ဗုဒ္ဓဘာသာဟာ ထိပ်တန်းကျတဲ့ဘာသာဖြစ်ပါလျက် ဗုဒ္ဓဘာသာဝင်အချို့ရဲ့ အမူအကျင့်များ အဘယ်ကြောင့် အဆင့်အတန်းနိမ့်နေကြပါသလဲ။
မေး။ ။ ဆရာတော်ဘုရား .. တပည့်တော် ရိုသေစွာလျှောက်ထားပါသည်။ ဗုဒ္ဓဘာသာဟာ ထိပ်တန်းကျတဲ့ဘာသာဖြစ်ပါလျက် ဗုဒ္ဓဘာသာဝင်အချို့တို့ရဲ့ အမူအကျင့်များဟာ အခြားဘာသာဝင်များလောက် နူးညံ့သိမ်မွေ့မှုမရှိဘဲ အဆင့်အတန်းနိမ့်နေတာကို တွေ့မြင်နေရပါတယ်။ အကြောင်းရင်းကို ရှင်းပြပါဘုရား။
ဦးခင်မောင်ညို (နိုင်ငံရေးသိပ္ပံဌာန၊ စီးပွားရေးတက္ကသိုလ်)
ဖြေ။ ။ ထိပ်တန်းကျတဲ့ဘာသာဖြစ်လျက်နဲ့ ဘာသာဝင်တချို့ရဲ့ အမူအကျင့် စိတ်နေစိတ်ထားတွေ အဆင့်အတန်းနိမ့်ကျနေတယ်တဲ့။ တခြားဘာသာဝင်တွေက နူးညံ့သိမ်မွေ့ပြီး အမူအကျင့် စိတ်နေစိတ်ထားတွေ အထက်တန်းကျနေတာ တွေ့ရတတ်တယ်တဲ့။ ဒီနေရာမှာ နှစ်ပိုင်း စဉ်းစားရမှာပါ။ တခြားဘာသာဝင်တွေမှာလည်း အမူအကျင့် စိတ်နေစိတ်ထား အဆင့်အတန်းနိမ့်ကျတဲ့သူတွေ ရှိကြတာပါပဲ။ နူးညံ့သိမ်မွေ့ပြီး အထက်တန်းကျတဲ့လူတွေလည်း ရှိကြတာပါပဲ။ ဒီအတိုင်းပဲ ဗုဒ္ဓဘာသာဝင်များထဲမှာလည်း စိတ်နေစိတ်ထားတွေ ယဉ်ကျေးသိမ်မွေ့ပြီး အထက်တန်းကျတဲ့ပုဂ္ဂိုလ်တွေ အတော်များများ ရှိပါတယ်။ စိတ်နေစိတ်ထား ယုတ်ညံ့ရိုင်းစိုင်းပြီး အောက်တန်းကျတဲ့ ပုဂ္ဂိုလ်တွေလည်း ရှိသလောက် ရှိတာပေါ့။
ဖြစ်စေချင်တာတွေ .....
ဒီအချက်မှာ ဘယ်ဘာသာဝင်မဆို ထူးမခြားနားပဲလို့ ဘုန်ကြီးထင်ပါတယ်။ သို့သော်လည်းပဲ မေးခွန်းရှင်က မိမိကိုယ်တိုင်ဗုဒ္ဓဘာသာဝင်ဖြစ်တော့ မိမိရဲ့ ဗုဒ္ဓဘာသာဝင်တွေအားလုံး ခြောက်ပြစ်ကင်းသဲလဲစင်တွေ ဖြစ်နေစေချင်တယ်၊ တာဝန်သိစေချင်တယ်၊ စည်းကမ်းရှိစေချင်တယ်၊ ယဉ်ကျေးသိမ်မွေ့စေချင်တယ်၊ ကိုယ်ချင်းစာတရား မေတ္တာ ကရုဏာ အကြင်နာတရားတွေ ရှိစေချင်တယ်၊ စိတ်သဘောထားကြီးကြီးထားစေချင်တယ်၊ စိတ်ထားဖြူစင်ဖြောင့်မတ်စေချင်တယ်၊ လောဘ ဒေါသ မာန်မာန အာဃာတတရား မနာလိုမရှုစိမ့်တရားတွေ မထားစေချင်ဘူး၊ သူတပါးကိုကူညီရိုင်းပင်းစိတ်၊ အများအတွက်အနစ်နာခံတဲ့စိတ်၊ ကိုယ်ကျိုးစွန့်လွှတ်နိုင်တဲ့စိတ်တွေ ရှိစေချင်တယ်၊ အထက်တန်းကျကျ သွားလာနေထိုင် ပြောဆိုပြုမူစေချင်တယ်။ အဲဒီလို စသည်ဖြင့် ဗုဒ္ဓဘာသာဝင်တိုင်း စိတ်နေစိတ်ထားတွေအထက်တန်းကျပြီး အမူအကျင့်တွေလည်း အထက်တန်းကျတဲ့ပုဂ္ဂိုလ်တွေချည်း ဖြစ်စေချင်တယ်။ ဒါဟာ မေးခွန်းရှင် ဖြစ်စေချင်တာတွေပေါ့။ ဘုန်းကြီးတို့ကလည်း ဒီလိုပဲ ဖြစ်စေချင်ကြတာချည်းပါပဲ။ အဲလိုဖြစ်မနေတာ တွေ့ရတော့ အားမရဘူး။ အဲဒီလို အားမလိုအားမရ ဖြစ်တဲ့အတွက် ဒီမှာ မေးခွန်းမေးတာ မဟုတ်လား။
ဘာသာတရားရဲ့ အနှစ်သာရကို မသိကြလို့ .....
