“ ခဏလောက်ပဲဖြစ်ဖြစ်..
.......အားထုတ်ကြည့်ကြစမ်းပါ..”
••••••••••••••••••••••••••••••••••
တရားဓမ္မတို့ ကိုလမ်းညွှန်လေ့ရှိကြတဲ့..
ဆရာသမားတို့ ရဲ့ ဆုံးမသွန်သင်မှုကြောင့်..ဝိပဿနာအကျင့်မြတ်ကို ကျင့်ကြံအားထုတ်လာရင်း..
ဆရာတော်၊ သံဃာတော်တွေ ရဲ့ တရားတော်တွေ နဲ့ အဆုံးအမတွေကို ကြားနာ၊ ဖတ်ရှုရာမှ ရရှိလာတဲ့ အသိတရားတွေကို ဓမ္မမိတ်ဆွေတို့ ကို သိစေချင်တယ်၊ ပြီးတော့ အားထုတ်စေချင်တဲ့ ဆန္ဒတွေနဲ့ ..
ဝိပဿနာ အားထုတ်ချင်လာအောင်၊ အားထုတ်နေပြီဖြစ်တဲ့ ဓမ္မမိတ်ဆွေတို့ အတွက် လည်း အားထုတ်မှုအတွက် အထောက်ကူဖြစ်အောင်..
ဝိပဿနာ အားထုတ်တာနဲ့ ပတ်သက်တဲ့ ဓမ္မစာစုတွေကို ရေးသားဖော်ပြတဲ့အခါမှာ..
ခုလို...“ ခဏလောက်ပဲဖြစ်ဖြစ်..အားထုတ်ကြည့်ကြစမ်းပါ..” ဆိုတဲ့ ခေါင်းစဉ်ကြောင့်
အရေးအသားကို ဂရုပြုရပါတယ်။
ဘာလိုလဲ ဆိုတော့..
တရားအားထုတ်ကြဖို့ နှိုးဆော်တယ် ဆိုတာ..
"ကုသိုလ်အလုပ်" တစ်ခုပါပဲ လို့  ဆိုသော်လည်း..
အားလုံးအတွက်ဆိုပြီး..မိမိရဲ့ ပြုလိုက်တဲ့ ကောင်းမှုစေတနာဟာ..
မှန်ကန်စွာ အသုံးမပြုတတ်ရင်..
အခြားတစ်ဖက် ကို "အကုသိုလ် " ဖြစ်စေနိုင်ပါတယ်။
ဥပမာ...
တရားအားထုတ်မှုတွေနဲ့ ပျော်မွေ့ နေတဲ့ သူတစ်ယောက်က..
ကိုယ့်ရဲ့ မိသားစုဝင်တွေကိုပဲ ဖြစ်ဖြစ် ၊ ကိုယ်နဲ့ အင်မတန်မှ ရင်နှီးတဲ့ မိတ်ဆွေတွေကို ပဲ ဖြစ်ဖြစ်..
မိမိလိုပဲ ...
တရားအရသာတွေကို.. တွေ့ စေချင်တယ်။
ကုသိုလ်တွေ.. ရစေချင်တယ်။
တကယ်ကို တရားကို အားထုတ်စေချင်တဲ့ ဆန္ဒ အမှန်နဲ့ ..
အခြေနေ နဲ့ အချိန်ခါ ဂရုမပြုဘဲ.. တရားအားထုတ်ဖို့ ဆွယ်တာ..တို့ ၊
အခြေနေ နဲ့ အချိန်ခါ ဂရုမပြုဘဲ... ဘုရားဖူးသွား ဖို့ ဆွယ်တာ.တို့ ၊.
အခြေနေ နဲ့ အချိန်ခါ ဂရုမပြုဘဲ... ကောင်းမှုကုသိုလ်ပြုဖို့ ဆွယ်တာ..တို့ စတဲ့..
အပြုအမူတွေဟာ...
အဆင်သင့်မဖြစ်သေးတဲ့ ...
တစ်ဖက်လူအဖို့ ..ကသိကအောက် ဖြစ်ရပြီဆိုရင်တော့..
