☞ ပြုလုပ်ဆဲ စေတနာ ၊ ပြီးတာကံဟုမှတ်။ ☜
=====================================
❖ လူတွေဟာ ဘာပဲလုပ်လုပ်
စေတနာနဲ့လုပ်တတ်ကြပါတယ်။
စိတ်ရင်း မကောင်းတဲ့သူဟာ
သူ့စိတ်ဆိုးက စေ့ဆော်တဲ့အတိုင်း
စေတနာဆိုးနဲ့လုပ်ပါတယ်။
စိတ်ရင်းစေတနာကောင်းပြီး ကံကံ၏အကျိုးကို
ယုံကြည့်တဲ့သူတွေကတော့ စေတနာကောင်းနဲ့
အလုပ်လုပ်လေ့ရှိကြပါတယ်။
❖ ကိုယ့်စေတနာ ကိုယ်အကျိုးပေးတယ်ဆိုတဲ့
စကားအတိုင်း စေတနာဆိုးနဲ့ လုပ်လိုက်လို့
အလုပ်တစ်ခု ပြီးမြောက်သွားတယ်ဆိုရင်
အဲဒီလူအတွက် ကံဆိုးတစ်ခုရသွားတာပါပဲ။
မကောင်းကျိုးပေးနိုင်တဲ့ကံကို ရသွားတာပါပဲ။
အဲဒီလိုပဲ စိတ်ရင်းကောင်းတဲ့သူ
အလုပ်တစ်ခု ပြီးမြောက်သွားတဲ့အခါမှာ
ကံကောင်းတစ်ခု ပြီးမြောက်သွားပါတယ်။
အဲဒီကံက အကျိုးပေးကောင်းတွေ ပေးတော့မှာပါပဲ။
❖ ဘ၀မှာ ကံဆိုးအမျိုးမျိုးကိုတွေ့တတ်ကြပါတယ်။
ကံဆိုးနေတဲ့အချိန်မှာ မိမိကိုယ်ကို
မဆောက်တည်နိုင်တဲ့ သူတွေကတော့
အမှား ပိုလုပ်တတ်ကြပါတယ်။
အသိဥာဏ်နဲ့မယှဉ်နိုင်ဖြစ်တတ်ကြတယ်။
သူကံဆိုးတာဟာ ဘယ်သူ့ကြောင့်
ဘယ်ဝါ့ကြောင့် ဆိုပြီးသူတစ်ပါးကို
အပြစ်ပုံချတတ်ကြပါတယ်။ အမှန်တကယ်တော့
သူတစ်ပါးက မိမိကို
မကောင်းကြံတယ်ဆိုရင်တောင်မှ မိမိဘက်က
ချို့ယွင်းချက်ရှိနေလို့ပါပဲ။ အဲဒီလို့ မတွေးနိုင်ပဲ
သူတစ်ပါးရဲ့အပြစ်ကိုသာ ကြည့်ပြီး
လက်တုံ့ပြန်မယ်ဆိုရင် အမှားတစ်ခုထပ်တိုးပြီး
ကံဆိုးသံသရာက ရှည်နေတော့မှာပါ။
❖ မိမိရဲ့ ကံအဆိုးတွေ ပိုမိုဆိုးမသွားအောင်
ဘုရားတရားသံဃာ ရတနာသုံးပါရဲ့
အဆုံးအမနဲ့အညီ နေထိုင်မယ်လို့
စိတ်ကိုဖြောင့်ဖြောင့်ထားကာ စေတနာမှန်နဲ့
နေထိုင်လုပ်ကိုင်ရမှာဖြစ်ပါတယ်။
❖ ကံဆိုးအကျိုးပေးတဲ့အချိန်မှာတောင်မှ
မိမိကိုယ်ကို ဆောက်တည်ပြီး
ကံဆိုးတွေ သိပ်မပြင်းထန်အောင်
ကြိုးစားနိုင်သေးတယ်ဆိုရင်
ကံကောင်းတဲ့သူများလည်း ကံပိုပြီး
ကောင်းလာအောင် ကြိုးစားဖို့သင့်ပါတယ်။
❖ လာဇာဒေ၀ဓီတာ ပေါက်ပေါက်နတ်သမီးကလေး
ဆိုတဲ့ နတ်သမီးကလေးတစ်ယောက်ရဲ့
အကြောင်း ကိုကြည့်ရအောင်...