ဒီတော့ အဲဒီလိုအောက်တန်းကျတဲ့ စိတ်ထားတွေဖြစ်ရတာ ဘာကြောင့်လဲဆိုတော့ ဗုဒ္ဓဘာသာတရားကို သေသေချာချာ မလေ့လာဖူးကြတဲ့အတွက် ဗုဒ္ဓဘာသာရဲ့ လူမှုရေးဆိုင်ရာ အနှစ်သာရတွေကို မသိကြတော့ ဘာသာရေးရဲ့ အကျိုးသက်ရောက်မှုကို သဘောမပေါက်ကြလို့ပါပဲ။
ဗုဒ္ဓဘာသာတရားရဲ့ သင်ကြားမှုတွေဟာ လူ့လောကမှာ အထက်တန်းကျကျ အဆင်ပြေပြေ စိတ်ထားတတ်အောင်၊ အထက်တန်းကျကျ ပြောဆိုပြုမူ နေထိုင်စားသောက်တတ်အောင်၊ ဝတ်စားဆင်ယင်တတ်အောင်၊ အပြစ်ကင်းပြီး အဆင်ပြေပြေ နေတတ်ထိုင်တတ်အောင် သင်ကြားထားတာပေပဲ ဆိုတာ နားမလည်တော့ ဗုဒ္ဓဘာသာဟာ လက်တွေ့ဘဝထက် သင်္ချိုင်းကုန်း ဟိုဘက်ကိုသာ လက်ညှိုးထိုးပြနေတဲ့ ဘာသာတရားလို့ တချို့က အယူအဆမှားကြတယ်။ တချို့ကလည်း ဗုဒ္ဓဘာသာဆိုတာ နိဗ္ဗာန်ရောက်ဖို့လောက်ပဲလို့ ထင်ကြတယ်။ ဒီတော့ သေသေချာချာ မလေ့လာကြဘူး။ ဒီလို မလေ့လာတဲ့အတွက် အထင်မှား အမြင်မှားဖြစ်တော့ ဘာသာတရားရဲ့တန်ဖိုးကို မသိကြဘူး။ မသိတော့ အထက်တန်းကျတဲ့ ယဉ်ကျေးသိမ်မွေ့နူးညံ့တဲ့စိတ်၊ ငဲ့ညှာထောက်ထားစိတ်၊ မြော်မြင်ဆင်ခြင်စိတ်ဆိုတဲ့ စိတ်ကောင်းစိတ်မြတ်တွေမထားတတ်တော့ဘဲ “ဘယ်သူသေသေ ငတေမာရင်ပြီးရော” ဆိုတဲ့ အောက်တန်းကျတဲ့စိတ်တွေ ဝင်လာတယ်။ ဒီတော့ အနေအထိုင် အပြောအဆို အပြုအမူ အလုပ်အကိုင်တွေကလည်း အဆင့်အတန်းနိမ့်လာတော့တာပဲ။ ဒီတော့ အမှားမှားအယွင်းယွင်းတွေ ပြုမိကုန်ကြတော့တာပေါ့။
ဝိုင်းဝန်းကြိုးစားကြမှ-
🍁🍁💪💪💪🍁🍁
အဲဒါတွေကိုပြုပြင်ဖို့ကတော့ ဗုဒ္ဓဘာသာတရားကို ကျေကျေပွန်ပွန်နားလည်ထားတဲ့ ရဟန်းရှင်လူများရော၊ ဗုဒ္ဓဘာသာ အသင်းအဖွဲ့များရော၊ သက်ဆိုင်ရာတာဝန်ရှိသူများပါ တကယ့်အသိမှန်အမြင်မှန်နဲ့ အားလုံးဝိုင်းဝန်းပြီး နိုးနိုးကြားကြား တက်တက်ကြွကြွနဲ့ စနစ်တကျ အဖွဲ့အစည်းတွေဖွဲ့ပြီး သင်ကြားပို့ချမှု၊ ဟောပြောမှု၊ စာအုပ်ရေးသားထုတ်ဝေမှု၊ ဆောင်လွယ်ဖတ်လွယ် အိတ်ဆောင်စာအုပ်လေးတွေ ရေးသားထုတ်ဝေဖြန့်ချိမှု၊ လက်တွေ့ကျင့်ကြံမှု စသည်တွေ ဖွံ့ဖြိုးတိုးတက်လာအောင် အစွမ်းကုန်ကြိုးစားကြမှ ဖြစ်မှာပါပဲ။
ဘာသာရေးအသိ ကြွယ်ဝဖို့-