ဓမ္မမိတ်ဆွေရဲ့ .ကောင်းမှုကုသိုလ်ဟာ..
တစ်ဖက်လူအတွက် အကုသိုလ်ဖြစ်စေတာမို့ ..
အထက်က ပြောသလို ...
“ ခဏလောက်ပဲဖြစ်ဖြစ်..အားထုတ်ကြည့်ကြစမ်းပါ..” ဆိုတဲ့ မိမိရဲ့ ခေါင်းစဉ်ဟာ..
အတင်းကာရော တရားအားထုတ်ခိုင်းတာမဟုတ်ဘူးဆိုတာ..
ရှေးဦးစွာ အသိပေးပြောကြားလိုပါတယ်။
တစ်ကယ်တမ်းကျတော့....
ပုထုဇဉ်တို့ အနေဖြင့်...
သာမန် ကုသိုလ်ကောင်းမှုလေး ပြုလုပ်ရုံနဲ့ ..
အပါယ်တံခါး ပိတ်သွားပြီလို့ ပြောလို့မရနိုင်ပါဘူး..။
ဘာဖြစ်လို့လဲဆိုရင်..
ပုထုဇဉ်တို့ ရဲ့ သန္တာန်မှာ " အကုသိုလ် " ဖြစ်ဖို့ အခြေအနေတွေ ရှိနေသေးလို့ ဖြစ်ပါတယ်။
ဥပမာ...
ဒေါသ ဖြစ်စရာ မျိုးစေ့လေးက ရှိနေသေးတယ်။
လောဘ ဖြစ်မယ့် မျိုးစေ့လေးက ရှိနေသေးတယ်။
အခုလောလောဆယ် လောဘ မဖြစ်ပေမဲ့လို့ ..
လောဘ ဖြစ်စရာ အာရုံနဲ့တွေ့ရင် လောဘ ဖြစ်မယ်။
အခုလောလောဆယ် ဒေါသ မဖြစ်ပေမဲ့ လို့ ..
ဒေါသ ဖြစ်စရာ အာရုံ နဲ့တွေ့ရင် ဒေါသ ဖြစ်လာမယ်။
အဲဒီလို ဖြစ်နိုင်တဲ့ အနေအထားလေးတွေ ရှိနေသေးတဲ့ အတွက်ကြောင့် စိတ်မချရဘူးလို့ ပြောတာပါ။
အန္တရယ် ရှိတဲ့ မီး လိုပေါ့။ မီးလောင်နိုင်တဲ့ အရာဆိုလို့ရှိရင် သတိထားပြီး နေရပါတယ်။
ဂတ်စ် အိုးကြီး အနားမှာ ထားလို့ရှိရင် မီးသတိပြုနေရမယ်။ မီးထတောက်နိုင်တယ်။
သာမန်ပုထုဇဉ်တွေရဲ့သန္တာန်မှာ...
" အနုသယ"ဆိုတဲ့ ကိလေသာတွေ မကင်းသေးလို့ရှိရင် တော့ ..
"အပါယ်တံခါး"ပိတ်ပြီ လို့ ပြောဖို့ တော်တော် ခဲယဉ်းပါတယ်။
ကိလေသာတွေ ရှိနေသေးသမျှ ကံတရားတွေက အကျိုးပေးနေတော့မှာပါပဲ။
ကိလေသာ ကို အကြောင်းပြုပြီးတော့ အကုသိုလ်ကံတွေ မိမိသန္တာန်မှာ စုမိပြီး ၊
အဲဒီ အကုသိုလ်တွေက အကျိုးပေးတာ ဖြစ်တဲ့အတွက်ကြောင့် ...
အပါယ်တံခါးဟာ ပွင့်နေတယ်လို့ ပြောရတာပဲဖြစ်ပါတယ်။
ဒါဆိုရင်..
အပါယ်တံခါးပိတ်ချင်ရင် ဘယ်လိုလုပ်ရမှာလဲ၊
အပါယ်တံခါးပိတ်ဖို့အတွက် ဘာလုပ်ရမလဲ၊
အပါယ်တံခါး ကို ဘာနဲ့ မှပိတ်လို့ရသလဲ..ဆိုတော့..
