဟောထားတဲ့ ဂါထာကလေးတစ်ပုဒ်မှာ "ယံ ကိဉ္စာရမ္မဏံ ကတွာ၊ ဒဇ္ဇာ ဒါနံ မလာဘိဘူ” တဲ့။ ဘာကိုပဲ အကြောင်းပြုပြုတဲ့၊ "ယံ ကိဉ္စိ အာရမ္မဏံကတွာ” တစ်ခုခုကို အကြောင်းပြုပြီးတော့တဲ့ ကိုယ်သန္တာန်မှာဖြစ်တဲ့ အညစ်အကြေးတွေကို ဖယ်ရှားနိုင်ရမယ်။ အထူးသဖြင့် ဒါနကောင်းမှုပြုပြီဆိုရင် မစ္ဆရိယဆိုတဲ့ အညစ်အကြေးကို ဖယ်ရှားရမယ်ပေါ့။ သီလ ဆောက်တည်ပြီ ဆိုလို့ရှိရင် လောဘ၊ ဒေါသ စတဲ့ အညစ်အကြေးတွေကို ဖယ်ရှားတယ်၊ ဘာဝနာကျင့်စဉ်တစ်ခုကို အားထုတ်ပြီ ဆိုလို့ရှိရင်လည်း ဆိုင်ရာဆိုင်ရာ အညစ်အကြေးတွေကို ဖယ်ရှားတယ်။ သမာဓိကျင့်စဉ်တစ်ခုကို ကျင့်ပြီဆိုရင် နီဝရဏ အညစ်အကြေးတွေကို ဖယ်ရှားပစ်တယ်။ အဲဒီလို ဖယ်ရှားပြီးတော့ ကုသိုလ်ကောင်းမှုလုပ်ခြင်းဟာ အင်မတန်မှ ကောင်းတယ်တဲ့။

❖ ဒီတော့ ဇာတိတရားဟာ ရှုတ်ချလိုက်တဲ့တရား၊ ကဲ့ရဲ့ရမယ့်တရား ဖြစ်သော်လည်းပဲ ထိုဇာတိ ကို အမှီပြုပြီးတော့ တို့တစ်တွေဟာ ရွှံ့ကနေပြီး ကြာပန်းပွင့်အောင် ကြိုးစားနိုင်မှ မွေးနေ့ဆိုတာဟာ ထူးခြားတဲ့ မွေးနေ့၊ ထူးခြားတဲ့ဘ၀တစ်ခု ဒီလိုဖြစ်လာမှာပါလို့ ကိုယ်စီကိုယ်စီ သဘောကျပြီးတော့ ယခုလို မွေးနေ့အခါသမယမှာ ထူးခြားတဲ့ ကုသိုလ်တရားတွေကို ရအောင် ကြိုးစားအားထုတ်နိုင်ကြ ပါစေကုန်သတည်း။

သာဓု ... သာဓု ...သာဓု ...

#ပါမောက္ခချုပ်ဆရာတော် #ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
(မွေးနေ့လက်ဆောင် တရားတော်မှ)

(စာရိုက်ပူဇော်သူ - Admin Team of နိဗ္ဗာန်ဆော်)
posted by- bwar99.blogspot.com

★ _/\\_ သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ _/\\_ ★

❖ #ဓမ္မဒါနကုသိုလ်အဖြစ်မျှဝေပူဇော်ပါသည်။
    

No comments:

Post a Comment