❖ သူဟာမူလက အလွန်ဆင်းရဲတဲ့
လယ်သူမကလေးဖြစ်ပါတယ်။
အရှင်မဟာကဿပ ရဟန္တာအရှင်မြတ်ကြီးဟာ
နိရောဓ သမာပတ်က ထတော်မူတဲ့အခါ
ချီးမြှင့်သင့်တဲ့သူကို ဆင်ခြင်ပြီး
အဲဒီသူဆင်းရဲမကလေးထံက ပေါက်ပေါက်များကို
အလှူခံခဲ့ပါတယ်။ ပေါက်ပေါက်များကိုလှူပြီး
ဒါနအပေါ်မှာ ပီတိဖြစ်ပြီး အိမ်ကိုအပြန် လမ်းမှာ
မြွေကိုက်ပြီးသူဆင်းရဲမကလေး သေရှာပါတယ်။
သေလျှင်သေချင်း သူ့ကုသိုလ်အဟုန်ကြောင့်
နတ်သမီးဖြစ်သွားပါတယ်။
❖ လာဇာဒေ၀ဓီတာ အမည်နဲ့ နတ်သမီးဖြစ်လာတဲ့
သူဆင်းရဲမကလေးက သူအဖြစ်ကို
သူချက်ချင်းဆင်ခြင်ပါတယ်။ အဲဒီအချိန်မှာ
သူ့အလောင်းဟာ လယ်ကန်သင်းရိုးပေါ်မှာပဲ
ရှိနေပါသေးတယ်။ နတ်သမီးကလေးက
သူ့ကုသိုလ်ဟာ အလွန်နည်းပါးပါကလား၊
နတ်သမီးဘ၀မျာ မေ့လျော့ ခံစားနေခဲ့ရင်
တစ်နေ့မှာ ကုသိုလ်ကံအဟုန် ကုန်သွားလိမ့်မယ်။
ကုသိုလ်အမှုများကို ထပ်ပြုဦးမှ တော်မယ်ဆိုပြီး
ကုသိုလ်အမှုများ ထပ်ပြီးပြုတဲ့အတွက်
သောတာပန်တည်သွားခဲ့ပါတယ်။
❖ အဲဒီအဖြစ်ကလေးဟာ ကံကောင်းနေတဲ့သူများ
သတိထားဖို့သင့်တဲ့အချက်ပါ။
ကုသိုလ်ကံကောင်းဆိုတာ
မျိုးစေ့ကောင်းနဲ့တူပါတယ်။
မျိုးစေ့ကောင်းကို လက်ဝယ်ပိုင်ပိုင်ရထားတဲ့
သူများက ပိုပြီးသတိထားရပါမယ်။
ကုသိုလ်မျိုးစေ့ကောင်းပါလျက်နဲ့
ကောင်းစွာစိုက်ပျိုးခြင်း မရှိခဲ့ရင်
မျိုးစေ့ သုဉ်းသွားနိုင်ပါတယ်။ အဲသည်လိုပါပဲ
မိမိရဲ့အတိတ်ကံက ကောင်းနေရုံသာမက
အခုအချိန်မှာလည်း ကောင်းတဲ့အမှုများကိုလုပ်ပြီး
ကောင်းမှုဆက်နေတဲ့သူဖြစ်ခဲ့ရင်
ကံအကျိုးပေးပုံက ရှင်သန်နေမှာဖြစ်ပါတယ်။
✿ (ယောဆရာတော်) ✿
❖ ဘ၀တုသဗ္ဗမင်္ဂလံ။
ဓမ္မဒါနကုသိုလ်အဖြစ်မျှဝေ ပူဇော်ပါသည်။
#credit_ Win Soe
★ _/\\_ သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊_/\\_ ★
ⓢⓗⓐⓡⓔ
သတ္တဝါမှန်သ၍တရားတွေ့ချမ်းမြေ့ကြပါစေ
No comments:
Post a Comment