ဓမ္မမိတ်ဆွေတို့ က..
ကုသိုလ်ကောင်းမှုတွေ လုပ်ပြီး အပါယ်ကလွတ်သွားတဲ့ ..ပုဂ္ဂိုလ်တွေ မရှိနိုင်ဘူးလား ဆိုပြီးမေးစရာရှိပါတယ်။
ဆိုကြပါစို့ ..
ဒါနကောင်းမှုလုပ်တယ်၊
သီလဆောက်တည်တယ်၊
ကမ္မဋ္ဌာန်းဘာဝနာ ပွားများအားထုတ်တယ်၊
ဒါပေမဲ့..
အရိယာထဲမှာ အနိမ်ဆုံးဖြစ်တဲ့ သောတာပန်ဆိုတဲ့ အဆင့်တောင်မရောက်နိုင်ဘူး။
သို့သော်...
အဲဒီ ပုဂ္ဂိုလ် အပါယ်မလွတ်နိုင်ဘူးလား ဆိုတော့...
လွတ်နိုင်ပါတယ်၊ ဒါပေမဲ့...အာမခံချက်တော့မရှိပါဘူး၊
" အပဋ္ဌာန်ပါဠိတော် "မှာဆိုရင်...
အမျိုးကောင်းသားတစ်ယောက်ဟာ...
ဘုရားတစ်ဆူကို ပန်းပွင့်လေး တစ်ပွင့် လှူလိုက်တာနဲ့ ( ၉၁) ကမ္ဘာ အပါယ်မလားဘဲနဲ့ နောက်ဆုံးကျတော့...
အဲဒီ ပန်းလှူတဲ့ ကုသိုလ်ကို အကြောင်းပြုပြီး ရဟန္တာဖြစ်ပြီးတော့ ပရိနိဗ္ဗာန်စံသွားတယ်။
( ၉၁ )ကမ္ဘာ အပါယ်မကျခဲ့ဘူးဆိုတဲ့ ဝတ္ထုတွေ ရှိပါတယ်။
ဒါက အာမခံချက် ရှိလို့ပြောတာ မဟုတ်ပါဘူး။
အပါယ်တံခါးတော့ ပွင့်နေသေးတယ်။ အပါယ်တံခါးပွင့်နေတိုင်းတော့ ...
အပါယ် ကျတာမှ မဟုတ်ပါဘူး။
တံခါးပွင့်နေတိုင်း ဒီတံခါးပေါက်က ထွက်တာမှ မဟုတ်တာ။
တံခါးကတော့ ပွင့်ချင်ပွင့်နေမှာပဲ။
ဒါပေမဲ့..
တံခါးထဲ မဝင်လို့ရှိရင်တော့ မရောက်ဘူးပေါ့။
ကုသိုလ်ကောင်းမှု လုပ်နေတဲ့ ပုဂ္ဂိုလ်တွေဟာ..
သာမန်ကုသိုလ်တွေနဲ့ အပါယ်တံခါးပိတ်တယ်လို့ ပြောလို့မရဘူး။ အာမခံချက် မရှိပါဘူး။
သို့သော်...
အပါယ်ကို ကျမှာလားလို့ မေးရင်...
ကျချင်မှကျမှာ ပေါ့။
ဘယ်သူက ဆွဲတင်ပေးတုန်းဆိုရင် ...
ကုသိုလ်ကံတွေက ဆွဲတင်ပေးနေမှာပါ။
ဒါလည်း အင်မတန် အခြေအနေကောင်းမှပါ၊
အခြေအနေ မကောင်းရင်တော့.. မရပါဘူး။
ခုနက ပန်းလေးတစ်ပွင့် လှူတာနဲ့ ( ၉၁ ) ကမ္ဘာ အပါယ်မလားဘူးဆိုတာ..
ဒီပန်းလေး တစ်ပွင့်ဆိုတဲ့ ကုသိုလ်ကောင်းမှုက နေပြီးတော့ ..
ကယ်သွားတာလားဆိုရင်..
ဒီလို တွက်လို့ မရဘူး။
ဘယ်လိုယူရမတုံးဆိုရင် ဘုရားကို ရည်စူးပြီး ...