🍁🍁🍁🙏🙏🙏🍁🍁🍁
အခု နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းတွေ စီစဉ်ပေးတာ အလွန်ကျေှးဇူးများကြပါတယ်။ အလွန်လိုအပ်တဲ့ အစီအစဉ်ပါပဲ။ သို့သော်လည်း ဒါလောက်နဲ့ မလုံလောက်သေးပါဘူး။ ကလေးသူငယ်တွေလောက်ကိုသာ အသိပညာ ပေးနိုင်ပါတယ်။ လူရွယ်လူလတ် လူကြီးပိုင်းအထိ မရောက်နိုင်သေးပါဘူး။ ဒါကြောင့် အဲဒီအရွယ်တွေအထိရောက်နိုင်တဲ့ သင်တန်းတွေ၊ ဟောပြောပွဲတွေ၊ စည်းရုံးနှိုးဆော်မှုတွေ၊ လူမှုရေးအကျိုးပြုလုပ်ငန်း လက်တွေ့ဆောင်ရွက်တာတွေကို ဘာသာရေးအဖွဲ့အစည်း၊ လူမှုရေးအဖွဲ့အစည်းတွေက ညှိညှိနှိုင်းနှိုင်းတိုင်တိုင်ပင်ပင်နဲ့ စိတ်ဝင်တစားဆောင်ရွက်နိုင်ကြရင် တဖြည်းဖြည်း ဘာသာရေးအသိအမြင်ကြွယ်ဝလာပြီး အထက်တန်းကျတဲ့စိတ်နေစိတ်ထားတွေ ဖြစ်ပေါ်လာနိုင်မယ်လို့ ထင်ပါတယ်။
မင်္ဂလာနှင့်ပဲ အထက်တန်းကျနိုင်တယ်-
🌿🌿🌿🌿🕊🕊🕊🌿🌿🌿🌿🌿
အနည်းဆုံး ၃၈ဖြာမင်္ဂလာ တရားတော်လောက်ကို ကျေကျေညက်ညက်သဘောပေါက်ပြီး စိတ်ထဲမှာစွဲသွားလောက်အောင် လက်တွေ့နဲ့တွဲဖက်ပြီး သင်ကြားပို့ချဖြန့်ဖြူးပေးနိုင်ရင်ပဲ လူ့ဝတ်သူ့ဝတ် သိနားလည်ပြီး စိတ်ကောင်းစိတ်မြတ်တွေ အနည်းနဲ့အများဝင်နိုင်တာမို့ ယဉ်ကျေးသိမ်မွေ့ပြီး အထက်တန်းကျတဲ့ ဗုဒ္ဓဘာသာဝင်တယောက် ဖြစ်လာနိုင်ပါတယ်။
မေတ္တာရွှေမိုး ရွာသွန်းဖြိုး-
🕊🕊🕊🕊🕊🕊🕊🕊
ပြီးတော့ နောက်တခုက ဗုဒ္ဓဘာသာနိုင်ငံဖြစ်ပါလျက် လူသားအချင်းချင်း၊ ပြည်သူပြည်သားအချင်းချင်း၊ သွေးချင်း သားချင်း ကိုယ်ချင်းစာတရား မေတ္တာတရားတွေ ခေါင်းပါးခြောက်သွေ့ပြီး လောဘ ဒေါသ မာန်မာန တရားတွေကပဲ လွှမ်းမိုးနှိပ်စက်နေကြတော့ တပြည်လုံးအတိုင်းအတာနဲ့ မေတ္တာဓာတ်ကြီး တပ်လှန့်ပြီး မေတ္တာမိုးတွေ အဆက်မပြတ်ရွာသွန်းဖြိုးနိုင်အောင် နည်းလမ်းတွေရှာပြီး ဝိုင်းဝန်းကြိုးစားကြမှ ချမ်းမြေ့အေးချမ်းရေးရောင်ခြည်သန်းနိုင်မှာပါ။
ကျေးဇူးတော်ရှင် ချမ်းမြေ့ဆရာတော်၏
၁၉၈၅-ခုနှစ် တက္ကသိုလ်ဓမ္မသဘင်
‘ဗုဒ္ဓမြတ်စွာ၏ ချမ်းသာရေးတရားတော်များ’
စာအုပ်မှ ကောက်နှုတ်ဖော်ပြပါသည်။
No comments:
Post a Comment