ပန်းလေးတစ်ပွင့် လှူတာကို အကြောင်းပြုပြီးတော့..
ကောင်းတဲ့ ဘုံဘဝ ရောက်သွားတယ်။
ကောင်းတဲ့ဘုံဘဝ ရောက်တဲ့အခါမှာလည်း..
ကုသိုလ်တွေ ဆက်လုပ်နေတယ်။
နောင်ဘဝတွေမှာ လည်း ...
ကုသိုလ်တွေ ဆက်ဆက်ပြီးလုပ်တယ်။
ကုသိုလ်တွေ ဆက်ဆက် လုပ်သွားလို့ ...
အပါယ်မကျတာ။
ဒီဘဝမှာ ပန်းလေးတစ်ပွင့် လှူထားတယ်၊
ကောင်းတဲ့ဘုံဘဝ ရောက်သွားတယ်၊
မေ့မေ့လျော့လျော့ နေပြီးတော့.
အကုသိုလ်တွေ လုပ်မယ်ဆိုရင် အပါယ် ကျမှာပဲလေ။
ပန်းလေးတစ်ပွင့်လှူတာနဲ့ ..
ဒီ ကုသိုလ်ကနေ ကယ်သွားတယ်ဆိုတာက ..
ဒီကုသိုလ်ရဲ့ စွမ်းရည်သတ္တိကို ဖော်ပြချင်တဲ့ အတွက်ပါ။
တကယ်အဓိပ္ပါယ်ယူရမှာက..
ပန်းလေးတစ်ပွင့်လှူလိုက်လို့ ကောင်းတဲ့ဘုံဘဝ ရောက်သွားတယ်။
အဲဒီ ကောင်းတဲ့ဘုံဘဝ ရောက်တဲ့အခါ ကုသိုလ်တွေ ဆက်ပြီးလုပ်တယ်။
ကုသိုလ်တွေ ဆက်လုပ်တဲ့အတွက်ကြောင့် ကောင်းတဲ့ဘုံက ကောင်းတဲ့ဘုံကို ရောက်ပြီးတော့...
နောက်ဆုံးမှာ ဘုရားနဲ့တွေ့လို့ ရဟန္တာဖြစ်ပြီး ပရိနိဗ္ဗာန်စံတာပါပဲ။
အဲဒီ အဓိပ္ပါယ်မျိုးကို ဆိုလိုတာပါ။
ဒါကြောင့်မို့လို့ ...
ကုသိုလ်ကံတွေဆိုတာ အားကိုးထိုက်ပါတယ်။
ဒါပေမဲ့..
အပါယ်တံခါးပိတ်သလား ဆိုတော့..
အပါယ်တံခါးပိတ်တယ်ဆိုတာ...
နိဗ္ဗာန်တံခါးဖွင့်နိုင်မှ အပါယ်တံခါးပိတ်မှာ ဖြစ်ပါတယ်။
နိဗ္ဗာန်တံခါး ဖွင့်ချင်ရင်၊ နိဗ္ဗာန်တံခါးကို ပွင့်စေချင်ရင်တော့..
" ဝိပဿနာ " ဆိုတဲ့ သော့ နဲ့ ပဲ ဖွင့်လို့ရမှာပဲဖြစ်ပါတယ်။
နိဗ္ဗာန် ကို " ဝိပဿနာ "နဲ့ ပဲ သွားရမယ်။
ဝိပဿနာကျင့်စဉ် မကျင့်ဘဲနဲ့ နိဗ္ဗာန်တံခါး ဖွင့်တယ်ဆိုတာ လောကမှာ မရှိပါဘူး။
ဝိပဿနာ ကျင့်ကြံအားထုတ်တဲ့အတွက်..
လောကုတ္တရာ မှာ မဂ်ဖိုလ်နိဗ္ဗာန် မျက်မှောက်ပြုရန်အတွက် အကျိုးပေးရုံတင်မဟုတ်ဘဲ ...
လောကီ၊လောကုတ္တရာ နှစ်ဖြာစလုံးအတွက်
ဝိပဿနာ အားထုတ်တဲ့ အတွက်ကြောင့် ခံစား၊ စံစားရမည့်အကျိုးခုနစ်မျိုးကို
ပြဆိုထားတဲ့ ပါဠိတော်များလည်း ရှိပါတယ်။
"ဧကာယနော အယံ ဘိက္ခဝေ မဂ္ဂေါ သတ္တာနံ ဝိသုဒ္ဓိယာ
သောကပရိဒေဝါနံ သမတိက္ကမာယ ဒုက္ခဒေါမနဿာနံ
အတ္ထင်္ဂမာယ ဉာယဿ အဓိဂမာယ နိဗ္ဗာနဿ သစ္ဆိကိရိယာယ
ယဒိဒံ စတ္တာရော သတိပဋ္ဌာနာ။ "(သုတ်၊ မဟာဝါ)
ဒီပါဠိတော်က သတိပဋ္ဌာန်အကျိုး(တနည်း)
ဝိပဿနာအကျိုး ခုနစ်မျိုးကို ပြဆိုထားတဲ့ ပါဠိတော်များ ဖြစ်ပါတယ်။
အဲဒီအကျိုးတရား(၇)ပါးက ဘာတွေလဲလို့ဆိုတော့...
( ၁ ) သတ္တာနံဝိသုဒ္ဓိယာ
ကိလေသာစင်ကြယ်စေခြင်း လို့ အဓိပ္ပါယ်ရပါတယ်။
သတ္တဝါတို့အား ကိလေသာမှ စင်ကြယ်စေခြင်းဆိုတဲ့ အချက်မှာ ဝိပဿနာ တရားအားထုတ်နေတဲ့အချိန်ကို ပြန်ပြီးကြည့်လိုက်ပါ။
တရားရှုမှတ်နေတဲ့အခိုက်မှာ လောဘ၊ ဒေါသ ၊ မောဟ စတဲ့ ကိလေသာတွေ စင်ကြယ်နေတာကို သတိထားမိနိုင်ပါတယ်။
တရားရှုမှတ်နေခိုက်မှာ ခန္ဓာကိုယ်ရဲ့ မမြဲတဲ့ သဘော၊ ဆင်းရဲတဲ့သဘော၊
အစိုးမရ အလိုမလိုက် အနှစ်သာရမရှိတဲ့ သဘောတွေကို မြင်တွေ့ နေရတော့
လိုချင်မှု လောဘ ကိလေသာတွေ၊ မကျေနပ်တဲ့ ဒေါသ ကိလေသာတွေ၊
မိုက်မဲတွေဝေမှုဆိုတဲ့ မောဟ ကိလေသာတွေ ကင်းစင်နေတာကို ပေါ်ပေါ်လွင်လွင်ထင်ထင်ရှားရှား သတိထားမိနိုင်ပါတယ်။
ဒါကတော့ လက်တွေ တရားရှုမှတ်နေခိုက် ခဏတာ မှာ ကိလေသာတွေစင်ကြယ်နေခြင်းသာပဲ ဖြစ်ပါတယ်။
မဂ်ဉာဏ် ဖိုလ်ဉာဏ်တွေ အပြီးအပိုင် ရသွားပြီဆိုရင်တော့...
အရိယာအလိုက် ဆိုင်ရာ ကိလေသာတွေ လည်း အပြီးအပိုင်ကင်းစင်းသွားမှာဖြစ်ပါတယ်။
ဒါကြောင့် ဝိပဿနာ တရားရှုမှတ်ခြင်းကြောင့် ကိလေသာ တွေ စင်ကြယ်ခြင်းဆိုတဲ့ အကျိုးတရားကို ရနိုင်ပါတယ်လို့ ဆိုလိုခြင်းဖြစ်ပါတယ်။
( ၂ ) သောကာနံ သမတိက္ကမာယ
စိုးရိမ်ပူဆွေးရတဲ့ သောက များမှ လွန်မြောက်စေခြင်း လို့ အဓိပ္ပါယ်ရပါတယ်။
စိုးရိမ်ပူဆွေးရတဲ့ သောကတရားတို့မှလွန်မြောက်ခြင်း ဆိုတဲ့ အချက်ဟာ...
အားလုံးသော ပုဂ္ဂိုလ်များအနေနဲ့ သားရေး သမီးရေး စီးပွားရေး အိမ်ထောင်ရေး စတဲ့
အရေးကိစ္စတွေကြောင့် စိုးရိမ်ပူဆွေးမှုဆိုတဲ့
သောက တရားတွေ အနည်းနဲ့ အများဆိုသလို ရှိနေတတ်ကြပါတယ်။
အဲဒီသောက တရားတွေဖြစ်လာတဲ့အခါ မှာ မဖြစ်အောင် ငြိမ်းပျောက်အောင် ပယ်ဖျောက်ပေးနိုင်တာ...
ဒီ ဝိပဿနာ အလုပ်ပဲရှိပါတယ်။
ဝိပဿနာ အလုပ်တရားကို ပွားများအားထုတ်ထားရင်တော့..
အချိန်အခါမရွေး ဖြစ်ပေါ်လာနိုင်တဲ့ သောက တရားတွေကို ပယ်ဖျောက်နိုင်ပါတယ်။ သောက တရားရဲ့ ဒဏ်ကို ခံနိုင်ရည်ရှိတယ်လို့ ဆိုလိုခြင်းဖြစ်ပါတယ်။
( ၃) ပရိဒေဝါနံသမတိက္ကမာယ
ငိုကြွေးမြည်တမ်း ပင်ပန်းခြင်းမှ လွန်မြောက်စေခြင်း၊
ငိုကြွေးမြည်တမ်း ပင်ပန်းခြင်းမှလွတ်မြောက်စေနိုင်ခြင်း၊
သားဆိုးသမီးဆိုးများကြောင့် ငိုကြွေးပင်ပန်းရခြင်း၊
ညာတိဗျသန ဘေးဆိုတဲ့ ဆွေမျိုးတွေ သေကြေပျက်စီးလို့ ငိုကြွေးမြည်တမ်းပင်ပန်းရခြင်း၊
ဘောဂဗျသန ဘေးဆိုတဲ့ စည်းစိမ်ဥစ္စာများ ပျက်စီးဆုံးရှုံးရခြင်းကြောင့် ..
ငိုကြွေးမြည်တမ်းပင်ပန်းရခြင်းဆိုတဲ့ အဆိုးတရားများ လူတိုင်းကိုယ်စီရှိနေကြပါလိမ့်မယ်။
အဲဒီတရားတွေ ဖြစ်လာတဲ့အခါ...
ဒီတရားတွေက လွန်မြောက်စေနိုင်တာ
ဝိပဿနာအလုပ်ပဲ ဖြစ်ပါတယ်။
ဝိပဿနာအလုပ်ကို လုပ်ထားတဲ့သူများဟာ အဲဒီဆိုကျိုးတရားတွေ ကြုံ တွေ့လာခဲ့ရင်လည်း အဲဒီ တရားတွေ အပေါ်မှာ မှန်ကန်တဲ့ နှလုံးသွင်း တတ်တာကြောင့်...
အဲဒီဆိုးကျိုး တရားတွေကနေ လွန်မြောက်နိုင်စေပါတယ်လို့ ဆိုလိုခြင်းဖြစ်ပါတယ်။
( ၄ ) ဒုက္ခဒေါမနဿာနံ အတ္ထင်္ဂမာယ
ကိုယ်ဆင်းရဲမှုများမှ လွန်မြောက်စေခြင်းလို့ အဓိပ္ပါယ်ရပါတယ်
ဘေးအန္တရာယ် အမျိုးမျိုးကြောင့် သော်လည်းကောင်း၊ အနာရောဂါတွေကြောင့်သော် လည်းကောင်း ကိုယ်ဆင်းရဲမှုတွေကို လည်း လူတိုင်း လူတိုင်းကြုံတွေ့နေကြရပါတယ်။
အဲဒီလို ကိုယ်ဆင်းရဲမှုတွေကိုလည်း ဝိပဿနာတရား က လွန်မြောက်နိုင်ပါတယ်။
တစ်ချို့ ကြားဖူးကြပါလိမ့်မယ်။
ကင်ဆာရောဂါ သွေးတိုးရောဂါခံစားနေရသူတွေ တရားအားထုတ်လိုက်တာ
ရောဂါများပျောက်ကင်းသွားတယ်လို့ ဖတ်ဖူး မှတ်ဖူးကြမယ်လို့ထင်ပါတယ်။
ကုသလို့မပျောက်ကင်းနိုင်တဲ့ ရောဂါဝေဒနာရှင်တွေ နောက်ဆုံးအဆင့်အနေနဲ့
တရားအားထုတ်လိုက်လို့ ရောဂါတွေ သက်သာပျောက်ကင်းပြီး ကျန်းမာချမ်းစွာနဲ့ အသက်ရှင်နေလျက်ရှိပါတယ်ဆိုတဲ့ သတင်းတွေကို လည်းကြားဖူးပါလိမ့်မယ်။
မြတ်စွာဘုရားရှင်ဟောကြားတော်မူခဲ့တဲ့
ဝိပဿနာတရား သတိပဋ္ဌာန်တရားဟာ
အဲဒီလို ကိုယ်ဆင်းရဲမှုဆိုတဲ့ ကာယိကဒုက္ခမှလည်းလွန်မြောက်စေနိုင်ပါတယ်။
( ၅ ) ဒုက္ခဒေါမနဿာနံအတ္ထင်္ဂမာယ
စိတ်ဆင်းရဲမှုများမှ လွန်မြောက်စေခြင်းဖြစ်ပါတယ်။
တစ်ခါတစ်ရံမှာ အကြောင်းအမျိုးမျိုးကြောင့် စိတ်မသက်သာမှုတွေ၊ စိတ်ဆင်းရဲမှုတွေ လူတိုင်းလိုလိုကြုံတွေ့နေရတာရှိပါတယ်။
အဲဒီလို စိတ်ဆင်းရဲမှုများမှလည်း
ဝိပဿနာ တရားကလွန်မြောက်နိုင်တယ်လို့ ဟောတော်မူခြင်းဖြစ်ပါတယ်။
( ၆ ) ဉာယဿ အဓိဂမာယ
မဂ်ဉာဏ် ဖိုလ်ဉာဏ်များကို ရရှိစေခြင်း အဓိပ္ပါယ်ပါ။
ဝိပဿနာ သတိပဋ္ဌာန်တရားပွားများမှုရဲ့ 
အမြတ်ဆုံး အထွက်အထိပ်အကျိုးပါပဲ။
သတိပဋ္ဌာန်အလုပ် ဝိပဿာနာအလုပ်ဟာ ဘာဖြစ်အောင် အားထုတ်တာလဲဆိုတော့ မဂ်ချမ်းသာ၊ ဖိုလ်ချမ်းသာတွေရရှိအောင်
အားထုတ်ကြတာပါ။
အဲဒီ မဂ်ချမ်းသာ ဖိုလ်ချမ်းသာတွေ ရရှိအောင် ဝိပဿနာအလုပ်ကိုလုပ်ပါမှရနိုင်ခြင်းဖြစ်ပါတယ်။
ဝိပဿနာအလုပ်ကို လုပ်မယ်ဆိုရင် မဂ်ချမ်းသာ ဖိုလ်ချမ်းသာများကိုရရှိနိုင်တယ်လို့ဆိုလိုခြင်းဖြစ် ပါတယ်။
(၇ ) နိဗ္ဗာနဿ သစ္ဆိကိရိယာယ
နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်ခြင်း။
ဒါကနောက်ဆုံးအကျိုးတရားဖြစ်ပါတယ်။
နိဗ္ဗာန်ချမ်းသာဆိုတာ ဗုဒ္ဓဘာသာတိုင်းလိုလားတောင့်တနေတဲ့ အရာပါပဲ။
နိဗ္ဗာန်ကိုမျက်မှောက်ပြုရင် ဒုက္ခအားလုံးမှ လွတ်ငြိမ်းသွားပါပြီ။
နိဗ္ဗာန်ချမ်းသာကိုရစေနိုင် ရောက်စေနိုင်တာကတော့...
ဝိပဿနာအလုပ်တစ်ခုပဲရှိပါတယ်။
ကျန်တဲ့ ဒါန သီလ သမထကုသိုလ်တွေ က
အထောက်အပံ့ပေးနိုင်ရုံသာ ပေးနိုင်တာပါ။
နိဗ္ဗာန်ကိုတိုက်ရိုက်မရောက်နိုင်ပါဘူး။
နိဗ္ဗာန်သွားရာလမ်း ကြောင်းမှာလည်း ..
ဒါန သီလ သမထ ကုသိုလ်များရှိရပါမယ်။ တိုက်ရိုက်မပို့ဆောင်နိုင်ပေမဲ့ ရောက်အောင် ရအောင် အထောက်အပံ့ တွေ လောက်တော့ပေးနိုင်ပါတယ်။
ဒါ့ကြောင့်..
နိဗ္ဗာန်ကို မျက်မှောက်ပြုစေနိုင်တဲ့ ကုသိုလ်ဟာ ဝိပဿနာကုသိုလ်ပဲဖြစ်ပါတယ်။
အားထုတ်ပုံ အားထုတ်နည်းတွေနဲ့  ပတ်သက်လို့ တစ်ခြား စာမျက်နှာတွေမှာလည်းရေးသားခဲ့ဖူးတဲ့အတွက် ထပ်မံ မဖေါ်ပြတောပါဘူး။
ဒါပေမဲ့..
ရှုမှတ်တဲ့အခါမှာ..
ဓမ္မမိတ်ဆွေ တို့ အနေနဲ့ ..
ရုပ်ကိုပဲရှုရှု၊ နာမ် ကိုပဲ ရှုရှု၊ ကိုယ်နှစ်သက်ရာ အဆင်ပြေရာ ကမ္မဌာန်းကို ရှုမှတ်ပွားများ အားထုတ်လို့ ရပါတယ်။ ညောင်းရင် ပြင်ဖို့ အကြံ ပြုပါတယ်။
မပြင်ရဘူးလို့ မြတ်စွာဘုရား မိန့် ကြားချက်အထဲမှာ မပါပါဘူး။
ဒီလိုပဲ တစ်နေ့ နည်းနည်း၊ နည်းနည်း အားထုတ်လာရင်း နဲ့ ဓမ္မမိတ်ဆွေတို့ရဲ့ ကျင့်ကြံအားထုတ်မှု တိုးတက်လာ ကို တဖြည်းဖြည်း တွေ့ လာပါလိမ့်မယ်။
မအားမလပ်တဲ့ကြားကပဲ..
( ၅ ) မိနစ်ပဲရရ၊( ၁ဝ ) မိနစ် ပဲ ရရ..
“ ခဏလောက်ပဲ ဖြစ်ဖြစ်..အားထုတ်ကြည့်ကြစမ်းပါ ”လို့  နှိုးဆော်ပါတယ်။
အားထုတ်ရင် အားထုတ်သလောက်...
အကျိုးခံစားကြရမှာပါလို့ ..အသိပေးရင်..
ဤ ဓမ္မဒါန စာစု ကို ကုသိုလ်ပြု မျှဝေလိုက်ပါတယ်။
( ခန္ဓာ၅ပါး- တစ်ဦး )
•••••••••••••••••••••••••••••••••••••••
လက်ကိုင်ဖုန်း ဖြင့် စာစီရခြင်းဖြစ်သည့်အတွက် သတ်ပုံမှားယွင်းမှုများ တွေ့ ရှိပါက
သည်းခံခွင့်လွှတ်ပြီး ပြင်ဆင်ဖတ်ရှုပေးပါရန် မေတ္တာရပ်ခံပါသည်။
ကိုးကား..
ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး
အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ဒေါက်တာနန္ဒမာလာဘိ - ဟောကြားတော်မူသော
နိဗ္ဗာန်တံခါးဖွင့်နိုင်မှ အပါယ်တံခါးပိတ်မည် တရားဒေသနာတော် နှင့်
" ဝိပဿနာ အကျိုး ( ၇ )မျိုး”
အရှင်ဝိမလဝံသ( နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ) တို့ မှ ကောက်နှုတ်ပူဇော်ပါသည်။
No comments:
Post a Comment